News

POST TYPE

NEWS

မုန်တိုင်းကြိုတင်ကာကွယ်ရေး မန်းရွှေစက်တော် ဘုရားပွဲဝင်း ဈေးဆိုင်ခန်းများ အရေးပေါ် ပြောင်းရွှေ့
16-Apr-2017 tagged as မုန်တိုင်း

မကွေး၊ ဧပြီ ၁၆

မုန်တိုင်းသတင်းကြောင့် မန်းရွှေစက်တော် ဘုရားပွဲတော်ဝင်း အတွင်းရှိ ဘုရားဖူးပြည်သူများနှင့် ဈေးဆိုင်များ၊ တဲကျောင်းများကို ယနေ့ နံနက်မှ စတင်၍ ရွှေ့ပြောင်းပေးကြရန် မင်းဘူခရိုင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး ကော်မတီက နိုးဆော်ထားကြောင်း ယင်းကော်မတီအဖွဲ့ထံမှ သိရှိရသည်။

ဆိုင်ကလုန်းမုန်တိုင်း မာရသာ(Maarutha) ကြောင့် မကွေးတိုင်းဒေသကြီးတွင် မိုးသည်းထန်နိုင်ကြောင်း ကြိုတင်သတင်းများအရ ရခိုင်ရိုးမတစ်ဝိုက်မှ ကျဆင်းလာနိုင်သည့် တောင်ကျရေများနှင့် အနိမ့်ပိုင်းကျနေသည့် ယခုရွှေစက်တော် ဘုရားပွဲတော် ကျင်းပနေသည့် ပွဲတော်ကွင်း နေရာများသည် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်ခြေ ရှိနေသည့်အတွက် ယခုလို ရုတ်တရက် စီစဉ်ရခြင်း ဖြစ်ကြောင်း ရွှေစက်တော် ဘုရားပွဲတော် ဂေါပကဥက္ကဋ္ဌလည်း ဖြစ်ပြီး မင်းဘူခရိုင် သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေးကော်မတီ အဖွဲ့ဝင်လည်းဖြစ်သူ ဦးမြင့်သိန်းက ရှင်းပြသည်။

"အခုချိန်ထိတော့ မိုးရွာလာလိုက် ရပ်သွားလိုက်ပါပဲ။ ချောင်းရေလည်း ပုံမှန်အတိုင်းပဲ။ ဒါပေမဲ့ သဘာဝဘေးကို ကြိုတင်တွက်ဆပြီး ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် ကျွန်တော်တို့ ကော်မတီ အစည်းအဝေးထိုင်ပြီးမှ ဒီကြေညာချက်ကို ထုတ်ခဲ့တာပါ။ အခုပဲ အားလုံးက ပြောင်းရွှေ့နေကြပါပြီ" ဟု ဦးမြင့်သိန်းက ပြောကြားသည်။

မင်းဘူးခရိုင် သဘာဝဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး ကော်မတီကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး၊ မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့တို့ ပူးပေါင်းကာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။

လက်ရှိအချိန်ထိ ရေမတက်သေးသော်လည်းပဲ ကြုံတွေ့လာနိုင်သည့် သဘာဝဘေးကို တွက်ဆကာ ပြောင်းကြရွှေ့ကြနှင့် ပွဲတော်ကွင်းကြီး တစ်ခုလုံး ရှုပ်ထွေးနေဆဲဖြစ်ကြာင်း၊ ပွဲတော်ကွင်းကြီးအနီးရှိ မန်းချောင်းရေ ရုတ်တရက် မလျှံနိုင်သော်လည်းပဲ မိုးသည်းထန်မှုများ ရက်ဆက်ဖြစ်ပွားလာပါက တောင်ကျရေများကြောင့် ပွဲတော်ကွင်းအတွင်းမှ ကားများထွက်မရနိုင်ပဲ အခက်အခဲများ ရှိလာနိုင်သည့်အတွက် ယခုအစီအစဉ်ကို ကြိုဆိုပါကြောင်း ပွဲတော်ကွင်းအတွင်း ပန်းချီကားများ ရေးဆွဲရောင်းချနေသူ ပန်းချီဆရာ ဦးဝင်းချို(မင်းဘူး) က မှတ်ချက်ပြုသည်။

ယခုနှစ်တွင် ရွှေစက်တော် ဘုရားပွဲတော်ပိတ်ပွဲကို မူလက မြန်မာနှစ်သစ်ကူးအပြီး နှစ်ဆန်းနှစ်ရက်နေ့ဟု သတ်မှတ်ထားသော်လည်း မုန်တိုင်းအခြေအနေအရ နှစ်ဆန်းတစ်ရက်နေ့ဖြစ်သည့် မနက်ဖြန် နံနက်တွင် ပွဲတော်ပိတ်ပွဲ ကျင်းပမည်ဟုလည်း ရွှေစက်တော် ဘုရားပွဲဂေါပကပအဖွဲ့က ကြေငြာထားသည်။

“ပွဲတော်ပိတ်ပြီးပြီ ဆိုသော်လည်းပဲ မုန်တိုင်းကြောင့် ထိခိုက်မှုမရှိခဲ့ရင် ရာသီဥတုလည်း သာယာနေမယ် ဆိုရင်တော့ မူလသတ်မှတ်ပေးထားတဲ့ ဧပြီ ၂၃ ရက်နေ့ထိ ဘုရားဖူးလာ ပြည်သူတွေကို ရောတည်းကျောင်းတွေ၊ ဈေးသည်တွေကိုပါ ဆက်လက်ရောင်းချခွင့် လာရောက်အပန်းဖြေခွင့်ပြုဖို့ အစီအစဉ်တော့ ရှိပါတယ်” ဟု ရွှေစက်တော်ဘုရားပွဲ ဂေါပက ဥက္ကဋ္ဌ ဦးမြင့်သိန်းက ပြောကြားသည်။

မင်းဘူးရွှေစက်တော် ဘုရားပွဲတော်တွင် လွန်ခဲ့သော နှစ် ၃၀ ခန့် ၁၉၈၇ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းကြောင့် ပွဲတော်ကွင်းအတွင်းရှိ ဘုရားပွဲတော်နှင့် သက်ဆိုင်သည့် အဆောက်အဦးများ၊ ဈေးဆိုင်ခန်းအချို့နှင့် လူနေအဆောင်အချို့ ရေစီးနှင့်အတူ မျောပါခဲ့ဖူးကြောင်း အသက် ၈၀ ကျော်အရွယ်ရှိ မန်းရွှေစက်တော် ဂေါပကအဖွဲ့ဝင်ဟောင်း တစ်ဦးက ပြောပြသည်။

ဓာတ်ပုံ - အဲမွန်ဖေ မန်းရွှေစက်တော်