News

POST TYPE

NEWS

YBS ယာဉ်ဖြင့် စစ်တပ်တွင်း ဝင်ခိုးသည့်အဖွဲ့ ဖမ်းမိ
28-Mar-2017
ရန်ကုန်၊ မတ် ၂၇ 

မှော်ဘီမြို့နယ်၊ ဖူးကြီး၊ အမှတ် (၄) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်ရုံးတွင် မတ်လ ၂၆ ရက် ည ၁၀ နာရီခန့်က သွပ်ပြားများ ဝင်ရောက်ခိုးယူသည့် အမျိုးသားလေးဦးကို ဖမ်းဆီးရရှိခဲ့ကြောင်း မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ အမှတ် (၄) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ်ရုံးအတွင်း ဝင်ရောက်ခိုးသည့်အဖွဲ့မှာ မှော်ဘီမြို့နယ်တွင် နေထိုင်သူ အသက် ၂၈ နှစ်မှ ၅၅ ကြားရှိ အမျိုးသားလေးဦးဖြစ်ပြီး တရားလိုပြုလုပ် တိုင်ကြားသည့် တာဝန်မှူး ဗိုလ်ကြီး ကျော်သူရအောင်နှင့်အဖွဲ့က လှည့်ကင်းဆောင်ရွက်စဉ် ပစ်ကူပေးတပ်ခွဲရုံးအနီး စတိုခန်းအတွင်းမှ မော်တော်ယာဉ်ပေါ်သို့ သွပ်ပြားများ ခိုးယူတင်ဆောင်နေသည်ကို တွေ့ရှိဖမ်းဆီးရရှိခဲ့ခြင်း ဖြစ်ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ မှော်ဘီမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“အရင်တုန်းကတော့ မဖြစ်ဖူးပါဘူး၊ ဒီလိုပဲ ခိုးယူဖူးခြင်းရှိ မရှိ ဆိုတာလဲ စစ်ဆေးနေတုန်းမို့ မသိရသေးပါဘူး၊ ညက ၂ နာရီကျော်လောက်မှာ အမှုဖွင့်ဖြစ်တယ်၊ တပ်ထဲသွား၊ သက်သေခံပစ္စည်း သိမ်းတာနဲ့ အမှုဖွင့်တာနဲ့ဆိုတော့ မနက် ၄ နာရီလောက်ကျမှ ပြီးတာ” ဟု ယင်းမြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တပ်အတွင်း ဝင်ရောက်ခိုးယူသည့် အဖွဲ့ကို သွပ်ပြားများ တင်ဆောင်နေသည့် မီးခိုး/အပြာရောင် YBS မော်တော်ယာဉ်တစ်စီး၊ အလျား ၁၂ ပေ၊ အနံ ၂ ပေခွဲရှိ သွပ်ပြား ၁၅ ချပ်၊ အလျား ၁၈ ပေ၊ အနံ ၂ ပေခွဲရှိ သွပ်ပြား ၃၈ ချပ်တို့နှင့်အတူ ဖမ်းဆီးရရှိခဲ့ပြီး ၎င်းတို့ကို မှော်ဘီမြို့မ ရဲစခန်းက (ပ) ၂၆၁/၁၇၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြည်သူပိုင်ပစ္စည်း ခိုးယူမှု ၂၀၁၅ ခုနှစ်တွင် ၃၀ မှု၊ ၂၀၁၆ ခုနှစ်တွင် ၂၆ မှုရှိခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီ လ၂၈ ရက်နေ့အထိ ၁၂ မှု ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

J-16