News

POST TYPE

NEWS

အမေရိကန် Uber တက္ကစီဝန်ဆောင်မှု မြန်မာတွင် လုပ်ကိုင်ရန် စီစဉ်
28-Mar-2017
ရန်ကုန်၊ မတ် ၂၇

အမေရိကန် အခြေစိုက်ကုမ္ပဏီ ဖြစ်သည့် Uber တက္ကစီ ဝန်ဆောင်မှုလုပ်ငန်းက မြန်မာနိုင်ငံသို့ ဝင်ရောက်ရန် စီစဉ်နေကြောင်း ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီထံမှ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် စက်မှုလက်မှုရေးရာ ကော်မတီအတွင်းရေးမှူး ဦးပြည့်ဖြိုးဟန်က “ရှေ့တစ်ပတ်ထဲမှာ Uber က တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ စီစဉ်ထားတယ်။ သူတို့ရဲ့လုပ်ငန်းစဉ် အသေးစိတ်ကို မသိရသေးဘူး။ ဒီလုပ်ငန်း လုပ်ကိုင်လို့ ပြည်တွင်းမှာ အကျိုးရှိရင်တော့ ကန့်ကွက်ဖို့ မရှိပါဘူး။ တခြား ထိခိုက်နစ်နာမှုတွေရှိရင်တော့ အစိုးရအဖွဲ့က ခွင့်ပြုမှာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

Uber တက္ကစီ ဝန်ဆောင်မှုလုပ်ငန်းက ရန်ကုန်မြို့တွင်း မကြာမီ တက္ကစီ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်ရာတွင် ကျေနပ်ကြောင်း ယင်းကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားကြောင်း https://techcrunch.com/ စာမျက်နှာတွင် ဖော်ပြထားသည်။

တိုင်းအစိုရအဖွဲ့နှင့် ပူးပေါင်း ဆောင်ရွက်မည်ဆိုသော အဆိုပါ တက္ကစီဝန်ဆောင်မှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်း၏ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍတွင် တာဝန်အရှိဆုံးဖြစ်သူ၊ တိုင်းအစိုးရအဖွဲ့ သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သော အစည်းအဝေးများ၊ မီဒီယာ တွေ့ဆုံပွဲများတွင် ဝင်ရောက်ရှင်းလင်း ပြောဆိုသူ  လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၏ ဖုန်းထံ The Voice က ဆက်သွယ်မေးမြန်းရာ မီဒီယာကလားဟု ပြောဆိုပြီး ဖုန်းပြန်ချခဲ့သည်။

အထက်ပါ အကြောင်းအရာနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) တွဲဖက် အတွင်းရေးမှူး ဦးသန်းဝင်းထံ ဆက်သွယ် မေးမြန်းရာ မြန်မာနိုင်ငံတွင် ဝင်ရောက် လုပ်ကိုင်ခွင့်ရရန် တိုင်းအစိုးရအဖွဲ့ထံ လွန်ခဲ့သည့် နှစ်ပတ်က တင်ပြထားခြင်းဖြစ်ပြီး လုပ်ကိုင်ခွင့် ပြု မပြု တိုင်းအစိုးရ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ပြောကြားသည်။

စင်ကာပူ အခြေစိုက် ကုမ္ပဏီဖြစ်သည့် Grab Taxi ဝန်ဆောင်မှု လုပ်ငန်းက အငှားယာဉ် (Taxi) ပြေးဆွဲရန် မတ်လ ၂၁ မှ စတင်၍ ရန်ကုန်မြို့တွင် လုပ်ငန်း လည်ပတ်နေကြောင်း သတင်းထုတ်ပြန်ထားပြီး ဧပြီလတွင် စတင် ပြေးဆွဲမည်ဟု ယင်းကုမ္ပဏီ တာဝန်ရှိသူက ပြောကြားထားသည်။

ရန်ကုန်မြို့တွင် ဖုန်းနှင့်မိုဘိုင်းလ် အက်ပလီကေးရှင်းကို အသုံးပြု၍ မီတာဖြင့် အငှားယာဉ် ခေါ်ဆိုနိုင်သည့် ဝန်ဆောင်မှုလုပ်ငန်းကို Hello Cab နှင့် Oway Ride တို့က လုပ်ကိုင်လျက်ရှိပြီး ပြည်ပအခြေစိုက် ကုမ္ပဏီများ ဝင်ရောက်လာပါက လုပ်ငန်းစိန်ခေါ်မှုများ ရှိလာနိုင်သောကြောင့် ရင်းနှီးမြှုပ်နှံမှုများတွင် အစိုးရမှ ပြည်တွင်း လုပ်ငန်းရှင်များအတွက်ကို ပြန်လည် စဉ်းစားသင့်ကြောင်းနှင့် လုပ်ငန်းတူချင်း ဖြစ်ပါက အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သည့် ပြည်တွင်း လုပ်ငန်းရှင်များက ဆိုသည်။    


  • VIA