News

POST TYPE

NEWS

ကျည်ထောင်စု သစ္စာ
ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတဲ့။ အမည်က အဲ့ဒီလို။

ပြည်မြို့က ထောင်ထဲမှာ စုထားတဲ့ နိုင်ငံတော်ကြီးလို့လည်း မထင်နဲ့။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်း ရှစ်ပြည်ထောင်စုထားတာကြီး ပါတဲ့လေ။

စုထားတယ် ဆိုတာကလည်း တခြားတော့ မဟုတ်ပါဘူး။ တစုတစည်းတည်း တက်ညီလက်ညီ ရန်ဖြစ်ဖို့ စုထားကြတာ။ ရန်ဖြစ်တာတောင် အခုမှ ဖြစ်တာမဟုတ်ဘူး။ သမိုင်းနဲ့ချီပြီး ဖြစ်လာကြတာနော်။

ဒီပြည်ထောင်စုကြီး အကြောင်းကို ဘယ်သမိုင်းစာအုပ် ကောက်လှန်လှန်၊ ဘယ်နှရာစုဖြစ်ဖြစ်... ဘယ်ခေတ်ဖြစ်ဖြစ်...စစ်ဖြစ်နေတာချည်း...ခင်ဗျားတွေ့မှာ ကျိန်းသေတယ်။ 

တိုင်းရင်းသားအချင်းချင်း ခဏထားဦး။

ဖြစ်စရာမရှိ အဖေနဲ့သား၊ ညီနဲ့ အစ်ကို ဆော်ကြ တီးကြတာ။

အခုမျက်မှောက်ခေတ်ကတော့ တိုင်းရင်းသားတွေ... စည်းလုံးကြပါစေ...သွေးချင်းညီအစ်ကိုများ...စည်းလုံးခြင်းရဲ့ အင်အားဆိုတာတွေချည်း တွေ့ရမယ်။

မယုံရင် သင်ရိုးညွှန်းတမ်းတွေမှာကြည့်...တီဗီ ဇာတ်လမ်းတွေမှာကြည့်...။

တကယ်တမ်း သုံးသပ်ကြည့်ရရင်တော့ အမှန်လည်း စည်းလုံးကြပါတယ်။ အမျိုးကို ချစ်ကြပါတယ်။ စည်းလုံးဆို အပြင်နိုင်ငံတွေနဲ့ ရန်မဖြစ်ဘူး။ အထဲမှာပဲ ကိုယ့်အချင်းချင်း ပတ်ဆော်နေကြတော့တာ။

ကျန်တဲ့ အမေရိကန်တို့ ဘာတို့ဆို အီရတ်နဲ့ စစ်ဖြစ်ရတာနဲ့၊ အာဖဂန်နဲ့ စစ်ဖြစ်ရတာနဲ့။ သူတို့နိုင်ငံက စစ်သားတွေမှာ ဟိုးပင်လယ်ရပ်ခြားအထိ သွားပြီး စစ်တွေတိုက်နေရတာ။ 

ဒီမှာက အေးဆေးပဲ။

စစ်တိုက်မယ်ဆို ကားလေးနဲ့ တစ်ရက်ခရီးလောက် သွားလိုက်ရင်ကို ရှေ့တန်းရောက်ပြီ။ စိတ်ကြိုက်ဆော်လို့ ရပြီ။

စစ်တိုက်တယ်ဆိုလို့ တပ်ဖွဲ့အသီးသီးရဲ့ ချစ်လှစွာသော ခေါင်းဆောင်ကြီးတွေက ရာဇဝင်ထဲက မဟာဗန္ဓုလ စစ်သူကြီးလို အမြောက်ဆန်၊ ဗုံးဆန်ကြား ရွပ်ရွပ်ချွံချွံ ကွပ်ကဲကြတယ် မထင်နဲ့။ အောက်ကငတိတွေချည်း အသေလှိမ့်ဆော်ရတာ။

အောက်ခြေရဲဘော်တွေတိုက်လို့ သတ်လို့သေလို့ ဝရင်ဖြင့် ခေါင်းဆောင်ကြီးတွေက ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဆိုတာကြီးတွေ ခဏခဏ ကျင်းပကြသေးတာ။

ရှေ့တန်းရောက် နှစ်ဖက်စစ်သားတွေကသာ အချင်းချင်း ဖင်ပြဲအောင် ပစ်နေခတ်နေကြတာနော်။

ခေါင်းဆောင်ကြီးတွေကတော့ အဲ့ဒီပွဲထဲရောက်ရင် အချင်းချင်း သွားအဖြဲသားနဲ့ ဝိုင်ခွက်တွေမြှောက်ကြ၊ ပခုံးတွေဖက်ကြနဲ့ ဓာတ်ပုံရိုက်ကြသေးတာ။

မသိရင် တက္ကသိုလ်တုန်းက သူငယ်ချင်းအဟောင်းတွေ ပြန်ဆုံကြသလို ပျော်စရာကြီး။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ဘာတွေဆွေးနွေးပြီး လက်မှတ်တွေ ထိုးခဲ့ကြတယ် မသိဘူး။ ဆွေးနွေးနေရင်းလည်း ရှေ့တန်းမှာ ဆော်နေကြတာပဲ။ ဆွေးနွေးပြီးလည်း ဆော်ကြတာပဲ။ သေနတ်သံတွေ၊ ကျည်ဆန်တွေက ပြည်ထောင်စုတစ်ဝန်း ခြိမ့်ခြိမ့်သဲသဲ ပလူကို ပျံနေတာ။

အောင်မယ်...စစ်သည်တော်တွေက ရှေ့တန်းကနေ ကိုယ့်နယ်မြေ ကိုယ်ကာကွယ်နေကြလို့ မြို့ပေါ်က ကျည်လွတ်မြေမှာ ခင်ဗျားတို့ ကျုပ်တို့ အေးအေးလူလူ စည်ပင်ဖွံ့ဖြိုးစွာ နေနေရတယ်ပေါ့။

ဟုတ်ပ...ကိုယ့်ဆရာရေ...။

အခုမှ ဟော့ဒီပြည်ထောင်စုကြီးဟာ ၁၈ ရာစုက အမေရိကန်ပြည်ထောင်စုကြီးလို ဖွံ့ဖြိုးလာတာဗျာ။

ဟဲ...ဟဲ... ၁၈ ရာစုက အမေရိကန်ပြည်ထောင်စုကြီး ဆိုတာက ကောင်းဘွိုင်တွေခေတ်လေ။ သေနတ်တွေ ကျည်ဆန်တွေ ပလူပျံအောင် ဖွံ့ဖြိုးတာ။

ကောင်းဘွိုင်တွေက အချင်းချင်း မကျေနပ်ရင် သေနတ်ချင်း ယှဉ်ပစ်ပြီး ရှင်းကြတာ ရုပ်ရှင်တွေထဲ တွေ့ဖူးရဲ့ မဟုတ်လား။

အခု ကျုပ်တို့ ပြည်ထောင်စုကြီးကတော့ ၁၈ ရာစု အမေရိကန်ကို သနားတယ်။ အမေရိကန်က ကောင်းဘွိုင်တွေက မကျေနပ်ချက် ရှင်းချင်ရင် မျက်နှာချင်းဆိုင်ပြီး သေနတ်နဲ့ ပစ်ကြတာနော်။

ကျုပ်တို့ဆီမှာတော့ မကျေနပ်ရင် နောက်ကျောကနေ ခိုးကြောင်ခိုးဝှက် သေနတ်နဲ့ ပစ်တာဗျ။

ဟိုးတစ်လောက လေဆိပ်ပြဿနာပဲကြည့်။ ပစ်တဲ့လူတွေ၊ ပါဝင်ပတ်သက်နေတဲ့ လူတွေကလည်း လူငယ်လေးတွေတဲ့။ 

ဒါတင်ပဲမလား...မောင်ဗြိရဲ့ ဆို။

ကျုပ်တို့နိုင်ငံကြီးက ဒီထက်တိုးတက်တာပေါ့ဗျာ။ ဟိုးအရင် လက်ပံတောင်းတောင် အရေးအခင်းတုန်းကဆို လုံခြုံရေးက ခြောက်လှန့်ပြီး မိုးပေါ်ထောင်ဖောက်တာ ထန်းပင်အောက်က တောင်သူမကြီး နဖူးတည့်တည့် မှန်ပါလေရောလား။ တောင်သူမကြီးဟာ ဇော်ဂျီဖိုလ်ဝင်သားစားပြီး မိုးပေါ်တက်ပျံနေလို့ ဒီကျည်ဆန်ထိတယ်လို့ပဲ မှတ်ယူလိုက်ပါစို့ဗျာ။

အောင်မယ်... ဒါတင်မကသေးဘူး။

ဟိုတစ်နေ့က မန္တလေး ရွှေမြို့တော်ကြီးမှာ ဆိုင်ကယ်စီးလာတဲ့ သကောင့်သားမောင်ကို ဘယ်ကလာမှန်းမသိတဲ့ ကျည်ဆန်က နဖူးတည့်တည့်ပဲ လာမှန်သတဲ့ဗျာ။

သက်ဆိုင်ရာကတော့ မြို့လယ်ကောင် သေနတ်မှန်သေတာကို မတော်တဆပါလို့ ရှင်းလင်းကြပါတယ်။

အင်းလေ... ဟုတ်မှာပါ။

ဒီကျည်ဆန်ဟာ မန္တလေးမြို့ကြီးကို နယ်ချဲ့ကိုလိုနီတွေ အင်္ဂလိပ်တွေက သိမ်းတော့ မင်းလှခံတပ်ကနေ ချော်ထွက်လာတဲ့ ကျည်ဆန်ထင်ပါရဲ့။

နှစ်ပေါင်း တစ်ရာ့ငါးဆယ်ကျော်လောက်က မျက်စိလည်လာတဲ့ ကျည်ဆန်လို့သာ မှတ်လိုက်ပါတော့ရယ်။

နောက်ပြီး ဒီနိုင်ငံမှာက နာမည်ပေးတဲ့ ပြဿနာက အမြဲရှိတယ်။

တစ်လောကပဲ ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုတဲ့ တိုင်းပြည်အကျိုးအတွက် အလွန့်အလွန် အလွန်အရေးပါလှတဲ့ တံတားနာမည်ပေး ကိစ္စကြီးကို ဆန္ဒတွေပြကြ၊ လွှတ်တော်တင် ဆွေးနွေးကြနဲ့ အနစ်နာခံ လုပ်ကြသေးတယ် မဟုတ်လား။

ဒီလိုတိုင်းပြုပြည်ပြု ဧရာမ ဆောင်ရွက်ချက်ကြီးကြောင့် တစ်သက်လုံးက သူ့ဂုဏ်နဲ့သူ မားမားမတ်မတ် နေလာတဲ့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုတောင် ကြားချောင်အဆဲခံခဲ့ရသေး။

အမှန်တကယ်တော့ တံတားနာမည်လောက်ပေးမယ့်အစား ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆိုတာကြီးကို အမည်ပြောင်းဖို့ မဲခွဲကြရမှာဗျ။

ဟိုတစ်နေ့ညက မြဝတီရုပ်မြင်သံကြားက လွှင့်တဲ့ဇာတ်လမ်းကို ကြည့်ပြီး ဒီစိတ်ကူးရတာပါ။

အဲ့ဒီဇာတ်ကားနာမည်က ပြည်ထောင်စုသစ္စာတဲ့ဗျ။

ဇာတ်ကားနာမည်ကသာ ပြည်ထောင်စုသစ္စာ၊ ဇာတ်ကားထဲမှာတော့ ပြည်ထောင်စုသားတွေ အချင်းချင်း ဆော်ပလော်တီးလိုက်ကြတာများ ကျည်ဆန်တွေကို ထောင်းလမောင်းထ ပလူပျံလို့။

ပြည်ထောင်စုသစ္စာလား၊ ကျည်ထောင်စုသစ္စာလားတောင် မသဲကွဲဘူးရယ်။

ဒီလောက်တောင် ကျည်ဆန်တွေ၊ ဗုံးဆန်တွေ တဝှီးဝှီးပေါတဲ့ ပြည်ထောင်စုကြီးကိုလည်း ကျည်ထောင်စုကြီးလို့ နာမည်ပြောင်းပေးပါလို့ တောင်းဆိုရင်...ကျုပ်ကို ဖမ်းကြမှာလားဟင်...။

အင်း...ဖမ်းမယ်ဆိုရင်တော့...ဆက်လက်ပြီးပဲ ကျည်ထောင်စု အဲလေ...ပြည်ထောင်စုကြပါဗျာ... အဟင်း...အဟဲ...နောက်တာနော်...စတာ...အဟီး။ 

ဗြိတိသျှကိုကိုမောင်