News

POST TYPE

NEWS

ဇွန် ၈ တွင် ဗြိတိန်ရွေးကောက်ပွဲ စောကျင်းပရန် ပါလီမန်အတည်ပြု
19-Apr-2017 tagged as ဗြိတိန်


လန်ဒန်၊ ဧပြီ ၁၉ 

လာမည့် ဇွန်လ ၈ ရက်နေ့တွင် ဗြိတိန် အထွေထွေ ရွေးကောက်ပွဲများ အချိန်စော ကျင်းပမည့် ဝန်ကြီးချုပ် ထရေဆာမေ၏ အစီအစဉ်ကို ပါလီမန်လွှတ်တော်က အတည်ပြုလိုက်ကြောင်း CNN သတင်းက ဖော်ပြသည်။

ကွန်ဆာဗေးတစ် အစိုးရ၏ ငါးနှစ်သက်တမ်း တစ်ဝက်ပင် မပြည့်သေးမီ ရွေးကောက်ပွဲ စောကျင်းပလိုကြောင်း ဧပြီလ ၁၈ ရက်နေ့တွင် မေက ရုတ်တရက် ကြေညာခဲ့ခြင်းဖြစ်သည်။ ဥရောပ သမဂ္ဂမှ နုတ်ထွက်မည့် ဘရိတ်ဇစ် သမိုင်းဝင် အပြောင်းအလဲကို ဦးဆောင်ရန် အားကောင်းသည့် အစိုးရသစ်တစ်ရပ် ပြန်လည် ဖွဲ့စည်းနိုင်ရေး ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။

မေ တင်သွင်းသော အဆိုကို လွှတ်တော်တွင်း ဆွေးနွေးခဲ့ကြပြီးနောက် အမတ် ၆၅၀ တွင် ၅၂၂ ဦးက ထောက်ခံခဲ့ကြရာ အတည်ပြုရန် လိုအပ်သော အမတ် သုံးပုံ နှစ်ပုံထက် ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ ၁၃ ဦးက ကန့်ကွက်မဲ ပေးခဲ့ကြသည်။

ဥရောပ သမဂ္ဂမှ ခွဲထွက်ရန် သင့်၊ မသင့် ဆန္ဒခံယူရာတွင် ခွဲရေးဘက်က နိုင်သွားပြီးနောက် ကွန်ဆာဗေးတစ် ပါတီခေါင်းဆောင်နေရာနှင့် ဝန်ကြီးချုပ်နေရာမှ နုတ်ထွက်သွားသော ဒေးဗစ်ကင်မရွန် နေရာ အစားဝင်ခဲ့ရသော မေသည် အစောပိုင်းတွင် ရွေးကောက်ပွဲ စောကျင်းပမည် မဟုတ်ဟု ထပ်တလဲလဲပြောကြားခဲ့သည်။ ယခုအခါတွင်မူ ရုတ်တရက် သဘောထား ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မေ ဦးဆောင်နေသော ကွန်ဆာဗေးတစ်ပါတီသည် အရပ်သား လွှတ်တော် (အောက်လွှတ်တော်) တွင် လူများစုဖြစ်ရုံ (အမတ်နေရာ ထက်ဝက်ကျော်ရုံ) မျှသာရှိရာ ဘရိတ်ဇစ်လုပ်ငန်းစဉ် ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် အမတ်နေရာ ပိုမိုရရှိရန် မျှော်လင့်ပြီး ရွေးကောက်ပွဲသစ် ကျင်းပရန် စီစဉ်လာခဲ့ခြင်းဖြစ်သည်။

စစ်တမ်းများအရ အဓိက အတိုက်အခံ လေဘာပါတီအပေါ် လူထုထောက်ခံမှု စံချိန်တင် ကျဆင်းနေချိန်တွင် ယခုကဲ့သို့ ရွေးကောက်ပွဲ စောကျင်းပရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ယခုဆုံးဖြတ်ချက်ကြောင့် ဥရောပ နိုင်ငံရေးမှာ မရေမရာ ပိုဖြစ်လာခဲ့ရပြီး အင်အား အကြီးဆုံး နိုင်ငံကြီး သုံးခုဖြစ်သော ဗြိတိန်၊ ဂျာမနီ၊ ပြင်သစ် သုံးနိုင်ငံစလုံး ယခုနှစ်အတွင်း ရွေးကောက်ပွဲ ကာလကို ဖြတ်သန်းရတော့မည်ဖြစ်သည်။

အချိန်စောကျင်းပခြင်းကြောင့် အစိုးရ အပြောင်းအလဲနှင့်အတူ ဘရိတ်ဇစ် (ဥရောပ သမဂ္ဂမှ ဗြိတိန်ခွဲထွက်ရေး) လုပ်ငန်းစဉ်မှာ နှောင့်နှေးမှုများ ကြုံလာရနိုင်သည်။ သို့သော်လည်း မေနှင့် ဥရောပကော်မရှင် နှစ်ဘက်စလုံးက ခွဲရေးဆွေးနွေးမှုကို ရွေးကောက်ပွဲပြီးသည်နှင့် စတင်မည်ဟု ပြောကြားထားသည်။

F-03