News

POST TYPE

NEWS

ရီးရဲလ်မက်ဒရစ်နှင့် ပွဲစဉ်မတိုင်မီ သုံးရက်အလိုတွင် မက်ဆီ အမှုရင်ဆိုင်ရမည်
28-Mar-2017
ဘာစီလိုနာ၊ မတ် ၂၇

ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီသည် ရီးရဲလ်မက်ဒရစ်နှင့် ယှဉ်ပြိုင်ကစားရမည့် အယ်လ်ကလပ်စီကိုဒါဘီ လာလီဂါပွဲစဉ် မတိုင်မီ သုံးရက်အလိုတွင် ၎င်းအယူခံတင်သွင်းထားသော အမှုအတွက် တရားရင်ဆိုင်ရလိမ့်မည် ဖြစ်ပြီး အဆိုပါ အမှုစစ်ဆေးခြင်းက မက်ဆီအတွက် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ချက်တစ်ရပ် ဖြစ်လာမည်ကို ဘာစီလိုနာအသင်း တာဝန်ရှိသူများက စိုးရိမ်ပူပန်နေကြောင်း Marca က ဖော်ပြထားသည်။

မက်ဆီနှင့် ၎င်း၏ဖခင်ဖြစ်သူ ဂျော့ချ်တို့သည် ၂၀၀၇ ခုနှစ်မှ ၂၀၀၉ ခုနှစ်အတွင်း အခွန်ပမာဏ ပေါင် ၁ ဒသမ ၅ သန်း ပေးချေရန် ပျက်ကွက်ခဲ့ခြင်းအတွက် ထောင်ဒဏ် ၂၁ လ ချမှတ်ခံထားရပြီး စပိန်နိုင်ငံတွင် ကျင့်သုံးနေသည့် ဥပဒေများအရ ၂ နှစ်နှင့်အောက် ထောင်ဒဏ်များကို အကျဉ်းထောင်တွင် ကျခံစရာမလိုဘဲ ခြေချုပ်ခံဝန်ဖြင့် ပြင်ပတွင် နေထိုင်ဖြတ်သန်းနိုင်သည့် အတွက်ကြောင့်သာ မက်ဆီက ကစားသမားဘဝကို အဆင်ပြေပြေဖြင့် ဆက်လက် ဖြတ်သန်းနေနိုင်ခြင်း ဖြစ်သည်။

ဘာစီလိုနာ တရားရုံးတော်သည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ် ဇူလိုင်လ၌ မက်ဆီနှင့် မက်ဆီ၏ ဖခင်တို့ကို စွဲချက်သုံးခုအတွက် ထောင်ဒဏ် ၂၁ လ ချမှတ်လိုက်ခြင်းဖြစ်ကာ ပြစ်ဒဏ်ချမှတ်ခံလိုက်ရပြီး များမကြာမီတွင်ပင် မက်ဆီက ၎င်း၏ အကျိုးဆောင်ရှေ့နေများနှင့် တိုင်ပင်၍ ပြစ်ဒဏ်အတွက် အယူခံတင်သွင်းလိုက်ခြင်း ဖြစ်သည်။

မက်ဆီသည် အာဂျင်တီးနားက ချီလီကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွင် ပွဲကြီးကြပ်သူ ဒိုင်လူကြီးများကို လူမျိုးရေး ခွဲခြားသည့် စကားရပ်များဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး လက်ရှိတွင် တောင်အမေရိက ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီက မက်ဆီကို ယင်းကိစ္စအတွက် စွဲချက်တင်သင့်၊ မတင်သင့် ဆုံးဖြတ်ရန်အတွက် ရုပ်သံအထောက်အထားများကို စတင်စစ်ဆေးနေပြီ ဖြစ်သည်။

စပိန်အခွန်ဦးစီးဌာနသည် မက်ဆီနှင့် မက်ဆီ၏ ဖခင်တို့မှာ မက်ဆီ၏ ပုံရိပ်အသုံးပြုခက တစ်ဆင့် ရရှိသော ဝင်ငွေများကို ပြည်ပနိုင်ငံများရှိ ကုမ္ပဏီများနှင့် ချိတ်ဆက်၍ အခွန်ရှောင်လွှဲခဲ့ခြင်း ဖြစ်သည်ဟု စွပ်စွဲထားပြီး တရားရုံးတော်က အခွန်ရှောင်လွှဲခဲ့သည့် ပမာဏမှာ ပေါင် ၁ ဒသမ ၅ သန်းဟု ဖော်ပြထားသော်လည်း စပိန်အခွန်ဦးစီးဌာနကမူ အခွန်ရှောင်လွှဲခဲ့သည့် ပမာဏမှာ ပေါင် ၃ ဒသမ ၉ သန်းဟု အခိုင်အမာ ဆိုထားသည်။

ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့သည် လာမည့် ဧပြီလ ၂၃ ရက်နေ့တွင် ယှဉ်ပြိုင်ကစားကြရလိမ့်မည် ဖြစ်ကာ အမှုစစ်ဆေးခြင်းဆိုင်ရာ ကိစ္စများကို ဘာစီလိုနာ တရားရုံးတော်က မတ်လ ၂၀ ရက်နေ့တွင် ဆောင်ရွက်သွားလိမ့်မည် ဖြစ်သည်။