News

POST TYPE

NEWS

ရုရှားတွင် အဂတိလိုက်စားမှု ဆန့်ကျင်ရေး ဆန္ဒပြမှုကြီး ပေါ်ပေါက်၊ အတိုက်အခံခေါင်းဆောင်နှင့်အတူ လူရာနှင့်ချီ၍ ဖမ်းဆီးခံရ
28-Mar-2017
မော်စကို၊ မတ် ၂၇

ရုရှားနိုင်ငံ ဝန်ကြီးချုပ် ဒီမစ်ထရီ မက်စ်ဗီဒက်ဗ် ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုပြီး အဂတိလိုက်စားမှု ဆန့်ကျင်ရေး ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီးများကို ဦးဆောင်ခဲ့သည့် အတိုက်အခံခေါင်းဆောင်နှင့် ဆန္ဒပြသူ ရာပေါင်းများစွာကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းမီဒီယာများက ရေးသားဖော်ပြသည်။ 

ယခုဆန္ဒပြပွဲကြီးသည် ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ခရင်မလင် (ရုရှားအစိုးရ) ဆန့်ကျင်ရေး ဆန္ဒပြမှုများနောက်ပိုင်း အတိုက်အခံတို့၏ အကြီးမားဆုံး နိုင်ငံရေးလှုပ်ရှားမှု ဖြစ်သည်။ 

ထို့ပြင် ယခုဆန္ဒပြပွဲသည် ဗလာဒီမာပူတင် အနေနှင့် ရုရှားသမ္မတအဖြစ် လေးကြိမ်မြောက် ထပ်မံအရွေးခံမည့် ရွေးကောက်ပွဲမတိုင်မီ တစ်နှစ်အလိုတွင် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

မော်စကိုမြို့ ဆန္ဒပြမှုကြီး အပါအဝင် နိုင်ငံအနှံ့ ဆန္ဒပြပွဲ အသီးသီးကို အဓိက ဦးဆောင်ခဲ့သည့် အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်နီကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်သလို တက်ကြွစွာ ပါဝင်ခဲ့ကြသည့် ဆန္ဒပြသူ ၅၀၀ ခန့်ကိုလည်း ရဲတပ်ဖွဲ့က နိုင်ငံအနှံ့တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြသည်။ 

အလက်ဇီနာဗယ်နီသည် မော်စကိုမြို့လယ်တွင် ပြုလုပ်သော ဆန္ဒပြပွဲ၌ ပါဝင်ရန် ရောက်ရှိလာခိုက် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်ပြီး ဆန္ဒပြသူများက ၎င်းကို  ဖမ်းဆီးခေါ်ဆောင်သွား၍ မရအောင် ကြိုးပမ်းဟန့်တားခဲ့ကြသည်။

ဖမ်းဆီးထိန်းသိမ်းခံလိုက်ရပြီးနောက် အလက်ဇီနာဗယ်နီက ဆန္ဒပြသူများ အနေနှင့် ဆက်လက်ချီတက်ကြရန် Twitter မှတစ်ဆင့် တိုက်တွန်းပြောဆိုသည်။

“ဟေ့လူတွေ၊ ကျုပ်ဘာမှမဖြစ်ဘူး။ ကျုပ်လွတ်မြောက်ဖို့အတွက် တိုက်ပွဲဝင်ပေးစရာ မလိုဘူး။ မော်စကိုမှာသာ ဆက်ပြီး ချီတက်ဆန္ဒပြကြပါ။ ကျုပ်တို့ ဒီနေ့လုပ်ရမယ့်အလုပ် (အကြောင်းအရာ) က အဂတိလိုက်စားမှု တိုက်ဖျက်ပစ်ဖို့ပဲ” ဟု ၎င်းက ရုရှားဘာသာစကားဖြင့် Twitter တွင် ဖော်ပြသည်။ 

ချီတက်ဆန္ဒပြမှု အများစုမှာ ရုရှားအာဏာပိုင်များ၏ ခွင့်ပြုချက်မရရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု အစိုးရအရာရှိများက ဆိုသည်။ 

ရုပ်သံသတင်းများတွင်မူ ဆန္ဒပြ ပြည်သူများက ‘ရုရှားသမ္မတပူတင် ကျဆုံးပါစေ၊ ပူတင်မရှိတဲ့ ရုရှားတည်တံ့ပါစေ။ ပူတင်သည် သူခိုးတစ်ဦးဖြစ်သည်’ အစရှိသည်တို့ကို အော်ဟစ်ကြွေးကြော်ခဲ့ကြသည်။ 

ရဲတပ်ဖွဲ့သည် အလက်ဇီနာဗယ်နီကို ဖမ်းဆီးထိန်းသိမ်းပြီးနောက် ၎င်း၏ ဖောင်ဒေးရှင်းရုံးခန်း အတွင်း ဝင်ရောက်စီးနင်းကာ ဆန္ဒပြမှုများကို တိုက်ရိုက်ထုတ်လွှင့်ပေးနေသည့် ရုံးဝန်ထမ်းကို ဖမ်းဆီးသွားခဲ့သည်။ 

အဂတိလိုက်စားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးကို စိန့်ပီတာစဘာ့ဂ်၊ ဗာလ်ဒီ စတော့၊ နိုဗိုစီဘရစ်၊ တွမ်ဆက်နှင့် အခြားမြို့ကြီးမြို့ငယ် အသီးသီးတွင် ပြုလုပ်ခဲ့ကြသည်။ 

ရုရှားနိုင်ငံတစ်လွှား ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသည့် ပြည်သူများ၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများနှင့် သတင်းစာဆရာများကို ဖမ်းဆီးခဲ့မှုနှင့် ပတ်သက်၍  အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြစ်တင်ဝေဖန်ခဲ့သည်။ 

အတိုက်အခံခေါင်းဆောင် အလက်ဇီနာဗယ်နီ ဖမ်းဆီးခံရမှုကြောင့် အမေရိကန်ပြည်ထောင်စု အနေနှင့် စိုးရိမ်မကင်း ဖြစ်မိသည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန၏  ပြောရေးဆိုခွင့်ရှိသူ မာ့ခ်တိုနာက ပြောကြားသည်။     

F-01