News

POST TYPE

NEWS

ဘင်္ဂါလီ အကြမ်းဖက်မှုအပေါ် တပ်ချုပ်ပြောကြားချက် လွှတ်တော်ကိုယ်စားလှယ်အချို့ ထောက်ခံ
28-Mar-2017

နေပြည်တော်၊ မတ် ၂၇

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဘင်္ဂါလီ အကြမ်းဖက်မှုကို အချုပ်အခြာ အာဏာကို ထိပါးလာသည့်အတွက် ကာကွယ်သွားမည်ဟု တပ်ချုပ်၏ပြောကြားမှုကို ရခိုင်ပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် အချို့က ထောက်ခံလိုက်ကြသည်။

မတ်လ ၂၇ ရက်နေ့က ပြုလုပ်ခဲ့သော (၇၂) ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း မုံးကိုးနှင့် လောက်ကိုင်ဒေသတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် သောင်းကျန်းမှုများသည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးလာသည့်အတွက် တိုက်ထုတ်ခဲ့ရခြင်းဖြစ်ပြီး တပ်မတော်အနေနှင့် အကြမ်းဖက် သောင်းကျန်းသူ မှန်သမျှကို တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်။

“ဘင်္ဂါလီအချို့ အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်တွေကို အကြောင်းပြုပြီး နိုင်ငံရေး စွက်ဖက်မှုတွေကို တွေ့မြင်ရမှာဖြစ်တယ်။ တို့တွေအနေနဲ့ ဥပဒေအရ ဆောင်ရွက်ပေးသင့်တာများကို ဆောင်ရွက်ပေးဖို့ တာဝန်ရှိသလို နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေ အနေနဲ့ ဘာသာရေး၊ လူမျိုးရေး အကြောင်းပြုပြီး ဆောင်ရွက်လာမှုများဟာ အချုပ်အခြာ အာဏာကို ထိပါးလာနိုင်တာ ဖြစ်တာကြောင့် တပ်မတော်ရဲ့စိတ်ဓာတ်ကို အခြေခံပြီး ကာကွယ်သွားဖို့လည်း တာဝန်ရှိတယ်”ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

လူမျိုးရေးနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် ရိုဟင်ဂျာလူမျိုး မရှိသည်ကို ကမ္ဘာက သိအောင် အသိပေးထားပြီးဖြစ်ပြီး ဘင်္ဂါလီ လူမျိုးများသည် တိုင်းရင်းသားများ မဟုတ်ဘဲ ရခိုင်ပြည်နယ်တွင် လာရောက် နေထိုင်သူများသာဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားသည်။

“လုံးဝကို ကြိုဆိုတယ်၊ တကယ် လက်တွေ့ကျကျ လုပ်ဖို့လည်း တိုက်တွန်းနေမှာပါ၊ ဒါဟာ သာမန် ပဋိပက္ခမဟုတ်တော့ အမျိုးသားရေး တာဝန်တစ်ရပ်အနေနဲ့ ပြောပေးတဲ့အတွက် ဝမ်းသာပါတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ပြောဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်သည် ရခိုင်ပြည်နယ်အရေးကို မီးမောင်း ထိုးပြလိုက်ခြင်းဖြစ်ပြီး နိုင်ငံတော်၏ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် တာဝန်ကျေသော စကားဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က မှတ်ချက်ပေးလိုက်သည်။

“ခုလက်ရှိအစိုးရ သွားနေတဲ့ လမ်းစဉ်နဲ့သူ (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်) ပြောတဲ့လမ်းစဉ်နဲ့ သိပ်မကွဲပြားပါဘူး။ ငါတို့နဲ့မဆိုင်တော့ မှတ်ချက် မပေးလိုပါဘူး”ဟု NLD ပါတီမှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုးသူရထွန်းက ဆိုသည်။

ဦးသိန်းစိန်အစိုးရ လက်ထက်တွင်လည်း ရိုဟင်ဂျာမရှိကြောင်း တရားဝင် ပြောကြားပြီး ဖြစ်သောကြောင့် တပ်မတော်၏ ရပ်တည်ချက်ကို လက်ခံကြောင်း ရှမ်းပြည်နယ်၊ ကွန်ဟိန်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်နန်းဝါနုက မှတ်ချက်ပြုသည်။

“ရခိုင်အရေးဟာ တစ်နိုင်ငံလုံး အရေးပါ။ တိုင်းရင်းသား အားလုံးရဲ့အရေးပါ။ ခုလိုပြောတာကို လက်ခံပါတယ်”ဟု ၎င်းက ဆိုသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ပြောကြားချက်သည် ၎င်းတို့၏ သဘောထားနှင့် အတူတူဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမောင်သင်း (ကြံ့ခိုင်ရေး ပါတီဝင်) က ပြောကြားသည်။

၇၂ နှစ်မြောက် တပ်မတော်နေ့ကို နေပြည်တော်ရှိ တပ်မတော် စစ်ရေးပြကွင်းတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး စစ်ရေးပြအင်အား ၁၀၅၃၁ ဦး ရှိခဲ့သည်။

S-01


  • VIA