News

POST TYPE

NEWS

လစာ နှစ်ဆတိုးပေးရန် အခွန်ရုံးမှ ဝန်ထမ်းတစ်ရာခန့် ရွေးချယ်
19-Apr-2017 tagged as ဝန်ထမ်း

ရန်ကုန်၊ ဧပြီ ၁၉

ရန်ကုန်တိုင်းဒေသကြီးရှိ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ ဝန်ထမ်းများကို လစာနှစ်ဆတိုးပေးရာတွင် ဝန်ထမ်း အားလုံးကို တိုးပေးမည် မဟုတ်ဘဲ အဂတိ လိုက်စားမှု သုညအဆင့်ရှိသည့် ဌာနခွဲမှ ဝန်ထမ်း ၁၀ဝ နီးပါးကိုသာ တိုးပေးရန် ရွေးချယ်ထားကြောင်း ပြည်တွင်း အခွန်များဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာ အခွန်ရုံးပေါင်း ၃၀ဝ ကျော်ရှိသည့်အနက် ရန်ကုန်တိုင်းတွင်ရှိသော အခွန်ဌာနခွဲမှ ဝန်ထမ်းများကို လစာနှစ်ဆ တိုးပေးရန် စီစဉ်နေပြီး ယင်းဝန်ထမ်းများ၏ အပြုအမူများကိုလည်း စောင့်ကြည့်နေမည်ဖြစ်ကြောင်း၊ ရန်ကုန်ရှိ အခွန်ဌာနခွဲသည် အခွန်ကောက်ခံငွေ စုစုပေါင်း၏ ၄၅ ရာခိုင်နှုန်းကို ရှာဖွေပေးနိုင်သည့်ဌာနဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အဲဒီဌာနက ဘီလီယံပေါင်း (ကျပ်) ၂၄၀ဝ ကျော်ကို ရှာနိုင်တယ်။ အဂတိ လိုက်စားမှု လုံးဝ မရှိဘူးလို့ ပြောလို့ရတယ်။ သူတို့ကို လစာတိုးမြှင့် ခံစားခွင့် ပြုတာကလည်း ရင်းနှီးမြှုပ်နှံမှု တစ်ခုပဲ။ ဒီလိုမျိုး ဆုကြေးတွေပေးရင် ဆုကြေးရဲ့ အဆတစ်ရာလောက် နိုင်ငံတော်က ပြန်ရမယ်။ နိုင်ငံတကာမှာလည်း ဒီစနစ်တွေ ကျင့်သုံးတယ်”ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ လစာ၏နှစ်ဆကို အချိန် အပိုင်းအခြားတစ်ခု လုပ်ပြီး ယခုနှစ်အတွင်း ပေးသွားမည်ဖြစ်ကြောင်း၊ အခြားရုံးများတွင်လည်း အဂတိ လိုက်စားမှု သုညအဆင့် ရောက်ရှိလာပါက ဆုကြေးငွေ စရိတ်များကို တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။

J-13