News

POST TYPE

NEWS

ဦးအောင်သူငြိမ်းနှင့် တွေ့ဆုံခြင်း
25-Mar-2017 tagged as အစိုးရ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရ၍ အစိုးရအာဏာကို လွှဲပြောင်းရယူခဲ့သည်မှာ တစ်နှစ်တိတိ အချိန်ကာလသို့ ရောက်ရှိပြီ ဖြစ်သည်။ အဆိုပါ တစ်နှစ်တာကာလအတွင်း အစိုးရအဖွဲ့၏ လုပ်ကိုင်ဆောင်ရွက်မှု အားသာချက်၊ အားနည်းချက်များကို မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအဖွဲ့ မြန်မာနိုင်ငံ (Institute of Strategy and Policy : Myanmar) မှ ဒါရိုက်တာ ဦးအောင်သူငြိမ်းနှင့် The Voice တို့ မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။ 

Voice - အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲ အနိုင်ရလို့ အစိုးရအာဏာကို လွှဲပြောင်းယူခဲ့တာ တစ်နှစ်ရှိပြီပေါ့။ အဲ့ဒီတစ်နှစ်တာကာလအတွင်း အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်အပေါ် အကဲဖြတ်ချက်ကို ပထမဆုံး သိပါရစေ။

UATN - ပထမဦးဆုံး ကိစ္စပေါ့ဗျာ။ အဲဒါကတော့ ပြောမယ်ဆိုရင်တော့ ဒါပြည်သူအများစု ထောက်ခံတဲ့ အစိုးရ ပထမဦးဆုံးအကြိမ် တက်လာတယ်။ နောက်တစ်ခုကကျတော့ အာဏာလွှဲပြောင်းမှုကလည်း  သွေးထွက်သံယို မရှိဘူးပေါ့။ ချောချောမွေ့မွေ့ပဲ ဖြစ်လာတယ်ပေါ့နော်။ အဲဒီအနေအထားတွေကတော့  ဒီမိုကရေစီ အပြောင်းအလဲအတွက် အားရစရာလို့ ထင်ပါတယ်။ သံတမန်ရေးအပိုင်းမှာ ကြည့်မယ်ဆိုရင်တော့ အထူးသဖြင့်ဗျာ ကျွန်တော်တို့ မြန်မာနိုင်ငံကို  ဒဏ်ခတ်ပိတ်ဆို့ထားတဲ့ ကိစ္စတွေ ပြုတ်သွားတယ်။ နောက်တစ်ခုက ကျွန်တော်တို့ Normalization ခေါ်တာပေါ့။ ပုံမှန် နိုင်ငံတကာနဲ့ ဆက်သွယ်ရေး ကိစ္စမျိုးတွေ ပြန်ဖြစ်လာတယ်ပေါ့နော်။ ဒါကတော့ အခြေအနေ ကောင်းတယ်လို့ ပြောလို့ရပါတယ်။ 

Voice - အစိုးရအဖွဲ့ရဲ့ စွမ်းဆောင်ရည်ပိုင်း စီးပွားရေး၊ နိုင်ငံရေး စတာတွေကို ခြုံငုံပြီး ကြည့်မယ်ဆိုရင်ရော ဘယ်လိုမြင်မိပါသလဲ။ အားသာချက် အားနည်းချက်ပေါ့။

UATN - စွမ်းဆောင်မှုအပိုင်း ပြောရင်တော့ တော်တော်အားမရစရာ ကိစ္စတွေ ရှိတယ်ပေါ့နော်။ အထူးသဖြင့်တော့ဗျာ ဒီလိုတစ်နှစ်ကာလအတွင်း များများမလုပ်နိုင်ဘူး၊ လုပ်စရာ အများကြီး မရှိဘူး ဆိုတာတော့ လက်ခံပါတယ်လေ။ ဒါပေမဲ့လည်း ကျွန်တော်တို့ ဖြစ်စေချင်တာက ရှေ့ကိုဘယ်လိုသွားမလဲ ဆိုတဲ့ လမ်းကြောင်းကို ချပြတာမျိုးပေါ့။ ကိုယ့်ရဲ့ ရေရှည်မြော်မြင်ချက်ကို ချပြတဲ့ဟာမျိုး။ ဒါမျိုးဖြစ်လို့ရှိရင် ကျွန်တော်ကထင်တာ ပိုကောင်းတယ်လို့ ထင်တာပေါ့။ 
အခုအနေအထားမှာကျတော့ အဲဒီလို တစ်နှစ်ပြည့်လာတဲ့အထိ ဒီအစိုးရ ဘယ်ကိုသွားမယ် ဘယ်လိုဘယ်ပုံ သွားမလဲဆိုတဲ့ Vision ပေါ့။ မြော်မြင်ချက်လည်း မတွေ့ရသေးဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်ပါတယ်။ 

Voice - အစိုးရကတော့ ရာစုနှစ်ဝက်လောက် အတွင်းမှာ လူထုရွေးချယ်မှုနဲ့ ပြန်တက်လာတဲ့ အစိုးရမျိုးပေါ့ ဆရာ။ အဲ့ဒီအစိုးရရဲ့ တစ်နှစ်တာ လုပ်ကိုင်မှုတွေထဲက ဘယ်လိုအချက်မျိုးကိုတော့ အားရမိတာ ရှိပါသလဲ။ 

UATN - ကျွန်တော်ကတော့ အားရမှုအပိုင်းကတော့ မမြင်သလောက်ပဲလို့ ပြောရမယ်ပေါ့။ အဲဒီလိုမျိုး။ အထူးသဖြင့်က ကျွန်တော်တို့က ဒီအစိုးရကို ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တန်ဖိုးထားမြှင့်တင်ပေးမယ့် အစိုးရလို့ ယေဘုယျ ယူဆထားခဲ့တာပေါ့နော်။ အဲဒီလို ယူဆထားတဲ့ အခြေအနေမှာ အခုအစိုးရသစ်  တက်လာပြီးတဲ့ နောက်ပိုင်းမှာ ဆိုပါစို့ဗျာ ဒီမိုကရက် တိုက်ဇေးရှင်းပေါ့။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်နဲ့ သွားနေသလား ဘယ်လိုသွားနေသလဲပေါ့။ အဲဒီအနေအထားမှာ အားမရစရာတွေ ရှိတာပေါ့။ အထူးသဖြင့်တော့ နိုင်ငံရေးအကျဉ်းသားတွေဆိုရင်  ဒီ AAPP အဖွဲ့ရဲ့ စာရင်းအရဆို ခုက ဖမ်းဆီးထိန်းသိမ်းထားတဲ့သူက ၂၅၀ ပတ်ဝန်းကျင်လောက် ရှိသေးတယ်။ အဲဒီအထဲမှာ ထောင်ကျတဲ့သူလည်း ၉၀ ဝန်းကျင်လောက် ရှိတယ်။ နောက်တစ်ခါကျတော့ ထောင်ထဲက အမှုဆိုင်နေရတဲ့ သူတွေလည်း ရှိတယ်။ ထောင်အပြင်က အမှုဆိုင်နေရတဲ့ သူတွေလည်းရှိတယ်။ အဲဒီတော့ အများစုက လယ်သမားတွေ များတယ်။  အထူးသဖြင့် သူတို့ လယ်သိမ်းခံရပြီးတော့ ဒီလယ်ယာမြေ ပြန်လည်ရရှိရေးအတွက် ပြန်တိုက်ပွဲဝင်တာတို့၊ ထွန်တုံးတိုက်ပွဲတို့ လှုပ်ရှားတာတို့။ ဒီလိုလူတွေ များတာပေါ့။ အဲဒီတော့ သူတို့အရေးကို မပစ်ပယ်သင့်ဘူးလို့ ထင်ပါတယ်။ အစိုးရသစ် အနေနဲ့ကျတော့ သူတို့က ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့ကိုလည်း မျှော်တယ်ပေါ့ဗျာ။ လွတ်ငြိမ်းချမ်းသာခွင့်များ လာမလားပေါ့။ ဒါမျိုးလည်း မလာခဲ့ဘူး။ အဲဒီလိုအနေအထားမှာ ဒါက အားရစရာ မကောင်းဘူးလို့ ထင်ပါတယ်။ နောက်တစ်ခုကကျတော့ ဒီအမျိုးသားပြန်လည်သင့်မြတ်ရေးလို့ ပြောတဲ့အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာ တစ်ချိန်က နစ်နာခဲ့တဲ့လူတွေ ရှိပါတယ်။ အများကြီးပဲ။ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတို့ စသည်ဖြင့်ပေါ့။ အဲဒီတော့ ဒီလူတွေကို ပြန်ပြီးတော့ ဘယ်လိုမျက်ရည်သုတ်ပေးမလဲပေါ့။ ဘယ်လိုမျိုး ပြန်ပြီးတော့ နစ်နာမှုတွေကို ပြန်ကုစားပေးမလဲဆိုတဲ့ ပြဿနာလည်း ခုချိန်ထိက မတွေ့ရဘူး။ နောက်တစ်ချက်က Freedom of Expression ပေါ့။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတဲ့ဟာမျိုး ပိုပြီးတင်းကျပ်လာတယ်။ အခုက ၆၆(ဃ) ဆိုလို့ရှိရင် အင်တာနက်ပေါ် ရေးတဲ့လူကစလို့ လူတော်တော်များများက ဆင်ခြင်နေရတဲ့ ကာလမျိုးလို ဖြစ်လာတယ်။ လွတ်လပ်စွာ ပြောရေးဆိုခွင့်မှာ ပိုပြီးတော့ ကျပ်လာတဲ့ အနေအထား ရှိပါတယ်။ နောက်တစ်ခါ အစိုးရရဲ့ သတင်းမီဒီယာ Reform ပေါ့ဗျာ။ အဲ့ဒါကကျတော့လည်း အခုအနေအထားမှာ ကြည့်ရင် ဘာမှမမြင်ရသလောက်ပဲဗျ။ ဒီတစ်နှစ်အတွင်း။

Voice - အစိုးရ လုပ်နေကိုင်နေရတဲ့အပေါ် မတူညီတဲ့ အမြင်တချို့လည်း ကြားရပါတယ်။ အထူးသဖြင့် လက်ရှိအစိုးရသည် ရွေးကောက်ပွဲနိုင်လို့ တက်လာပေမယ့် နိုင်ငံရေး ဦးဆောင်မှုကိုပဲ ရလိုက်တယ်။ အရေးကြီးတဲ့ အုပ်ချုပ်ရေး ယန္တရားမှာက အရင်လူတွေပဲ။  ပြည်ထဲရေးလို၊ ထွေ/အုပ်လိုမျိုးမှာ အရင်လူတွေပဲ။ အဲဒီမှာမှ စစ်ဘက်က ပြောင်းလာတဲ့ သူတွေကလည်း ထိပ်ပိုင်းနေရာ အများစုကို ယူထားတယ်ပေါ့။ ဒီအချက်တွေကြောင့် အစိုးရ လုပ်ရကိုင်ရ အခက်ကြုံရတယ် ဆိုတာမျိုး ပြောကြပါတယ်။ ဆရာကရော ဘယ်လိုမြင်ပါသလဲ။ 

UATN - ကျွန်တော်မြင်တာက ဒီလိုဗျ။ ဘယ်နိုင်ငံပဲ ဖြစ်ဖြစ်ပေါ့နော် တစ်ဖက်က Politics ဆိုတာ  ရှိပါတယ်။ ရွေးကောက်ပွဲတွေ ရှိတယ် ငါးနှစ်တစ်ကြိမ်၊ လေးနှစ်တစ်ကြိမ် ဒီဝန်ကြီးတွေ ခေါင်းဆောင်တွေ အပြောင်းအလဲ ဖြစ်သွားမှာပဲ။ တစ်ဖက်က ဗျူရိုကရေစီလို့ခေါ်တဲ့ ဝန်ထမ်းယန္တရား ရှိပါတယ်။ သူတို့ကတော့ အမြဲတမ်းဆက်ပြီး ရှိသွားမယ့်ဟာပေါ့။ အဲဒီနှစ်ခုကြားထဲမှာ ဘယ်လိုချိန်ညှိမလဲ ဆိုတာက ဒါနိုင်ငံတိုင်း ကြုံရတဲ့ ကိစ္စပါ။ အဲ့ဒီလို အနေအထားမှာ တစ်ဖက်မှာလည်း ဒီအစိုးရက ဒီမိုကရေစီ အပြောင်းအလဲ လုပ်သလို ဗျူရိုကရေစီထဲမှာလည်း ဘာခေါ်လဲဆိုတော့ သူ့ရဲ့စွမ်းဆောင်ရည် တက်လာအောင် လုပ်ရတဲ့နည်းတွေ ရှိပါတယ်။ မက်လုံးပေးရတာတွေ ရှိတယ်။ တစ်ဖက်က ဆုပေးဒဏ်ပေးတွေ ရှိတယ်။ တစ်ဖက်မှာလည်း သူတို့ရဲ့ အရည်အသွေး မြှင့်တင်ပေးရတာတွေ ရှိတယ်။ နောက်တစ်ခါကျတော့ System Change လို့ခေါ်တဲ့ စနစ်ထဲမှာ သူတို့ လုပ်နေကိုင်နေရတဲ့ စနစ်ဟောင်းကနေ စနစ်သစ်ကို ပို့ရတဲ့ဟာတွေ ရှိတာပေါ့နော်။ အဲဒါတွေ တစ်ခုလုံးက ဘယ်လိုခေါ်လဲဆိုတော့ ကျွန်တော်တို့ခေါ်တာ Public Administration Reform ပေါ့။ ပြည်သူ့အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲရေး ဆိုတာမျိုး ခေါ်ပါတယ်။ အခုလက်ရှိ  အစိုးရကာလမှာ ကြည့်လိုက်ရင် ဟိုအပြစ်ပြောနေတာတော့ ရှိတာပေါ့ဗျာ။ ဒါပေမဲ့ ဒီဝန်ထမ်းတွေကို ခုနက ကျွန်တော်ပြောသလို ဘယ်လိုပြုပြင်ပြောင်းလဲရေး လုပ်နေသလဲ ဆိုတာ မတွေ့ရဘူးဗျ။ အဲဒီတော့ ပြီးခဲ့တဲ့ ကာလတွေတုန်းက ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ကျွန်တော်တို့ ဝင်ပြီးတော့ တိုက်တွန်းဖူးတာ လုပ်ဖူးတာတွေ ရှိပါတယ်။ ကျွန်တော်တို့ခေါ်တာ Civil Service Competency Framework ဆိုတာကတော့ ဒီပြည်သူ့ဝန်ထမ်းများပေါ့ဗျာ စွမ်းဆောင်ရည် မြှင့်တင်ရေး အခြေခံမူဘောင်ဆိုတဲ့ ဒီလိုနည်းနာတွေ ရှိတယ်။ ကနေဒါတို့၊ သြစတြေးလျတို့၊ ဗြိတိန်တို့ စသည်ဖြင့် မှာသုံးပါတယ်။ အဲဒါမျိုးတွေနဲ့ ပတ်သက်လို့ စပြီးတော့ အကြံပေးတာတွေ တချို့ Seminar, Workshop တွေ လုပ်တာ ရှိခဲ့တယ်။ အခုအစိုးရသစ်မှာကျတော့ ဒီလိုကိစ္စမျိုးကို ဘယ်သူတွေက ပြည်ထောင်စုအစိုးရမှာထိုင်ပြီး စဉ်းစားနေတာလဲပေါ့။ ဘယ်သူတွေက တာဝန်ယူထားသလဲပေါ့နော်။ ဘယ်လိုအစီအစဉ်တွေနဲ့ လုပ်နေသလဲပေါ့။ ဒါတွေက မတွေ့ရဘူးဗျ။

Voice - အစိုးရ တစ်နှစ်သားလောက် ဖြစ်လာတဲ့ အခုအချိန်ပေါ့လေ။ ဒီအချိန်မှာ အစိုးရဆီက အာဏာကို ပြန်ယူဖို့ သွေးထိုးလှုံ့ဆော်တာတွေ၊ အစိုးရကို ချောက်ချနေတာတွေ အများပြောကြတာ လက်မည်းကြီးပေါ့။ လတ်တလော တိုင်းပြည်မှာ ကြုံနေရတဲ့ ပြဿနာတချို့မှာ နောက်ကွယ်က ပါဝင်ပတ်သက်မှု ဘယ်လောက်အတိုင်းအတာအထိ ရှိနိုင်မယ်လို့ ယူဆပါသလဲ။

UATN - အဲဒီလိုမျိုး နောက်ကွယ်အုပ်စုတွေရဲ့ လက်ချက်ဆိုတာကတော့ဗျာ ဟိုလွယ်လွယ်ပြောရင်တော့ ကိုယ့်ရဲ့အားနည်းချက်တွေကို တစ်ဖက်ကို ပုံချလိုက်တာပေါ့။ Blame လုပ်တယ်ဆိုတဲ့ သဘောမျိုး ထင်ပါတယ်။ ကျွန်တော်ကတော့ တစ်ဖက်က စဉ်းစားကြည့်ချင်တယ်။ အစိုးရသစ် တက်လာတဲ့အချိန်မှာ အများကြီး မျှော်လင့်ချက်ထားပါတယ်။ ကျွန်တော်လည်း ဆောင်းပါးတွေ ရေးတယ်။ တချို့စာအုပ်ဘာသာ ပြန်ခဲ့တာတွေလည်း ရှိတာက ကျွန်တော့် ရည်ရွယ်ချက်က Unity Government လို့ခေါ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရမျိုး ဖြစ်စေချင်တာ။ ဒီလိုညွန့်ပေါင်းအစိုးရကြီး အားလုံးအတွက် ပြေလည်တဲ့ ပြန်လည်သင့်မြတ်ရေး အစိုးရမျိုး ဖြစ်စေချင်တယ်ပေါ့။ အာဏာရလာတဲ့ NLD မှာ အတွေ့အကြုံမရှိဘူး။ အရင်အတွေ့အကြုံ ရှိခဲ့ဖူးတဲ့ နိုင်ငံရေးပါတီတွေ အုပ်စုတွေရှိတယ်။ နောက်တစ်ခါကျတော့ တပ်မတော်ရှိမယ်ပေါ့ဗျာ။ ကျွန်တော်တို့နိုင်ငံမှာ။ အဲဒီတော့ အမျိုးသားညီညွတ်ရေး အစိုးရ ဆိုတာက ဒါတွေအားလုံးကို  ပြေလည်သင့်မြတ်အောင် ဆွေးနွေးကြပြီးတော့ ဖွဲ့တဲ့ဟာမျိုးပေါ့။ အခုလက်ရှိ အစိုးရကို ကြည့်ကြပါစို့။  လက်ရှိအစိုးရက NLD အစိုးရလားလို့ပြောရင် NLD က ဝန်ကြီးစစ်စစ်က နည်းနည်းပဲပါတယ်ဗျ။ အဲဒါဆိုရင် တစ်ဖက်ကပါတဲ့ ဝန်ကြီးတွေက ဘယ်သူတွေလဲ။ အဲဒါကျတော့လည်း တချို့ဝန်ကြီးတွေက ဘယ်ကမှန်း မသိဘူးဗျ။ နောက်တစ်ခါ ကျွန်တော်တို့ Technocratic Government လို့ခေါ်တဲ့ ထားဗျာ နိုင်ငံရေးတွေ မလိုဘူး ကျွမ်းကျင်သူ သက်သက်နဲ့ဖွဲ့တဲ့ အစိုးရမျိုးလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ အဲဒီတော့ ဒီအစိုးရရဲ့ Combination ပေါ့ ဖွဲ့စည်းပုံကိုက စထွက်ကတည်းက မှားတယ်လို့ ထင်တာပဲ။ အဲဒီတော့ လုပ်ငန်းတွေက အဆက်အစပ် မရှိဘူး ဖြစ်လာတယ်။ မအောင်မြင်ဘူးတွေ ဖြစ်လာတာပေါ့နော်။ လက်ရှိအစိုးရထဲမှာပဲ သုံးသပ်လိုက်လို့ရှိရင် NLD ဘက်က တက်လာတဲ့ အမတ်လိုဟာမျိုးက ဝန်ကြီးဌာနတချို့မှာ ရှိပါတယ်။ နောက်တစ်ခါကျတော့ တချို့ပညာရှင်လို့ ပြောလို့ရတဲ့သူ ဦးဆောင်တဲ့ ဝန်ကြီးဌာနတချို့ ရှိတယ်ပေါ့ဗျာ။ တချို့လူတွေပေါ့နော် ယေဘုယျပြောရင်တော့ ဦးရွှေမန်းဘက်က အကြံပြုတယ်လို့ ထင်တာပေါ့။ ဒီလိုလူတွေလည်း ရှိပါတယ်။ အဲဒီတော့ ဒီအစိုးရထဲမှာ ပူးပေါင်းဆောင်ရွက်ရေးက ဘယ်လောက်ကောင်းသလဲပေါ့။ ဒါက အခုမြင်နေရတဲ့ အနေအထား ဖြစ်ပါတယ်။ 

Voice -ဒေါ်အောင်ဆန်းစုကြည်က အစိုးရမဖွဲ့ခင် အချိန်လေးမှာ ပြောခဲ့တာရှိတယ်။ လာမယ့်အစိုးရသည် NLD အစိုးရ ဆိုတာထက် အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရမျိုးဖြစ်တယ် ဆိုပြီးတော့။ ခု တစ်နှစ်သား အစိုးရကို ပြန်ကြည့်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေး အစိုးရ ဆိုတာမျိုး မဟုတ်ဘူးပေါ့။ 

UATN - ဟုတ်ကဲ့။ ယေဘုယျပြောရင်တော့ ကျွန်တော်တို့ လိုချင်တဲ့ Unity Government  မဟုတ်ဘူးပေါ့ဗျာ။ 

Voice - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဆိုတာ စစ်အာဏာရှင်နဲ့ တပ်မတော်အစိုးရကို တိုင်းရင်းသား နိုင်ငံရေးအင်အားစု အားလုံးနီးပါးရဲ့ ဝန်းရံထောက်ခံမှုနဲ့ တစ်လျှောက်လုံး ရင်ဆိုင်တော်လှန်ခဲ့တာ။ အခုအချိန်မှာကျတော့ တစ်ချိန်က မဟာမိတ်ဖြစ်ခဲ့တဲ့ အင်အားစုတွေနဲ့ ပိုဝေးလာသလို ယူဆကြတယ်။ အဲဒါက ဘာကြောင့်လို့ ယူဆပါသလဲ။

UATN - အဲဒါက အထူးသဖြင့် NLD ပါတီရဲ့ မဟာမိတ်ပေါ်လစီနဲ့ ဆိုင်တယ်လို့ ထင်တာပေါ့ဗျာ။ ရွေးကောက်ပွဲ မတိုင်ခင်တုန်းကလည်း တိုင်းရင်းသားပါတီတွေက တချို့မဲဆန္ဒနယ်တွေမှာ ညှိပြီးတော့ ပြိုင်ကြဖို့ဆိုတဲ့ သဘောထားမျိုး ရှိပါတယ်။ ရွေးကောက်ပွဲပြီးတဲ့ အခါမှာလည်း ကဲ အစိုးရဖွဲ့မယ် ဆိုတော့ အားလုံးက ညှိချင်၊ စကားပြောချင်ကြတဲ့ ဆန္ဒမျိုး ရှိပါတယ်။ အစိုးရသစ်ဖြစ်ပြီးတဲ့ အထိတောင် အားလုံးက ပူးပေါင်းဆောင်ရွက်ချင်ကြပါတယ်လေ။ နောက်ဆုံး ကျွန်တော်တို့ သွားတယ်လာတယ်၊ ဆွေးနွေးတဲ့ အချိန်မှာတောင် ဝန်ထမ်းတွေကတောင် အစိုးရသစ်ပေါ် သစ္စာခံဖို့ အသင့်ရှိပါတယ်။ ဝန်ထမ်းဆိုတာ အားလုံးတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့။ အဲဒီလိုအနေအထားတွေ အခြေအနေကောင်းတွေကို မယူခဲ့ဘူးလို့ ထင်ပါတယ်။ 

Voice - အခု အစိုးရက တစ်နှစ်သား ဖြစ်လာပြီ။ အဲဒီအချိန်မှာ အစိုးရနဲ့ အာဏာရပါတီ ခေါင်းဆောင်ပိုင်းက တချို့ရဲ့ ပြောဆိုလုပ်ကိုင်ပုံတွေကို ကြည့်ပြီး ဒီအစိုးရ အလုပ်ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်သံတွေလည်း ကြားလာရတယ်။ တကယ်ပဲ စိုးရိမ်စရာတွေ ရှိနေတယ်လို့ ထင်ပါသလား။

UATN - အထူးသဖြင့်တော့ဗျာ အစိုးရသစ်က သူက ပြောတာပေါ့။ ငြိမ်းချမ်းရေးကို အဓိက ဦးစားပေးပြီး လုပ်မယ်ဆိုပြီးတော့ ပြောတာပေါ့။ နောက်တစ်ခါ ၂၀၁၇ ကလည်း ငြိမ်းချမ်းရေးနှစ် ဆိုပြီးတော့ သတ်မှတ်တာတွေ ရှိပါတယ်။ အဲဒီအနေအထားမှာ ပြောနေရင်း လုပ်နေရင်းကပဲ ခုက တိုက်ပွဲတွေက ပိုပြင်းထန်လာတယ်ပေါ့နော်။ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဖြစ်ပါတယ်။ မြန်မာပြည်မြောက်ပိုင်းမှာ။ နောက်တစ်ခါ တိုင်းပြည်ထဲမှာလည်း IDP လို့ခေါ်တဲ့ ဒုက္ခသည်  အရေအတွက်တွေက တိုးလာတယ်ပေါ့။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပေါ်မှာလည်း အထူးသဖြင့် လာမယ့် ၂၁  ပင်လုံ ဒုတိယအစည်းအဝေးပေါ့။ အဲဒီအပေါ်မှာလည်း လူတွေက တဖြည်းဖြည်း အားကိုးလိုစိတ်က နည်းလာတဲ့ အနေအထားတွေ ရှိတယ်။ ဒါက ကျွန်တော်တို့လည်း မမြင်ချင်ပါဘူး။ မကောင်းဘူးလို့ ထင်ပါတယ်။ နောက်တစ်ချက်က စီးပွားရေးပေါ့။ စီးပွားရေးမှာ လူတွေက ဝမ်းဝနေတယ်ဆိုရင် အစိုးရက ဘယ်လိုလုပ်လုပ် လက်ခံနိုင်တဲ့ အနေအထား ရှိပါလိမ့်မယ်။ တိုင်းပြည်ရဲ့ စီးပွားရေးကို မမြှင့်တင်နိုင်ဘူး ဆိုရင်လည်း သာမန်ပြည်သူတွေရဲ့ ဘဝတွေအားလုံး အတွက်က ပြဿနာ ရှိပါတယ်။ 

Voice - အစိုးရ တစ်နှစ်သားအချိန် ရောက်လာတော့ ဝန်ကြီးတွေ အပြောင်းအလဲလုပ်မယ်၊ ပြောင်းသင့်ပြီဆိုတဲ့ ကောလာဟလတချို့နဲ့ ဝေဖန်သုံးသပ်ချက်တွေ ထွက်လာတယ်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ အပြောင်းအလဲ လုပ်သင့်ပြီလို့ ယူဆပါသလား။

UATN - ဒါကတော့ အစိုးရကို ခေါင်းဆောင်လုပ်တဲ့ သူနဲ့ ပိုဆိုင်တာပေါ့။ သူက Team တစ်ခုကို ဦးဆောင်နေရတာကိုး။ အဲ့ဒီအနေအထားမှာကျ ဒီလိုဗျ။ တစ်ချိန်မှာတော့ သွေးသစ်လောင်းရတယ်။ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကိုလည်း ပြန်ထိန်းသိမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်မျိုးတွေ ရှိတတ်ပါတယ်။ အဲဒီလို အခါမျိုးမှာ ဝန်ကြီး အပြောင်းအလဲ လုပ်တာတို့ ဘာတို့ စသည်ဖြင့် လုပ်ကြပါတယ်။ အခုအနေအထားမှာ ဒီလိုအခြေအနေ ရောက်ပြီလားပေါ့။ ခေါင်းဆောင်ပိုင်းက စဉ်းစားရမှာပေါ့နော်။ ကျွန်တော် အကြံပေးချင်တာကတော့ အပေါ်မှာ ဗဟိုချုပ်ကိုင်မှု သိပ်များလွန်းနေရင်လည်း ဒီဝန်ကြီး လေးငါးယောက်ပြောင်းတာ ဘာမှအဓိပ္ပာယ် မရှိဘူး။ လက်ရှိအစိုးရသစ်ရဲ့ Strategic Direction  လို့ခေါ်တဲ့ မဟာဗျူဟာမြောက် ဘယ်ကိုဦးတည်သွားနေသလဲဆိုတဲ့ ကိစ္စက အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒါက မူဝါဒကိစ္စပါ။ နောက်တစ်ခုက အစိုးရသစ်အနေနဲ့ ခုနက ပြောခဲ့သလိုပဲ Unity Government ပေါ့။ တကယ်အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ အစိုးရမျိုး ဖြစ်မယ်ဆိုရင် ပိုထောက်ခံချင်တာပေါ့ဗျာ။

Voice - နောက်ဆုံး မေးခွန်းတစ်ခုလောက် မေးပါရစေ။ အခု မတ်လကုန်ရင် အစိုးရသက်တမ်း တစ်နှစ် ပြည့်ပြီပေါ့။ တစ်နှစ်အတွင်းမှာ အားမလိုအားမရ ဖြစ်စရာတွေလည်း အများအပြား ကြုံခဲ့ရတယ်။ စီးပွားရေးမှာလည်း အကျပိုင်းရောက်သွားတာ ကြုံခဲ့တဲ့။ ဒီလိုနဲ့ တစ်နှစ်တော့ ပြီးပြီပေါ့။ လာမယ့်နှစ်မှာဆိုရင် ပြည်သူတွေရဲ့ ဘဝကို တိုက်ရိုက်အကျိုးဖြစ်စေမယ့် အရာမျိုးပေါ့။ ဘာတွေကို ဦးစားပေး လုပ်သင့်တယ် ဆိုတာမျိုး တိုက်တွန်းအကြံပြုချင်ပါသလဲ။

UATN - ကျွန်တော် တိုက်တွန်းရမယ်ဆိုရင် နံပါတ်တစ်က အစိုးရရဲ့ Vision လို့ခေါ်တဲ့ ရေရှည်မြော်မြင်ချက်ပေါ့ဗျာ။ ဒါကို ကျွန်တော်တို့ မြင်ချင်ပါတယ်။  အဲဒီလို မြော်မြင်ချက် ဆိုတာမှာလည်း ကျွန်တော်တို့ဆီမှာရှိတဲ့ ဗမာသာမက တိုင်းရင်းသားပြည်သူအားလုံးက မက်နိုင်တဲ့ အိပ်မက်လိုမျိုး ဒီလိုမြော်မြင်ချက်မျိုး  ဖြစ်စေချင်ပါတယ်။ အဲ့ဒီတော့ ဒါကိုချပြဖို့ လိုပါတယ်။ ဒုတိယတစ်ချက် အနေနဲ့ကတော့ တိုင်းသူပြည်သားတွေရဲ့ စီးပွားရေးကိစ္စပေါ့။ အသက်မွေးဝမ်းကျောင်း စီးပွားရေးကိစ္စတွေကို အလေးထားပြီးလုပ်ဖို့ လိုလိမ့်မယ်လို့ ထင်ပါတယ်။ ငြိမ်းချမ်းရေးကိစ္စကို အရေးမပါဘူးလို့ ပြောတာမဟုတ်ပါဘူး။ ဒါကတော့ ဆက်လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။

Voice -ဘာများဖြည့်စွက်ပြောလိုတာ ရှိပါသေးလဲ။

UATN - အစောပိုင်းက ဆွေးနွေးတဲ့အချက်ကို ပြန်ကောက်ရမယ်ဆိုရင် ကျွန်တော်က အခုအချိန်အထိတော့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို တန်ဖိုးထားတဲ့ အစိုးရအဖြစ် မြင်ချင်တုန်းပဲခင်ဗျ။ အဲဒီအနေအထားမှာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို မြှင့်စေချင်ပါတယ်။ နောက်တစ်ခုက ဒီမိုကရက်တိုက်ဇေးရှင်းလို့ခေါ်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်ကိုလည်း မလျှော့ချဘဲ ရှေ့ဆက်မြှင့်ဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ 

နော်ကိုကို