News

POST TYPE

NEWS

လက်ပံတောင်းတောင် စီမံကိန်းရပ်ဆိုင်းရန်နှင့် အကြမ်းဖက်မှုကို ကန့်ကွက်ကြောင်း ဆန္ဒပြ
28-Mar-2017

ရန်ကုန်၊ မတ် ၂၈

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ရပ်တန့်ပေးရန်နှင့် ယင်းဒေသရှိ ပြည်သူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ခံရမှုကို ကန့်ကွက်သည့် ဆန္ဒပြပွဲကို ယနေ့ (မတ်လ ၂၈ ရက်) ညနေပိုင်းတွင် ကမာရွက်မြို့နယ်၊ လှည်းတန်းဈေးအနီးတွင် ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့အခြေစိုက် အလုပ်သမား၊ လယ်သမား၊ ကျောင်းသားနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ဖွဲ့စည်းထားသော ပြည်သူ့အကျိုးစီးပွား ကာကွယ်ရေး ဖိုရမ်မှ ဦးဆောင်ပြီး အင်အားအယောက် ၃ဝ ခန့်သည် ရန်ကုန်မြို့ ဆင်ရေတွင်းမှတ်တိုင်မှ လှည်းတန်းလမ်းဆုံထိ လမ်းလျှောက်ချီတက် ဆန္ဒပြကန့်ကွက်ခဲ့ရာ သက်ဆိုင်ရာ ရဲစခန်းသို့ ကြိုတင် အကြောင်းကြားခြင်း မရှိသည့်အတွက် ကမာရွက် ရဲစခန်းက လာရောက် တားဆီးမှုများ ပြုလုပ်ခဲ့သည်။

မတ်လ ၂၄ ရက်နေ့က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းနယ်မြေတွင် ကျောက်ကားများကို တားဆီးသည့် ဒေသခံ ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်များဖြင့် ပစ်ခတ်နှိမ်နှင်းမှုကို ကန့်ကွက် ရှုတ်ချသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ယင်းဆန္ဒပြပွဲတွင် ပါဝင်သူ ဆိုရှယ်လစ် ဒီမိုကရက်တစ် ညီညွတ်ရေးတပ်ဦးမှ ကိုကျော်ကိုကိုက ပြောသည်။

“ကျွန်တော်တို့အနေနဲ့ ပြည်သူတွေ အခုလို အကြမ်းဖက် ပစ်ခတ်ခံနေရတာကို ကန့်ကွက်ရှုတ်ချပါတယ်။ ဒီဖြစ်ရပ်က ပြည်သူတွေရဲ့လုံခြုံမှုကို ထိပါးတဲ့ကိစ္စရပ် ဖြစ်တဲ့အတွက် ကန့်ကွက်မှုတွေ ဆက်လုပ်သွားပါမယ်”ဟု ၎င်းက ဆိုသည်။

ယင်းဆန္ဒပြပွဲတွင် “မတရားသော အမိန့်မှန်သမျှ တာဝန်အရ ဖီဆန်ကြ၊ လက်နက်အားကိုး အနိုင်ကျင့်မှုမှန်သမျှ အလိုမရှိ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အလိုမရှိ၊ ဦးပိုင်ဝမ်ပေါင် အလိုမရှိ၊ တိုင်းပြည် နစ်နာစေမည့် စီမံကိန်းများ ချက်ချင်းရပ်၊ အကြမ်းဖက်မှု တရားခံ ဖော်ထုတ်ပေးရေး ဒို့အရေး”စသည့် ကြွေးကြော်သံများကို အော်ဟစ်ကာ ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။

J- 09


  • VIA