News

POST TYPE

NEWS

ရိဒ်ခေါဒါရ် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း
19-Apr-2017 tagged as နယ်စပ် တမူး


ကလေး၊ ဧပြီ  ၁၉ 

ချင်းပြည်နယ် ရိဒ်ခေါဒါရ်မြို့ နယ်စပ် အိန္ဒိယနိုင်ငံဘက်ခြမ်း မိဇိုရမ်ပြည်နယ်ဘက်မှ နယ်စပ်ဂိတ်ပေါက် ပိတ်ထားခြင်းကြောင့် မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်မှု ရပ်ဆိုင်းနေကြောင်း ကုန်သည်များထံမှ စုံစမ်း သိရှိရသည်။ 

ရိဒ်ခေါဒါရ်မြို့ တစ်ဖက်ကမ်း အိန္ဒိယနိုင်ငံ ဇိုခေါထာမြို့ဘက်ခြမ်းတွင် မြန်မာနိုင်ငံဘက်မှ ဝင်ရောက်လာသည့် ကုန်စည်များကို ကုန်တင်ကုန်ချ လုပ်ကိုင်သော အလုပ်သမားအဖွဲ့ နှစ်ဖွဲ့ အငြင်းပွားမှု ပြဿနာကြောင့် နယ်စပ်ကုန်သွယ်ရေးကို မိဇိုရမ်ပြည်နယ် အစိုးရအဖွဲ့မှ ဧပြီလ ၁၈ ရက်နေ့မှ စတင် ပိတ်ထားခြင်းဖြစ်ကြောင်း၊ ပိတ်ထားမှုမှာ တစ်လခန့်ကြာမည်ဖြစ်သည်ကို မိဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် တာဝန်ရှိသူများက မြန်မာကုန်သည်များထံ အကြောင်းကြားစာ ပေးပို့ထားကြောင်း တမူးနယ်စပ် ကုန်သည်များအသင်းဝင် ရိဒ်ခေါဒါရ် နယ်စပ်ကုန်သည် ဦးရှာလ်ခုပ်က ပြောကြားသည်။ 

“ကုန်စည် တင်ပို့မှုကတော့ ရပ်ဆိုင်းနေပြီ၊ ဟိုဘက်ခြမ်းကို ကုန်စည် တော်တော်များများတော့ ပို့ထားပြီးပြီ၊ ရက်ကြာရင်တော့ ဘယ်လိုဖြစ်လာမလဲဆိုတာ မခန့်မှန်းနိုင်ဘူး”ဟု ၎င်းက ရှင်းပြသည်။ 

မြန်မာနိုင်ငံ ချင်းပြည်နယ် ရိဒ်ခေါဒါရ် နယ်စပ်မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ကွမ်းသီး အများဆုံး တင်ပို့ရပြီး ဖရဲသီး၊ စီးကရက်ဘူးတို့ကို အနည်းငယ် တင်ပို့ရကြောင်း၊ အိန္ဒိယနိုင်ငံ မိဇိုရမ်ပြည်နယ်ဘက်မှ ဓာတ်မြေဩဇာကို တင်သွင်းကြောင်း၊ မီဇိုရမ်ပြည်နယ်ဘက်သို့ ကုန်ပစ္စည်း တင်ပို့၍ မရသော်လည်း ပြည်သူများ သွားလာမှုများကြောင်း ရိဒ်ခေါဒါရ် နယ်စပ်ကုန်သည်များထံမှ သိရသည်။

R-20