News

POST TYPE

NEWS

မြန်မာ့နွေဦး တစ်ပတ်လည်
26-Mar-2017 tagged as အစိုးရ NLD

ပြောင်းလဲမှုများ အချိန်ဆိုင်းနေပါက အခွင့်အလမ်းတံခါး အလျင်အမြင် ပိတ်သွားနိုင်သည်။ 

ရာစုနှစ် ထက်ဝက်နီးပါး အထီးကျန်ဘဝမှ ကမ္ဘာ့အလယ်သို့ ပြန်လည်တိုးဝင်ရန် ကြိုးပမ်းလာသည့် မြန်မာကို နိုင်ငံတကာက ‘မြန်မာ့နွေဦး’ ဟု အမည်တပ်၍ အုတ်အော်သောင်းတင်း ကြိုဆိုခဲ့ကြသည်။  ထိုစဉ်က မြန်မာသည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်။  

“နိုင်ငံတကာ သတင်းမီဒီယာတွေ မှာ ကျွန်တော်တို့ရဲ့ အသွင်ကူးပြောင်းမှုကို ‘Burma Spring’၊ ‘Myanmar Spring’ အစရှိတဲ့ အမည်နာမအမျိုးမျိုး ကင်ပွန်းတပ်ခံနေရတာကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်”

လွန်ခဲ့သောငါးနှစ် မတ်လတွင် သမ္မတ ဦးသိန်းစိန် ပြောဆိုခဲ့သောစကား ဖြစ်သည်။ 

စစ်အာဏာရှင် တပ်မတော်အစိုးရ လက်ထက်မှ ရွေးကောက်ပွဲများက တစ်ဆင့် တက်လာသည့် အရပ်သားတစ်ပိုင်း အစိုးရသို့ အသွင်ပြောင်းအပြီး တစ်နှစ်အကြာ ပြည်ထောင်စုလွှတ်တော်၌ ပြောကြားသည့် မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောဆိုခဲ့သည်။  

ကာလယန္တရား၏ တိုက်စားမှုအောက်တွင် ယနေ့မြန်မာသည် လွန်ခဲ့သည့်ငါးနှစ်က မြန်မာမဟုတ်တော့။

ငါးနှစ်အကြာတွင် အစိုးရတစ်ရပ်မှ နောက်အစိုးရတစ်ရပ်သို့ ပြောင်းလဲခဲ့သည်မှာ အချိန်တစ်နှစ်တိုင်ခဲ့ပြီ ဖြစ်သလို နွေဦးကြိုသံများနှင့် ပျားရည်ဆမ်းကာလသည်လည်း နိဋ္ဌိတံခဲ့ပြီ။ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အမျိုးမျိုးသော စိန်ခေါ်မှုများက ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏အစိုးရကို ဆီးကြိုထွေးပွေ့သည်။

နိုင်ငံတကာတွင်လည်း မြန်မာတို့  မျက်နှာပျက်ရခြင်းမျိုး ခပ်စိပ်စိပ် ကြုံနေရသည်။ 

အစိုးရအတွက် အခက်အခဲ အကျပ်အတည်း အများစုမှာ ရှေးယခင် အစိုးရ အဆက်ဆက်တို့၏ ဆိုးမွေကို ခံယူရခြင်း ဖြစ်ပါသည်။ တစ်ဖက်၌လည်း အစိုးရသက်တမ်း တစ်နှစ်တိတိအကြာ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသည် အများပြည်သူ မျှော်လင့်သလောက် ခရီးပေါက်ပါမည်လော ဟူသည့် စိုးရိမ်သံများက ပိုကျယ်လာသည်။

မျှော်လင့်ချက်များ စိန်ခေါ်မှုများကြားမှ အစိုးရ၏ တစ်နှစ်တာကာလကို ပြန်လှည့်ကြည့်သော်။

နိုင်ငံရေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုအောက်တွင် စစ်အာဏာရှင်စနစ်ကို ကြံ့ကြံ့ခံ တော်လှန်သော၊ တိုင်းရင်းသားပါတီ လက်နက်ကိုင် အဖွဲ့အစည်း  လူပုဂ္ဂိုလ်အများစုက ယုံကြည်ကိုးစားသော ပြိုင်ဘက်ကင်းပါတီ ဖြစ်သည်။

ယင်းကို ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲက သက်သေပြခဲ့သည်။ 

နိုင်ငံ၏ လူဦးရေအများစု ဖြစ်သော ဗမာတိုင်းရင်းသားနှင့် ကျန်တိုင်းရင်းသားများအကြား ခေတ်စနစ်က ဖန်တီးလိုက်သည့် အနာအမျိုးမျိုးကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို အပူတပြင်း ကြိုးပမ်းနေရချိန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် တောင်တန်းပြည်မ နေရာဒေသ အနှံ့အပြားတွင် အနိုင်ရခဲ့သည်။

တိုင်းရင်းသားဒေသများတွင် ဒေသခံ ပါတီများကသာ မဲအများဆုံး ရလိမ့်မည်ဟု  တွက်ဆခဲ့ကြသော်လည်း ရခိုင်နှင့် ရှမ်းပြည်နယ် နေရာအချို့မှအပ တစ်ပြည်လုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ်နိုင်ခဲ့သည်။

ယင်းသို့သော ဝန်းရံထောက်ခံမှုမျိုးဖြင့် အစိုးရအာဏာကို ဆုပ်ကိုင်နိုင်ခဲ့သည့် အာဏာရပါတီနှင့် မဟာမိတ်တို့အကြား ဆက်ဆံရေးက အစိုးရဖွဲ့ခါနီး အချိန်မှစ၍ တစ်စတစ်စ ယိုယွင်းခဲ့ရာ တစ်နှစ်သားအကြာတွင် မဟာမိတ် အများစုနှင့် အာဏာရပါတီတို့ ဆက်ဆံရေးက အက်ကြောင်းပိုထူလာသည်။  

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကမူ ယင်းသို့မဟုတ်ဟု ဆိုသည်။

“အရင်တုန်းကလည်း ဒီလိုပဲ၊ ခုလည်း ဒီလိုပါပဲ” ဟု နှစ်ဖက်ဆက်ဆံရေးအပေါ် မှတ်ချက်ပြုသည်။

သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် မဟာမိတ်များ စုပေါင်းမျှော်မှန်းခဲ့သည့် နိုင်ငံရေး မျှော်မှန်းချက်များ လက်တွေ့ဖြစ်မလာဟု သူက ထောက်ပြသည်။ ဥပမာ- နိုင်ငံရေးအကျဉ်းသားကဲ့ သို့သောကိစ္စတွင် ယနေ့အစိုးရ၏ လုပ်ကိုင်ဆောင်ရွက်ပုံက အားရဖွယ်မရှိဟု သူက ဆိုသည်။

အခြားတစ်ဖက်တွင်မူ အစိုးရ၊ အာဏာရပါတီတို့နှင့် နှစ်ရှည်လများ ရန်သူတော်သဖွယ် ဖြစ်ခဲ့သော တပ်မတော်တို့အကြား ဆက်ဆံရေးက အဖုအထစ် ကြီးကြီးမားမား ပေါ်ပေါ်တင်တင် မတွေ့ရ။ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ၌လည်း အစိုးရနှင့် တပ်မတော်တို့ တစ်သံတည်း ထွက်ခဲ့သည်။ 

ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွဲဖက်ညီညီဖြင့် တိုင်းရေးပြည်ရာများ စီမံခန့်ခွဲနေသည်ဟူသော သတင်းစကားလည်း ကြားရသည်။ ထိုအခြေအနေက ဝမ်းမြောက်ဖွယ် ဖြစ်သော်လည်း တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တစ်ဖက်တည်း ရပ်ပြီလောဟူသည့် မေးခွန်းများ တိုင်းရင်းသားပါတီ/လက်နက်ကိုင် အသိုင်းအဝိုင်းတွင် ပေါ်ထွက်လာသည်။

တစ်ချိန်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစု အားလုံးနီးပါးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို အားပေးထောက်ခံသူများ ဖြစ်ခဲ့သော်လည်း မျက်မှောက်ကာလတွင် အခြေအနေ ပြောင်းလဲသွားသည်။ အာဏာရပါတီသည် တပ်မတော်နှင့် တစ်သားတည်း ဖြစ်သွားပြီး တိုင်းရင်းသား လက်နက်ကိုင်တို့ကို မျက်ကွယ်ပြုလေပြီ ဟူသော ယူဆချက်အချို့ ကြားလာရသည်။ 

အထက်ပါ ယူဆချက်များ၏ ဆက်တွဲအဖြစ် သံသယတို့လည်း ပေါက်ဖွားလာပြီး  ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် ၂၁ ရာစု ပင်လုံက အလုံးအထည် ပီပီသသ ဖြစ်မလာ။ လက်ရှိအစိုးရ လက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့တလေမျှ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးခြင်း မရှိသေးပေ။

သံတမန် ဆက်ဆံရေးကဏ္ဍတွင်မူ  သမ္မတ ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် အစိုးရသက်တမ်း တစ်နှစ်သားကာလအတွင်း ကမ္ဘာ့အင်အားကြီး နိုင်ငံအားလုံးနီးပါးသို့ ခပ်မြန်မြန် သွားရောက်ပြီး နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ညှိနှိုင်းသဘောတူညီမှုများ လုပ်နိုင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန် ခရီးစဉ်က မြန်မာနိုင်ငံအပေါ် အမေရိကန်၏ ဒဏ်ခတ်ပိတ်ဆို့မှု အားလုံးကို  ဖယ်ရှားနိုင်ခဲ့သည်။ ဂျပန်နိုင်ငံသို့ သွားရောက်စဉ်၌လည်း ဂျပန်အစိုးရက ဒေါ်လာ ခုနစ်ဘီလီယံကျော်ကို မြန်မာနိုင်ငံဆိုင်ရာ အစီအစဉ်များတွင် သုံးစွဲရန် ကတိပြုခဲ့သည်။ 

အဆိုပါ ခုနစ်ဘီလီယံကျော်တွင် ထောက်ပံ့ငွေ၊ ချေးငွေနှင့်ရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ပါဝင်သည်။ 

သမ္မတ ဦးထင်ကျော်သည်လည်း အိန္ဒိယ၊ ရုရှား စသည့် နိုင်ငံကြီးများသို့  သွားရောက်ခဲ့သည်။

သမ္မတ ဦးထင်ကျော်၏ ရုရှားခရီးစဉ် နောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အပြောင်းအလဲ လုပ်ခဲ့သည်။ သံအမတ်သစ်မှာ မြန်မာနိုင်ငံ သံတမန် အသိုင်းအ၀ိုင်းတွင် မြန်မာဘာသာစကား  အကျွမ်းကျင်ဆုံး သံတမန် တစ်ဦးလည်း ဖြစ်သည်။ 

ရုရှားသံအမတ်ကြီးနှင့် The Voice တို့ တွေ့ဆုံစဉ် ရုရှားက မြန်မာနိုင်ငံနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုသည့် သဘောထားများ ပြသခဲ့သည်။ စီးပွားရေး၊ ပညာရေး၊ လူထုဆက်သွယ်ရေးဆိုင်ရာ အစီအစဉ်များလည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် ရုရှားက ရင်းနှီးမြှုပ်နှံသည့် စက်မှုလုပ်ငန်း အချို့ပင် စတင်လည်ပတ်ရန် တာစူနေပြီ ဖြစ်သည်။

ဆိုဗီယက်ခေတ်က မြန်မာနှင့် ဆိုဗီယက်တို့၏ ရင်းနှီးချစ်ကြည်သည့် ဆက်ဆံရေးမျိုး ပြန်လည်ထူထောင်လိုကြောင်း ရုရှားသံအမတ်ကြီးက ဆိုသည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ကိစ္စများကို မြန်မာအစိုးရနှင့် ပြည်သူတို့ကသာ  ကိုင်တွယ်ဖြေရှင်းရမည် ဖြစ်ကြောင်းလည်း  သံအမတ်ကြီးက မှတ်ချက်ပြုသည်။

မြန်မာ့အရေးတွင် ပြင်ပနိုင်ငံအချို့ ဝင်ရောက်ခြယ်လှယ်သည်ကို ရုရှားက သဘောတွေ့ဟန်မရှိ။

လတ်တလော ကုလသမဂ္ဂတွင် ရခိုင်ပြည်နယ်နှင့် သက်ဆိုင်သည့် မြန်မာ့အရေး ကြေညာချက်ကို ရုရှားနှင့် တရုတ်တို့က ကန့်ကွက်ခဲ့သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြန်မာ့အရေး ကြေညာချက်ကို ထိုသို့ကန့်ကွက်သဖြင့် မြန်မာအစိုးရ အသက်ရှူပေါက် ချောင်ခဲ့သည်ဟု  ဆိုနိုင်သည်။ 

မဟုတ်လျှင် နိုင်ငံတကာတွင် လူ့အခွင့်အရေးခေါင်းစဉ်အောက်၌ မြန်မာတို့ မျက်နှာထပ်ပျက်ရမည့်ကိန်း ဖြစ်နေသည်။ 

နိုင်ငံရေးကဏ္ဍ တစ်နှစ်တာကို ပြန်ကြည့်သော် ပြည်တွင်းရှိ မဟာမိတ် အင်အားစုများနှင့် ခပ်ခွာခွာ ဖြစ်ခဲ့သော်လည်း ကမ္ဘာ့နိုင်ငံကြီးများသို့ ဆက်တိုက်သွားရောက်၍ စီးပွားရေး အခွင့်အလမ်းများ  ဖော်ထုတ်နိုင်ခဲ့မှု၊ သံခင်းတမန်ခင်း ပိုမိုအားကောင်းလာမှုအချို့ မြင်ရသည်။

 ခြုံကြည့်သော် အဆိုးအကောင်းတို့ ရောပြွမ်းနေသည်ကို တွေ့ရပေမည်။

အုပ်ချုပ်ရေး

ဤကဏ္ဍတွင် အစိုးရ၏ ခြေရာလက်ရာတို့ကို ထင်ထင်ရှားရှား အတွေ့ရဆုံး ဖြစ်သည်။

အထူးသဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရွေးကောက်တင်မြှောက်သည့် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များသည် လက်သံပြောင်စွာ ဒေသန္တရ အစိုးရလုပ်ငန်းများကို စီမံလုပ်ကိုင်လျက် ရှိသည်။  ရန်ကုန်၊ မကွေးနှင့် တနင်္သာရီ ဝန်ကြီးချုပ်တို့က ထင်ရှားသည်။ 

ရန်ကုန်တိုင်းဒေသကြီးက အလှုပ်ခတ်ဆုံးဖြစ်ပြီး ယမန်နှစ် ဧပြီလဆန်း သင်္ကြန်ကြိုကာလ ရေကစားမဏ္ဍပ်များ ပိတ်ပင်ခြင်းမှသည် အထပ်မြင့်အဆောက်အအုံ၊ မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ် အပြောင်းအလဲ စသည့် အထင်ကရ ဆုံးဖြတ်ချက်များစွာကို သက်တမ်းနုနုနယ်နယ် ကာလအတွင်း၌ပင် ရဲဝံ့စွာ ဆုံးဖြတ်လုပ်ကိုင်ခဲ့သည်။

အထက်ပါ အပြောင်းအလဲများတွင် တိုင်းပြည်၏ စီးပွားရေးကို ကြီးကြီးမားမား  ရိုက်ခတ်ခဲ့သည်လည်း ရှိသည်။ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်နေမှုကို ယာယီရပ်ဆိုင်းလိုက်သည့် ကိစ္စဖြစ်သည်။ မြို့တွင်းသယ်ယူပို့ဆောင်ရေးစနစ် အပြောင်းအလဲတွင်မူ လူထု၏ အားပေးထောက်ခံမှုကို တစ်ခဲနက် မြင်ရသည်။

ဝေဖန်ထောက်ပြသံ အဆူညံဆုံးသော အစိုးရ၏ ဆောင်ရွက်ချက်တစ်ခု အဖြစ်လည်း YBS က မှတ်တမ်းဝင်သည်။

ရန်ကုန်အစိုးရ၏ မထသမှ YBS သို့ အပြောင်းအလဲတွင် ရန်ကုန်လူထု ရာပေါင်းများစွာက လူအား၊ ငွေအား အားတက်သရော ကူညီဝိုင်းဝန်းခဲ့သည်။သို့သော် YBS မှာ အခြေကျလှသည် မရှိသေးဘဲ ရန်ကုန်အစိုးရကို အကဲဖြတ်မည့် ပုစ္ဆာတစ်ပုဒ်အဖြစ် ကျန်ရှိနေဆဲဖြစ်သည်။

“NLD အစိုးရရဲ့ အားသာချက်က ပြည်သူက အားပေးကူညီချင်တဲ့၊ အချစ်ခံရတဲ့ အစိုးရ ဖြစ်တယ်” ဟု စမ်းချောင်းမြို့နယ်တွင် နေထိုင်သော အမျိုးသမီးငယ်တစ်ဦးက မှတ်ချက်ပြုသည်။ သူက အစိုးရ၏ အထင်ကရ ဆုံးဖြတ်လုပ်ကိုင်မှုများကို စိတ်ဝင်တစား လေ့လာစောင့်ကြည့်တတ်သူလည်း ဖြစ်သည်။ 

မကွေးတိုင်းဒေသကြီး အစိုးရသည် လည်း တစ်နှစ်တာကာလအတွင်း ကန့်ကွက်ဆန္ဒပြမှု လေးကြိမ်ခန့် ထူးထူးခြားခြား ကြုံခဲ့ရသည်။ အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက် အချို့နှင့် ပတ်သက်၍ ဖြစ်သည်။ သို့သော်  ယင်းဆန္ဒပြမှုများမှာ ဒေသတစ်ခုလုံးနှင့် သက်ဆိုင်ခြင်း မရှိပါ။

တစ်နှစ်တာကာလကို ခြုံငုံကြည့်သော ဒေါက်တာအောင်မိုးညို ဦးဆောင်သည့် မကွေးအစိုးရသည် အလုပ်လုပ်သည့် အစိုးရတစ်ရပ်ဟု တိုင်းဒေသကြီးအတွင်းရှိ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကပါ အသိအမှတ်ပြု ထောက်ခံလာသည်အထိ အမှတ်ရခဲ့သည်။

ဒေသတွင်း ဆောက်လုပ်ရေး စီမံကိန်းများမှ ကျပ်သန်းပေါင်းတစ်သောင်းကျော် ပြန်လည်စစ်ထုတ်နိုင်ခဲ့ပြီး ယင်းတို့ကို မြို့ပြကျေးလက်လမ်းမများ အဆင့်မြှင့်တင်ရေးတွင် အသုံးပြုနိုင်ခဲ့ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရ မှတ်တမ်းများက ဆိုသည်။ 

မွန်ဝန်ကြီးချုပ် နုတ်ထွက်သွားခြင်းကမူ တစ်နှစ်သား အစိုးရအတွက် ခေါင်းလောင်းသံ ဖြစ်သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ်သည် စီမံခန့်ခွဲမှု အလွဲအချော်များကြောင့် ဖယ်ရှားခံရမည်ဟု ကာလအတန်ကြာ သတင်းထွက်ခဲ့သူ ဖြစ်သော်လည်း အမှန်တကယ် နုတ်ထွက်ချိန်တွင် အကြောင်းအရင်းကို နှစ်ဖက်လုံးက တိတိပပ ရှင်းလင်းပြောကြားခြင်း မရှိပေ။

ပွဲဆူနေဆဲဖြစ်သည့် ချောင်းဆုံတံတား အမည်ပြောင်းခြင်း အစီအစဉ်က ဝန်ကြီးချုပ် နုတ်ထွက်ရခြင်း အကြောင်းတစ်ရပ်ဟုသာ သိရသည်။ 

ပြည်ထောင်စုအဆင့်၌မူ အုပ်ချုပ်ရေးနည်းနာနှင့် လုပ်ပုံကိုင်ပုံတို့က ရှင်းရှင်းလင်းလင်း မရှိလှပါ။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံတွင် အာဏာအများစု စုပြုံရောက်ရှိနေသကဲ့သို့ ဖြစ်နေပြီး ဝန်ကြီးဌာန အများအပြား၏ ထိရောက်သော ဆုံးဖြတ်လုပ်ကိုင်မှုကို ထင်ထင်ရှားရှား မတွေ့ရပေ။ နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတရုံးဝန်ကြီး တာဝန်များအပြင် ငြိမ်းချမ်းရေး၊ ရခိုင်အရေး စသည့် များမြောင်လှသော ပြည်ထောင်စုအဆင့် ကော်မတီ ကော်မရှင်တို့၏ အကြီးအမှူးနေရာကို ယူထားသည့် ဒေါ်အောင်ဆန်းစုကြည်မှာ  အလုပ်တာဝန်များ ဖိစီးခံနေရသည့် ပုံစံ ဖြစ်သည်။

ဝန်ကြီးဌာန အများအပြားကို ပေါင်းစပ်ခြင်း ဝန်ကြီးဌာနအချို့ အသစ်ဖန်တီးခြင်း ပြုလုပ်ခဲ့ရာ ပေါင်းစပ်လိုက်သည့် ဝန်ကြီးဌာနများ အထိုင်ကျရေး အချိန်ယူနေရကြောင်း၊ ဝန်ကြီးများက ဌာန၏  လုပ်ငန်းသဘောသဘာဝကို အာဏာလွှဲပြောင်းပြီး နောက်ပိုင်းမှ လေ့လာခွင့်ရသလို အစိုးရအနေနှင့် ယခင်အစိုးရ အဆက်ဆက်တို့၏ ပြဿနာများကို ထိုင်ရှင်းနေရချိန်လည်း ဖြစ်ကြောင်း အာဏာရပါတီ၏ အကြီးအကဲများဖြစ်သော ဦးဝင်းထိန်၊  ဦးဟန်သာမြင့် စသူတို့က ပြောဆိုထားသည်။ 

တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတို့၏ လုပ်ဆောင်မှုသည်လည်း တစ်နှစ်တာခရီး၌ လောက်လောက်လားလား ပြစရာ မရှိပါ။ ထိုနှစ်ဌာနမှာ လက်ရှိအစိုးရက ဖန်တီးလိုက်သော အသစ်စက်စက် ဝန်ကြီးဌာနများ ဖြစ်သည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီး၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးနှစ်ဦးက အစိုးရအဖွဲ့တွင် နာမည်ကောင်းထွက်သူများ ဖြစ်သည်။ နိုင်ငံတစ်ဝန်း ရေဘေး၊ မီးဘေး၊  စစ်ဘေး စသည့် ဘေးဒုက္ခအမျိုးမျိုး ကြုံခိုက်တွင် လူမှုဝန်ထမ်းဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အချိန်မဆိုင်း ရောက်သွားတတ်သည်။

နိုင်ငံတစ်ဝန်းမှ လူငယ်အရေး တက်ကြွလှုပ်ရှားသူများသည်လည်း ဒေါက်တာဝင်းမြတ်အေးနှင့် အဓိက ထိတွေ့ဆက်ဆံနေရပြီး ပြည်ထောင်စုဝန်ကြီး၏  ကြိုးပမ်းအားထုတ်မှုများအပေါ် အသိအမှတ်ပြုသံများ ကြားရလေ့ရှိသည်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီး  ဒေါက်တာမြင့်ထွေးသည်လည်း လွှတ်တော်တွင် မေးခွန်းများ လာရောက်ဖြေဆိုသည်ကအစ အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်သူဟု နာမည်ထွက်သည်။ လတ်တလော ပူပူနွေးနွေး ဖြစ်ပွားသည့် သူနာပြုတက္ကသိုလ် ကျောင်းသားများ ဆန္ဒပြမှုတွင် ပြည်ပခရီးစဉ်မှ ချက်ချင်းပြန်လာပြီး ပြဿနာ မကြီးထွားအောင် ထိန်းသိမ်းနိုင်ခဲ့သူ ဖြစ်သည်။ 

ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်ဘဝမှ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဖြစ်လာသူ ဒေါက်တာအောင်သူမှာ လက်ဖက်ရည်တစ်ခွက် လျှော့သောက်မည့် မျှဝေခြင်း အစီအစဉ်ကြောင့် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ထမင်းတစ်နပ် လျှော့စားပါဆိုသည့် ဝန်ကြီးနှင့် ခိုင်းနှိုင်းခံခဲ့ရသည်။  

လာမည့် ဘဏ္ဍာနှစ်သစ်အတွက် အစိုးရ အသုံးစရိတ်ကို လွှတ်တော်က ကျပ်ဘီလီယံ ၄၆၀ ကျော် ဖြတ်တောက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တစ်ခုတည်းမှ ဘီလီယံ ၂၃၀ နီးပါး ဖြတ်တောက်ခံရပြီး  စုစုပေါင်း ဖြတ်တောက်ဘဏ္ဍာငွေ၏ ထက်ဝက်ဖြစ်သည်။

စာပေနယ်မှ ပြန်ကြားရေးဝန်ကြီး ဖြစ်လာသူ ဒေါက်တာဖေမြင့်သည်လည်း အားရစရာ မရှိပါ။

စာပေလောကသားတစ်ဦး ပြည်ထောင်စုအစိုးရ၏ စာနယ်ဇင်းဆိုင်ရာ ဝန်ကြီးတာဝန်ကို ယူထားခြင်း ဖြစ်သော်လည်း ပုဂ္ဂလိက သတင်းမီဒီယာများမှာ ပြည်သူ့ဘဏ္ဍာ အသုံးပြု လည်ပတ်နေသည့် နိုင်ငံပိုင်သတင်းစာများ၏ စီးပွားရေး လက်ဝါးကြီးအုပ်မှုကို ယခင်အတိုင်း ကြုံနေရဆဲ ဖြစ်သည်။ 

အစိုးရအဖွဲ့ကို ကိုယ်စားပြုသည့် သတင်းပြန်ကြား ပြောဆိုမှုတွင်လည်း လစ်ဟာချက် အများအပြား တွေ့ရသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးသည် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဖြစ်ပြီး အစိုးရအဖွဲ့ကို ကိုယ်စားပြု၍ နိုင်ငံ့ရေးရာ ကိစ္စရပ်များကို ဒိုင်ခံဖြေကြားသည်။ သမ္မတ ဦးထင်ကျော် အစိုးရလက်ထက်တွင် သမ္မတ၊ အစိုးရအဖွဲ့ကို ကိုယ်စားပြု ပြောဆိုမည့်သူ မရှိ။

နိုင်ငံရေးတာဝန် ထမ်းဆောင်နေသူ မဟုတ်သည့် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကို ဒေါ်အောင်ဆန်းစုကြည်၏ ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ထားသော်လည်း နိုင်ငံတော်သမ္မတ၊ အစိုးရအဖွဲ့တို့၏ နိုင်ငံ့ရေးရာ ကိစ္စရပ်များကို ဖြေကြားရာတွင်  အကန့်အသတ်များ ရှိနေသည်။ 

အရည်အချင်း မပြည့်မီသူ စေတနာမရှိ အနစ်နာမခံနိုင်သည့် ဆရာ၊ ဆရာမများကို ရပ်ဝေးသို့ သွားစေမည်ဟု ပြောဆိုခဲ့သည့် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးလည်း နာမည်ကောင်းထွက်သည့် ဝန်ကြီးစာရင်းတွင် မပါပါ။ ပဒေသရာဇစ်ခေတ်၊ မဆလခေတ်၊ အာဏာရှင်ခေတ်တို့တွင် ကျင့်သုံးခဲ့သည့် အဝေးနှင် ပညာရေးစနစ်ကို ဆက်လက်အသက်သွင်းမည့် ဝန်ကြီးကို ပညာရေး အသိုင်းအဝိုင်းတွင် မနှစ်မြို့သူ အများအပြား ရှိနေသည်။

ကွက်လပ်များ

အစိုးရသက်တမ်း တစ်နှစ်တာကာလ ကုန်ဆုံးချိန်တွင် အစိုးရအနေနှင့် အခက်အခဲ စိန်ခေါ်မှုများစွာ ရင်ဆိုင်နေရသည်မှာ အမှန်ဖြစ်သည်။ တစ်ပြိုင်နက်တွင် အစိုးရက လုပ်နိုင်သော်လည်း လစ်ဟင်းနေသည့် ကွက်လပ်အများအပြားကို  မြင်တွေ့ရသည်။

အစိုးရ၏ တစ်နှစ်အတွင်း လုပ်ဆောင်ခဲ့မှုများမှ အားသာချက်၊ အားနည်းချက်နှင့် လာမည့်နှစ်တွင် ဦးစားပေး လုပ်ဆောင်သင့်သည်များကို ပညာရေး၊ စီးပွားရေး အပါအဝင် နယ်ပယ်သုံးခုမှ လူသုံးဦး၏  သဘောထားအချို့အား The Voice က မေးမြန်းထားသည်။ 

ထိုသုံးဦးသည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို လူအား၊ ငွေအားဖြင့်  အားတက်သရော အားပေးထောက်ခံနေသူများ ဖြစ်သလို နိုင်ငံ့ရေးရာများကိုလည်း မျက်ခြည်မပြတ် လေ့လာနေသူများ ဖြစ်သည်။ ၎င်းတို့၏ အစိုးရအပေါ် အမြင်အချို့ကို ကြည့်ကြပါစို့။

“ကျွန်တော့်အမြင် ဒီတစ်နှစ်လုံး ငြိမ်းချမ်းရေးဆိုပြီး ခေါင်းစဉ်တပ် ပုံအောသုံးလိုက်တာ မှားတယ်။ နောက်ပြီး တိုင်းပြည်စီးပွားရဲ့ ၇၀ ရာခိုင်နှုန်းလောက် အရေးကြီးတဲ့ ရန်ကုန်ကို လူတစ်ယောက် လက်ထဲမှာ ပစ်ထားလိုက်တယ်။ အဲဒါအမှားကြီးပဲ” ဟု ဒေသတွင်း နိုင်ငံအများအပြားနှင့် ချိတ်ဆက်၍ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်နေသူ ဦးထိန်လင်းအောင်က သုံးသပ်ပြောဆိုသည်။ 
“ပြည်တွင်းက စီးပွားရေး လုပ်ငန်းရှင်တွေကို အလုပ်လုပ်ချင်လာအောင် မဆွဲဆောင်နိုင်ခဲ့ဘူး”

ရန်ကုန်အစိုးရ၏ အဆုံးအဖြတ်အချို့က တစ်နှစ်ဆို ဆိုသလောက်ပင် ရိုက်ခတ်မှု ကြီးမားခဲ့သည်က အမှန်ဖြစ်သည်။ 

ခေတ်စနစ်အခြေအနေအရ တိုင်းပြည်စီးပွားရေးကို ခရိုနီခေါ် စီးပွားရေး လုပ်ငန်းရှင်ကြီး အချို့အား မဏ္ဍိုင်ပြု၍ မောင်းနှင်နေရဦးမည် ဖြစ်ပြီး ယင်းသို့ မောင်းနှင်ရာတွင်လည်း လုပ်ငန်းရှင်များကို လမ်းကြောင်းမှန်အတိုင်း အလုပ်လုပ်နိုင်စေရန် ဆွဲဆောင်ရမည် ဖြစ်ကြောင်း တစ်ဦးတစ်ယောက်ကို  လုပ်ပိုင်ခွင့် ပိုမပေးမိစေရန် လိုကြောင်း ၎င်းက သတိပေးသည်။

“သူတို့ပါလာရင် သူတို့ဆက်စပ်ပြီး နိုင်ငံခြားက ပါလာမှာ” ဟု ခရိုနီများနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဆက်အစပ်ကို ဦးထိန်လင်းအောင်က ညွှန်းဆိုသည်။ 

ပညာရေးကဏ္ဍတွင် အခြေခံပညာရေးကို ဦးစားပေးရန် လိုအပ်ပြီး အခြေခံပညာတွင်မှ မူလတန်းပညာရေးကို အဆင့်မြှင့်တင် ပြောင်းလဲရန်လိုကြောင်း အထက်တန်းပြဆရာမ ဒေါ်ဟန်စုမွန်က ဆိုသည်။  မူလတန်းတွင် ဆရာကျောင်းသား အချိုးအစားမျှတရန် အရေးကြီးကြောင်း ထပ်လောင်းပြောဆိုသည်။

“KG ကို သေချာမလုပ်ဘူး။ စာအုပ်တွေ ပြန်သိမ်းတယ်။ ဘာကြောင့်လဲ မပြောဘူး။ မရှင်းပြဘူး” ဟု ပညာရေးဌာန၏ အလွဲအချော်အချို့ကို ဒေါ်ဟန်စုမွန်က ထောက်ပြသည်။ 

“တခြားဟာထက် KG ကို အားစိုက်စေချင်တယ်။ ကိုယ့်သားသမီးကို ဘယ်လိုလေ့ကျင့်ထားတဲ့ ဆရာမျိုးနဲ့ သင်စေချင်လဲ။ ဘယ်လိုပညာရေးစနစ်နဲ့ တွေ့စေချင်လဲ။ ဘယ်လိုဝန်ဆောင်မှုနဲ့  ဖြတ်သန်းစေချင်လဲ” ဟု သူက မေးခွန်းထုတ်သည်။ 

အစိုးရ၏ လုပ်ငန်းဆောင်တာများကို စိတ်ဝင်စားပြီး ပြည်ပနိုင်ငံအချို့တွင်လည်း သွားရောက်ပညာသင်ယူဖူးသူ၊ ပြည်ပလူနေမှု အတွေ့အကြုံ ရှိထားသူ အမျိုးသမီးငယ်တစ်ဦးက အစိုးရ၏ အားနည်းချက်အချို့ကို အောက်ပါအတိုင်း ထောက်ပြသည်။ 
“ပြည်သူကို အကျိုးအကြောင်း ရှင်းပြမှု မရှိဘူး။ အစိုးရအဖွဲ့ဝင်တွေက PR အားနည်းတယ်။ ဘာလုပ်နေတယ်ဆိုတာ သတင်းထုတ်ပြန်မှု သိပ်မရှိဘူး” ဟု သူက မှတ်ချက်ပြုသည်။ 

လက်ရှိ ရှိနှင့်ပြီးဖြစ်သော သမ္မတရုံးဝက်ဘ်ဆိုက်၊ ဝန်ကြီးဌာန ဝက်ဘ်ဆိုက်တို့အပြင် တိုင်းဒေသကြီး ပြည်နယ်အစိုးရများ အနေနှင့် လုပ်ငန်းဆောင်တာများကို တရားဝင် အင်တာနက် စာမျက်နှာများ  တည်ထောင်ပြီး ရှင်းပြစေလိုကြောင်း အထက်ပါ အမျိုးသမီးငယ်က တိုက်တွန်းသည်။

“Facebook Page လုပ်ရင်တောင် ရပါတယ်။ ကြိုက်လို့ရွေးထားတဲ့ အစိုးရပဲ။ ကျိုးသင့်ကြောင်းသင့် ရှင်းပြမယ်ဆိုရင် နားထောင်ချင်ကြပါတယ်” ဟု သူက ဆိုသည်။ 

YBS ကဲ့သို့သော ကိစ္စမျိုး၌ မည်သည့်အချိန်တွင် စတင်ပြောင်းလဲ၍ မည်သည့်အခြေအနေသို့ ရောက်ရှိနေကြောင်း၊ မည်သည့်နေရာများတွင် လစ်ဟာချက်များ ရှိနေသေးကြောင်း၊ မည်သို့ဆက်လုပ်မည် ဖြစ်ကြောင်း၊ မည်သည့်အချက်များမှာ လိုအပ်နေဦးမည် ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောဆိုရန် အဆိုပါ အမျိုးသမီးငယ်က ဥပမာပေးသည်။
“NLD မှာ အားသာချက်က ပြည်သူရဲ့ နှစ်သက်ခြင်းကို ခံရတာ။ အဲဒီအားသာချက်ကို ကောင်းကောင်းအသုံး မချနိုင်တာက အားနည်းချက် ဖြစ်နေတာ” ဟု သူက ကောက်ချက်ချသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲ အနိုင်ရ၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရတစ်ရပ် ပေါ်ထွက်လာသည်မှာ မတ်လကုန်တွင် တစ်နှစ်တိတိပြည့်ပြီ ဖြစ်သည်။ တစ်နှစ်တာကာလ ဆောင်ရွက်ချက်များကို ဝန်ကြီးဌာနများ၊ ပြည်ထောင်စု အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများက နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ဝေဝေဆာဆာ အစီရင်ခံလျက် ရှိသည်။

အစိုးရ၏ တစ်နှစ်တာ အစီရင်ခံစာများတွင် ပြည်တွင်းပြည်ပ ပညာရှင်များ၊ လေ့လာသူများ စိုးရိမ်တကြီး ထောက်ပြနေသည့် နိုင်ငံရေး၊ အုပ်ချုပ်ရေး လစ်ဟာချက်များက စိုးစဉ်းမျှမပါ။ သမ္မတ ဦးထင်ကျော် သို့တည်းမဟုတ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တစ်နှစ်ပြည့်မိန့်ခွန်း ပြောလာခဲ့လျှင် အဆိုပါ လစ်ဟာချက်များ ပါလာမည်လော မပြောတတ်သေး။

ယနေ့အချိန်ထိမူ မိန့်ခွန်းသံလည်း အရိပ်အယောင်မျှ မကြားရသေးပါ။

ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း ၂၀ ကျော် ကြံ့ကြံခံ တိုက်ပွဲဝင်ခဲ့ပြီးနောက် အစိုးရအာဏာကို လက်ဝယ်ပိုင်ပိုင် ရရှိချိန်တွင် လုပ်သင့်လုပ်ထိုက်သည်များ အချိန်မီမလုပ်နိုင်ခဲ့လျှင်၊ ပြည်သူတို့၏ အနိမ့်ဆုံး မျှော်လင့်ချက်အချို့ကို မဖြည့်ဆည်းနိုင်ခဲ့လျှင် နောက်တစ်ကြိမ် အခွင့်အရေးစောင့်ရန် မည်မျှထပ်ကြာမည် မသိ။ 

အစိုးရတစ်ရပ်မှ နောက်အစိုးရတစ်ရပ်သို့ ပြောင်းလဲခဲ့သည်မှာ အချိန်တစ်နှစ်တိုင်ခဲ့ပြီ။ နွေဦးကြိုသံများနှင့် ပျားရည်ဆမ်းကာလသည်လည်း နိဋ္ဌိတံခဲ့ပြီ။ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ အမျိုးမျိုးသော စိန်ခေါ်မှုများကြားမှ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရသည် အားသွန်ခွန်စိုက် ရုန်းထွက်ရပေဦးမည်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၆  ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူ ဒဲရစ်မစ်ချယ်က မြန်မာ့နိုင်ငံရေး စီးပွားရေးတို့ကို အသေးစိတ် ဖော်ပြနေသည့် ဂျပန်သတင်းဌာန Nikkei Asian Review တွင် မတ်လ ၂၁ ရက်နေ့က သုံးသပ်ချက်တစ်ခု ရေးသားသည်။ 
‘မြန်မာအစိုးရ အပြောင်းအလဲလုပ်ရန် အချိန်ကျပြီလော’ ဟူသည့်  ခေါင်းစဉ်ဖြင့် ဖြစ်သည်။

သံအမတ်ကြီးတာဝန် ပြီးဆုံး၍ ပြည်တော်ပြန်သွားသူ ဒဲရစ်မစ်ချယ်သည် အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတီကျု (USIP) ၏ ကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် မြန်မာနိုင်ငံသို့ လတ်တလော လာရောက်ခဲ့စဉ် တွေ့မြင်ကြားသိခဲ့သည်များနှင့် သူ ရှုမြင်သမျှကို ရေးသားထားခြင်း ဖြစ်သည်။

အာဏာရအပြီး သက်တမ်းတစ်နှစ် အကြာတွင် အကျိုးအကြောင်း အဆိုးအကောင်းကို ပြန်လည်သုံးသပ်ရမည်မှာ ဒီမိုကရေစီ အစိုးရတစ်ရပ်၏ ထုံးစံဖြစ်ပြီး လိုအပ်သလို ပြင်ဆင်ပြောင်းလဲမှုများ ပြုလုပ်ရမည့် အချိန်ဖြစ်ကြောင်း ဒဲရစ်မစ်ချယ်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ လုပ်ဖော်ကိုင်ဖက်များသည် အစိုးရသက်တမ်း ဒုတိယနှစ်အတွင်း လက်ရှိအနေအထားကို ကျေနပ်မနေဘဲ လက်ရှိ ပိုင်ဆိုင်ထားသည့် အားသာချက်များကို ဆက်လက်ထိန်းသိမ်းရန် လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများကို အချိန်မဆိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း သံအမတ်ကြီးဟောင်းက သတိပေးသည်။
“အခွင့်အရေးဆိုတဲ့ ပြတင်းတံခါးက အလျင်အမြန် ပိတ်သွားနိုင်တယ်”

နော်ကိုကို

ABOUT AUTHOR

(နော်ကိုကို)