News

POST TYPE

NEWS

အလွတ်စုံထောက်လုပ်ငန်း ကုမ္ပဏီ အမည်ပြောင်းမည်
28-Mar-2017
ရန်ကုန်၊ မတ် ၂၇

မြန်မာနိုင်ငံတွင် ပထမဆုံး ပေါ်ထွက်လာသော အလွတ်စုံထောက်လုပ်ငန်း ကုမ္ပဏီသည်  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် အမည်ပြောင်းလဲ လျှောက်ထားမည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ ကုမ္ပဏီသည် ယခုနှစ် ဧပြီလဆန်းပိုင်းတွင် မြန်မာ့ပထမ လုံခြုံရေးနှင့် ဥပဒေ အကျိုးဆောင်လုပ်ငန်းဟု အမည်ဖြင့် မြို့တော်စည်ပင်သာယာကော်မတီသို့ လုပ်ငန်းလိုင်စင် စတင်လျှောက်ရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဌေးညွှန့်က ပြောကြားသည်။

အမည်ပြောင်းကာ လုပ်ငန်းလိုင်စင် လျှောက်ထားမည့် မြန်မာ့ပထမ လုံခြုံရေးနှင့် ဥပဒေ အကျိုးဆောင်လုပ်ငန်းအောက်တွင် ကုမ္ပဏီ လုံခြုံရေးလုပ်ငန်း၊ လူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေးလုပ်ငန်းနှင့် ဥပဒေအကြံပေးရေး လုပ်ငန်းများ အပါအဝင် စုံစမ်းထောက်လှမ်းရေး လုပ်ငန်းများပါ ထည့်သွင်းဝန်ဆောင်မှုပေးမည် ဖြစ်သည်။

“လုပ်ငန်းလိုင်စင်တင်ဖို့ စည်ပင်ကို တင်ပြမယ့် နာမည်ကို ပြန်ရွေးတာပါ။ စီးပွားရေးသဘောလည်း ပါအောင် ပြောင်းလိုက်တာ” ဟု ၎င်းက ဆိုသည်။

ထို့အပြင် အဆိုပါ လုပ်ငန်းအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ  ရုံးခန်းအခြေစိုက်နိုင်သော မြို့နယ်ပေါင်း ၃၀ ခန့်တွင် အဖွဲ့ဝင် လူဦးရေ ၇၀ နီးပါးကို ခန့်ထားပြီး လုပ်ငန်းတွင် ပါဝင်မည့် အဖွဲ့ဝင်တို့ကို အမှုလိုက်ရာတွင် အဆင်ပြေစေရန် သင်တန်းများ ပေးနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ရုံးခန်းကို မြန်မာ့ပထမ လုံခြုံရေးနှင့် ဥပဒေ အကျိုးဆောင်လုပ်ငန်း နာမည်ဖြင့် သန်လျင်မြို့နယ် အောင်ချမ်းသာကုန်းရှိ အမှုထမ်းရပ်ကွက်၊ ဘောဂလမ်းတွင် ဖွင့်လှစ်မည် ဖြစ်သည်။

“အခုလို စုံထောက်ဆန်ဆန် အဖွဲ့အစည်းမျိုးလုပ်ဖို့ ဆိုတာ ပြည်ထဲရေး ဝန်ကြီးဌာနကို လုပ်မယ့် လုပ်ငန်းအချက်အလက် အသေးစိတ် ကနဦး တင်ရမယ်။ ပြီးတော့မှ ရဲတပ်ဖွဲ့က ခွင့်ပြုသင့် မပြုသင့် စိစစ်ရမယ်။ စည်ပင်လုပ်ငန်းလိုင်စင် တင်လိုက်လို့ လုပ်ငန်းသဘောအရ ခွင့်ပြုလည်း ဝန်ဆောင်ခ အကျိုးစီးပွားတွေ ပါနေတော့ ရဲတပ်ဖွဲ့က လုံးဝခွင့်ပြုမှာ မဟုတ်ဘူး။ တချို့ကြီးမားတဲ့ ဖြစ်စဉ်တွေဆို ဒီအဖွဲ့အနေနဲ့ ဘယ်လိုတာဝန်ယူနိုင်မှာလဲ” ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိတစ်ဦးက ဆိုသည်။

လတ်တလောတွင် လာရောက်အပ်နှံသော အမှုတွဲဖြစ်စဉ် ၁၅ မှုရှိပြီး လုပ်ငန်းမစတင်နိုင်သေးကြောင်း၊ သာမန်လူမှုရေး ပြဿနာများတွင် ဥပဒေအကြံပေး အနေနှင့် ကူညီဆောင်ရွက်ပေးနေပြီး ခရီးစရိတ် ကုန်ကျမှု ကျပ်တစ်သောင်းမှ ငါးသောင်းကြား ရယူကြောင်း အလွတ်စုံထောက်လုပ်ငန်း ကုမ္ပဏီထံမှ သိရသည်။

အဆိုပါ လုပ်ငန်းအတွက် တရားဝင် ခွင့်ပြုချက်ကို ပြည်ထောင်စုလွှတ်တော်က ခွင့်ပြုမှသာ ရရှိမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံ လာရောက်အသိပေး ချိတ်ဆက်ထားခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်းက The Voice သို့ ပြောကြားဖူးသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်ရန် ပြင်ဆင်နေသော ယင်းလုပ်ငန်းကုမ္ပဏီတွင် တပ်မတော် ထောက်လှမ်းရေးဟောင်းများ၊ ရဲအရာရှိဟောင်းများနှင့် ဥပဒေ ကျွမ်းကျင်သည့် ပညာရှင်များဖြင့် စုပေါင်းဖွဲ့စည်းထားခြင်း ဖြစ်သည်။

J - 17