News

POST TYPE

NEWS

လက်ပံတောင်း ဒေသခံ ၅၀ ကို ပုဒ်မလေးခုဖြင့် အမှုဖွင့်
28-Mar-2017
ဆားလင်းကြီး၊ မတ် ၂၇

လက်ပံတောင်းတောင် ကြေးထုတ်လုပ်ငန်းမှ ကျောက်သယ်ယာဉ်များကို တားဆီးခဲ့သည့် ဒေသခံ တောင်သူများကို မတ်လ ၂၄ ရက်နေ့က လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ရော်ဘာကျည်ဖြင့် ပစ်ခတ်ခဲ့သောဖြစ်စဉ်တွင် ဒေသခံတောင်သူ ၅၀ ဦးကို ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားကြောင်း ဆားလင်းကြီးမြို့နယ် ရဲမှူး ဌေးဝင်းက ပြောကြားသည်။ 

မတ်လ ၂၇ ရက်နေ့က ဆားလင်းကြီး မြို့နယ်တွင် ကျင်းပသည့် ဆားလင်းကြီး မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲမှူးနှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ ပါဝင်သည့် သတင်းစာရှင်းလင်းပွဲအတွင်း ၎င်းက ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မိုးကြိုးပြင်ရွာထိပ်တွင် ကျောက်သယ်ကား အစီးရေ ၁၀၀ ခန့်ကို ဒေသခံများက သွားလာခွင့်မပြုဘဲ တားဆီးခဲ့၍ နယ်မြေခံ ရဲတပ်ဖွဲ့ ၃၈ ဦးကို တပ်ခွဲမှူးက အမိန့်ပေးကာ ပြောင်းရှည် (၁၂) ဗို့ဖြင့် သေနတ် ၆၆ ချက် ပစ်ခတ်ရှင်းလင်းရကြောင်း၊ ယင်းသို့ ပြုလုပ်ရခြင်းမှာ ဒေသခံများဘက်မှ လေးခွများဖြင့် စတင်ပစ်ခတ်ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်မှ ရွာခံလူ ၅၀ ဦးကို ငြိမ်းစုစီ ပုဒ်မ (၁၉)၊ ရာဇသတ်ကြီးပုဒ်မ ၃၃၃၊ ၁၄၃၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေး ဥပဒေပုဒ်မ ၆/၁ ဖြင့် အမှုဖွင့်ထားကြောင်း မြို့နယ်ရဲမှူး ဌေးဝင်းက ပြောကြားသည်။

“အထက်က ညွှန်ကြားတာမျိုးကြောင့် ပစ်ခတ်တာ မဟုတ်ဘူး။ အထက်က ဥပဒေအတိုင်း ဆောင်ရွက်ဖို့ပဲ ညွှန်ကြားတာ။ ကျင့်ထုံးဥပဒေပုဒ်မ ၁၂၇၊ ၁၂၈၊ ကျင့်ထုံးဥပဒေ ပုဒ်မ ၉၆ ကနေ ၁၀၆ အထိ ခုခံကာကွယ်ခွင့်အရ ပစ်တာပါ။ အကြိမ်ကြိမ် သတိပေးပါတယ်။ ရွာသားတွေဘက် ကကုန်းသီးတွေ၊ ဘတ်ခွ၊ ဓားတွေ လွယ်ထားတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ကျောက်လုပ်ကွက်များမှာ ဆားလင်းကြီးမြို့နယ် ဒေသခံကျောက် လုပ်ငန်းရှင်များက ၂၀၁၀ ပြည့်နှစ်ကစ၍ လုပ်ကိုင်နေသော လုပ်ငန်းဖြစ်ပြီး ဝမ်ပေါင်ကုမ္ပဏီနှင့် ကျောက်ထုတ်ကုမ္ပဏီ ရှစ်ခုတို့ စာချုပ်ချုပ်ဆိုကာ ကျောက်သယ်လုပ်ဆောင်ခဲ့ကြကြောင်း၊ မိုးကြိုးပြင် ဒေသခံများ တောင်းဆိုသကဲ့သို့ ရွာသုံးရွာနှင့် လွတ်ကင်းသည့်နေရာမှ လမ်းဖောက်ရန်မှာ ဝမ်ပေါင်ကုမ္ပဏီက သဘောတူညီမှု မရှိသဖြင့် မဖြစ်နိုင်ကြောင်း၊ လက်ရှိတွင် အဆိုပါ ကုမ္ပဏီရှစ်ခုကို ကျောက်ထုတ်ခွင့် ရက်အကန့်အသတ်မရှိ ပိတ်ထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းက ပြောကြားသည်။

ယင်းသို့ ပြောဆိုမှုနှင့် ပတ်သက်၍ ကျောက်လုပ်ကွက ်ယာယီပိတ်ထားခြင်းကြောင့်သာလျှင် သပိတ်စခန်း ဖွင့်လှစ်မှုကိုလည်း ယာယီပိတ်ထားခြင်း ဖြစ်ပြီး ကျောက်သယ်ကားများ ပြန်လည်ပြေးဆွဲပါက တောင်သူများက သပိတ်စခန်း ဖွင့်လှစ်ကာ တားဆီးမည် ဖြစ်ကြောင်း မိုးကြိုးပြင် အလယ်ရွာမှ ဦးဝင်းကျော်က တုံ့ပြန်ပြောဆိုသည်။

ဒေသခံ တောင်သူများနှင့် ကျောက်သယ်ယာဉ်များအကြား မကြာခဏ ပဋိပက္ခ ဖြစ်နေရသည့်အတွက် အဆိုပါ ကျောက်ထုတ်သယ်ယူခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ ညွှန်ကြားချက်ဖြင့် မတ်လ ၂၆ ရက် နေ့က ပိတ်သိမ်းရန် ညွှန်ကြားခဲ့သည့်အတွက် ဆားလင်းကြီးမြို့နယ် စနစ်တကျ ကျောက်ထုတ်လုပ် သယ်ယူမှုကြီးကြပ်ရေး ကော်မတီက စာထုတ်ခဲ့ခြင်း ဖြစ်သည်။    

R-08