News

POST TYPE

NEWS

NCA တွင် လက်မှတ်ရေးထိုးမည့်အကြောင်း ဆက်သွယ်ပြောကြားခဲ့ခြင်း မရှိဟု ‘ဝ’ အမျိုးသားအဖွဲ့ချုပ်ဆို
31-Mar-2017 tagged as နိုင်ငံရေး NCA

ရန်ကုန်၊ မတ် ၃၁ 

တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် ၅ ဖွဲ့ ပါဝင် လက်မှတ်ရေးထိုးမည်ဆိုသည့် ထုတ်ပြန်ချက်ကို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပြီးနောက် ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) မှ ပြန်ကြားရေးတာဝန်ခံ တာ့အိုက်ညွန့်က The Voice သို့ ပြောဆိုသည်။

 “လက်မှတ်ထိုးဖို့ကိစ္စ ဘာမှ ဆက်သွယ်ပြောခဲ့တာမျိုး မရှိဘူး ခင်ဗျ။ အရင်တော့ ကျွန်တော်တို့ကို လက်မှတ်ထိုးစရာ မလိုဘဲ နိုင်ငံရေးဆွေးနွေးပွဲ တက်ရောက်နိုင်တယ် ပြောခဲ့ဖူးတယ်ဗျ။ ဒီရက်ပိုင်း အစိုးရကို ဘာမှ ကျွန်တော်တို့ဘက်က ဆက်သွယ်ခဲ့တာ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။ 

တစ်နှစ်အတွင်း ကြိုးပမ်းဆွေးနွေးညှိနှိုင်းမှု ရလဒ်အဖြစ် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် ၅ ဖွဲ့ဖြစ်သည့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသားကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နှင့် ‘ဝ’ အမျိုးသားအဖွဲ့ချုပ် (WNO) တို့က လက်မှတ်ရေးထိုးတော့မည် ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနက မတ်လ ၃၀ ရက်နေ့ ညက ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ 

မွန်ပြည်သစ်ပါတီ၏ ဗဟိုအလုပ်မှုဆောင်တစ်ဦးဖြစ်သူ ပြည်တွင်းဆက်ဆံရေးတာဝန်ခံ နိုင်ဝင်းလှကမူ အဖွဲ့စည်း၏ ဗဟိုအလုပ်မှုဆောင်များအတွင်း NCA လမ်းကြောင်းအတိုင်းသာ ငြိမ်းချမ်းရေးကို ဆက်သွားရန် သဘောတူခဲ့ကြပြီး လက်မှတ်ထိုးရေးနှင့် ပတ်သက်၍ ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်မည်ဟု  The Voice ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။ 

“မသေချာ မရေရာတဲ့ သတင်းကို ထုတ်ပြန်လိုက်တာက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် သက်ရောက်မှု ရှိတယ်။ ဒီဘက်မှာက ဆွေးနွေးနေဆဲကာလ ဖြစ်တယ်။ အဲဒီအတွက်လည်း UNFC အဖွဲ့တွင်းမှာ အရေးပေါ်အစည်းဝေး လုပ်တယ်။ အသေးစိတ်တော့ မေလလောက်မှာ UNFC ညီလာခံ လုပ်ဖို့လည်း ရှိနေတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး” ဟု အမည်မဖော်လိုသူ UNFC အဖွဲ့ဝင်တစ်ဦးက ဆိုသည်။