News

POST TYPE

NEWS

တစ်နှစ်သား အစိုးရ
25-Mar-2017 tagged as အစိုးရ NLD

ဧပြီလ ၁ ရက်နေ့တွင် တစ်နှစ်ပြည့်သည့် လက်ရှိအစိုးရကို သုံးသပ်ချက်များ အစိုးရ သတင်းစာများတွင် ထုတ်ပြန်နေပြီဖြစ်ရာ မိတ်ဆွေအချို့က ဘေးလူအမြင် ရေးပါဦးဆိုသည့် အတွက် တစ်နှစ်ပြည့် နိုင်ငံရေး၊ စီးပွားရေး အကဲဖြတ်လိုက်ပါသည်။ 

နှစ်ငါးဆယ်ကျော်ကာလ အတွင်း အရပ်သားစစ်စစ် အစိုးရအဖြစ် ပထမဆုံး တာဝန်ယူလိုက်ခြင်း၊ အာဏာအလွှဲအပြောင်း ညင်သာခြင်း၊ အာဏာကို စုရုံးတည်ဆောက်လာနိုင်ခြင်းတို့သည် တစ်နှစ်တာအတွင်း နိုင်ငံရေးအရ အောင်မြင်မှုများ ဖြစ်သည်။ တပ်မတော်နှင့် လက်တွဲအလုပ်လုပ်ကိုင်နိုင်ခြင်း Working Relationship သည်လည်း အောင်မြင်မှုတစ်ရပ် ဖြစ်သည်။ ရာစုနှစ် လေးပုံတစ်ပုံခန့် အတိုက်အခံဘဝမှသည် အစိုးရအဖြစ်သို့ ကူးပြောင်းရာတွင် အစတွင် ရုန်းကန်ခဲ့ရသည်။ အစိုးရဖွဲ့ရာတွင် အကြောင်းကြောင်းကြောင့် ထိတ်ထိတ်ကြဲ ခေါင်များချည်း မရခဲ့ဘဲ ဝန်ကြီးနာမည် စာရင်းပေးချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သုံးလေးဌာန ယူလိုက်ရသည်။ ယင်းဖြစ်ရပ်သည် အစိုးရ Executive Branch အချို့နယ်ပယ်များတွင် ထင်သလောက် မစွမ်းဆောင်နိုင်ခြင်း၏ အဓိက အကြောင်းတစ်ရပ် ဖြစ်သည်။

အစိုးရ၊ ပါတီ၊ လွှတ်တော်တို့သည် ဒေါ်အောင်ဆန်းစုကြည်ကို ဗဟိုပြု လည်ပတ်နေရသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် စိတ်ချရသောသူများကို လုပ်ငန်းများ လွှဲအပ်လုပ်ကိုင်စေပုံ ရသော်လည်း သူ့ထံသို့ ဆုံးဖြတ်ချက်များ အတည်ပြုရန် ပြန်ပြန်ရောက်လာခြင်း၊ သူ့အရိပ်အကဲကို ကြည့်နေပုံရခြင်းတို့ တွေ့ရသည်။ 

အစိုးရ၏ ကြေညာထားသော ဦးစားပေး ရည်မှန်းချက်ဖြစ်သည့် ငြိမ်းချမ်းရေးတွင် ရလဒ်များ ရောပြွမ်းနေသည်။ ၂၁ ရာစု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခြင်း၊ ဦးသိန်းစိန် လက်ထက်က စခဲ့သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်ခြင်းတို့သည် အပေါင်းလက္ခဏာ ဆောင်သော်လည်း ၂၁ ရာစု ပင်လုံညီလာခံ၏ နောက်ဆက်တွဲ ညီလာခံ ကျင်းပရန် ရက်သတ်မှတ်ရန်ပင် ခက်နေခြင်း၊ သေနတ်သံများ ပိုညံလာခြင်းတို့သည် အနုတ်လက္ခဏာဆောင်သည်။ 

လွှတ်တော်သည် ယေဘုယျအားဖြင့် လည်ပတ်မှု ကောင်းနေသော်လည်း အတိုက်အခံ အသံတိတ်သလောက် ဖြစ်နေသည်။ တပ်မတော်သား ကိုယ်စားလှယ်များက အတိုက်အခံနေရာမှ အသုံးတော်ခံသော်လည်း ရွေးကောက်ခံ ကိုယ်စားလှယ်များ မဟုတ်ရာ ရေရှည်တွင် သင့်တော်သည့်  နည်းလမ်းမဟုတ်ပါ။ 

နိုင်ငံတကာရေးတွင် တာထွက်ကောင်းသည်။ အရပ်သားအစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်ပုံရိပ် ပေါင်းသည့်အတွက် နိုင်ငံတကာက ကြိုဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြည်သူလက်ခံသည့် အစိုးရ ဖြစ်သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့်သာ လက်တွဲလုပ်ကိုင်နိုင်လျှင် တရုတ်နိုင်ငံ၏ ရည်မှန်းချက်များ ဖြည့်ဆည်းနိုင်မည်ဟု တရုတ်က သဘောပေါက်ကာ ကြိုဆိုသလို အနောက်အုပ်စုနှင့်နီးသူ pro-west  အဖြစ် သတိထားသည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အာဆီယံနိုင်ငံများမှလွဲလျှင် ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် တရုတ်သို့ ထွက်သွားရာ အတော်ပင် ဖြစ်သည်။ တိုက်ပွဲများသည် တရုတ်နယ်စပ်တွင်သာ အဖြစ်များရာ တရုတ်၏ ပူးပေါင်းဆောင်ရွက်မှု မြန်မာ လိုအပ်သည်။ အမေရိကန်ပြည်ထောင်စုက အိုဘားမား၏ လက်ကျန်လများတွင် အရေးယူပိတ်ဆို့မှုများကို ရုပ်သိမ်းလိုက်သော်လည်း ယခုသမ္မတ လက်ထက်တွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် အိုဘားမား လက်ထက်လောက် နွေးထွေးရန်မရှိ။ အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေးမှာ ယေဘုယျအားဖြင့် ကောင်းမွန်သော်လည်း ရခိုင်အရေးနှင့် ပတ်သက်ပြီး မလေးရှား ဝန်ကြီးချုပ်က  ဒေါ်အောင်ဆန်းစုကြည်ကို လူထုဆန္ဒပြပွဲတွင် နာမည်တပ်ကာ စွပ်စွဲတိုက်ခိုက်လာရာ အာဆီယံနိုင်ငံများ အကြား အစဉ်အလာ မရှိသော လုပ်ရပ်တစ်ခု လုပ်လိုက်ခြင်း ဖြစ်သည်။ ရခိုင်အရေးသည် ယေဘုယျအားဖြင့်  စင်းလုံးချောနီးနီး ဖြစ်သော ပထမနှစ် နိုင်ငံခြားရေးတွင် ဆူးသဖွယ် ဖြစ်နေသည်။ ရခိုင်အရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံသည် ဖိအားများစွာ ခံနေရရာ နောင်တွင်လည်း ထို့ထက်ပင် ဖိအားဒဏ်ခံရဖွယ် ရှိသည်။ 

စီးပွားရေးသည် ကနဦးတွင် အလေးပေး မခံရသော အကြောင်းအရာဖြစ်သည့် အားလျော်စွာ အထနှေးသည်။ ရွေးကောက်ပွဲမတိုင်မီ ကတည်းက ပြည်တွင်းပြည်ပ စီးပွားရေး လုပ်ငန်းရှင်များသည် အစိုးရ အကူးအပြောင်း မသေချာမရေရာသည့် အတွက် အသာစောင့်ကြည့်နေကြသဖြင့် စီးပွားရေး နှေးသွားသည်။ ထိုသို့ စောင့်ကြည့်နေသည့် အချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အာဏာရပြီး ပထမဆုံးမိန့်ခွန်းတွင်လည်း စီးပွားရေးမူဝါဒ မပါ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အသစ်ပြင်ဖွဲ့ရန်လည်း လနှင့်ချီ ကြာသွားပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများသည် အချိန်ကြာမြင့်စွာ စောင့်လိုက်ရသည့်အခါတွင် ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များသည် စီးပွားရေး လုပ်ကိုင်ရန် ပိုတွန့်သွားသည်။ နောက်ပိုင်းတွင်မှ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် အမေရိကန် ခရီးစဉ် နောက်ပိုင်းတွင်မှ စီးပွားရေးကို နှုတ်အားဖြင့် အားပေးလာသည်။ စီးပွားရေး မူဝါဒသစ် ၁၂ ချက် ထွက်ပေါ်လာသော်လည်း မရှင်းလင်းဟု လူအများက ဝေဖန်ကြသည့်အတွက် မူဝါဒများကို ထပ်မံရှင်းလင်းရသည်။ 

အခြားနိုင်ငံများတွင် အစိုးရသစ် တက်လာလျှင် နိုင်ငံစီးပွားရေးကို လှုပ်နှိုးရန် ဆောက်လုပ်ရေး လုပ်ငန်းများကို ဖန်တီးကြသော်လည်း မြန်မာနိုင်ငံတွင်မူ ဆောက်လုပ်ရေး လုပ်ငန်းများကို စိစစ်လိုက်ရာ ဆောက်လုပ်ရေးလုပ်ငန်း တစ်ခွင်လုံး တန့်သွားပြီး စီးပွားရေး တစ်ခုလုံးပါ  ထုံထိုင်းသွားသည်။ နောက်ပိုင်းတွင် ဆောက်လုပ်ရေး လုပ်ငန်းများကို  ပြန်လည်လုပ်ကိုင်ခွင့် ပေးလိုက်သည်။ ဒုသမ္မတ ဦးဆောင်ပြီး စီးပွားရေး လုပ်ငန်းရှင်များနှင့် လစဉ် တွေ့ဆုံသည်မှာ အပေါင်းလက္ခဏာ ဆောင်သော်လည်း လူစုံနှင့်တွေ့ရန် လိုအပ်သည်။ စီးပွားရေးနှင့် ပတ်သက်သည့်  ဥပဒေများစွာကို ပြင်ဆင်ရေးဆွဲနေသည်။ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် လူများစွာနှင့် သက်ဆိုင်သည်မှာ စီးပွားရေးဖြစ်ရာ စီးပွားရေးကို ယခုထက်ပိုပြီး ဖိရန်လိုသည်။ စီးပွားရေး မူဝါဒသည် အချို့နေရာများတွင် တံခါးဖွင့်သဘော ဆောင်သော်လည်း အချို့နေရာများတွင် ပိတ်ချင်ကာချင်သော သဘောများ တွေ့ရရာ အစိုးရ၏ စီးပွားရေးအခြေခံ အယူဝါဒကို မှန်းဆရန် ခက်ခဲနေသည်။ လာမည့်နှစ်အတွက် အစိုးရ အသုံးစရိတ်၊ ဦးစားပေး သုံးစွဲမည့် နယ်ပယ်တို့ကိုလည်း ကိုယ်တိုင်ကိုယ်ကျ ရေးဆွဲပြဋ္ဌာန်းနိုင်ပြီ ဖြစ်ရာ ကောင်းလျှင်လည်းကိုယ်၊ ညံ့လျှင်လည်း ကိုယ်ဖြစ်သည်။ အစိုးရပိုင် လုပ်ငန်းကြီးများကို စွမ်းဆောင်ရည်မြင့်အောင် သို့မဟုတ် ပုဂ္ဂလိကပိုင်ပြောင်းနိုင်လျှင် ရေရှည်ရော ရေတိုပါ အကျိုးများမည်။ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကဏ္ဍတွင် ဖွင့်ပေးနိုင်လျှင် မြန်မာလုပ်ငန်းရှင်တို့ လိုအပ်သော ငွေကြေးအရင်းအနှီးများ ပြည်တွင်းရော ပြည်ပကပါ များစွာ စီးဝင်လာနိုင်သည်။ 

ပထမနှစ်သည် အစိုးရတက်စ အကဲခတ်နေ မြေစမ်းခရမ်းပျိုးရသော အချိန်ဟုဆိုလျှင် ဒုတိယနှစ်သည် အစွမ်းပြရမည့်ကာလ ဖြစ်သည်။ 

ဇေယျသူ

ABOUT AUTHOR

(ေဇယ်သူ)