News

POST TYPE

NEWS

လွှတ်တော်အမတ်အမည် ခြေဖဝါးတွင်ရေးကာ အစီအမံလုပ်သည့် ဝန်ထမ်း ပြန်တောင်းပန်
ပုသိမ်၊ မတ် ၂၀

ဧရာဝတီတိုင်းဒေသကြီး  အိမ်မဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၏ အမည်ကို ခြေဖဝါးတွင် ဆော့ပင်ဖြင့်ရေးကာ အစီအမံ လုပ်ခဲ့သော ယင်းမြို့ ကညွတ်ကွင်း ကျေးရွာအုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံး စာရေးဝန်ထမ်း အမျိုးသမီးက မတ်လ ၂၀ ရက် နံနက်ပိုင်းက ဝန်ချတောင်းပန်ခဲ့သည်။ 

 အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင်  ယင်းဌာန လက်အောက်ရှိ ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးမှ အသက် ၄၀ ကျော် စာရေးဝန်ထမ်း ဒေါ်နီနီလွင်က အသက် ၃၂ နှစ်အရွယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းကို တောင်းပန်ခဲ့ခြင်း ဖြစ်သည်။ 

စာရေးဝန်ထမ်း အမျိုးသမီးအား ယင်းကဲ့သို့ လုပ်ဆောင်ရန် ဌာနက စေခိုင်းခြင်း မဟုတ်ဘဲ ၎င်း၏ စိတ်ဆန္ဒအရ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ ဝန်ထမ်းက မသင့်လျော်သည့် အစီအမံကို လုပ်ဆောင်မိသည့်အတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ယင်းလုပ်ဆောင်ချက်ကို တိုင်ကြားသော ရပ်မိရပ်ဖနှင့် ဒေသခံ ပြည်သူများ၊ ပါတီဘက်မှ အကြီးအကဲများ အနေနှင့် ခွင့်လွှတ်ပေးနိုင်ရန်အတွက် အများရှေ့တွင် ဝန်ချတောင်းပန်သည့် အစီအစဉ်ကို ပြုလုပ်ရခြင်း ဖြစ်ကြောင်း အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးစီးမှူး ဦးသက်ဇော်ဦးက ပြောကြားသည်။

“ဝန်ထမ်းကိုတော့ ဆောင်ရွက်ခွင့်ရှိတဲ့ အတိုင်းအတာအရ အပြစ်ပေး ဆောင်ရွက်ပေးထားမှာပါ” ဟု ၎င်းက ရှင်းပြသည်။

ရပ်/ကျေး မြစိမ်းရောင် စီမံကိန်းတစ်ခုအတွက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း လာရောက်စဉ်က ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးမှ စာရေးဖြစ်သူ ဒေါ်နီနီလွင် မရှိသဖြင့် မြို့နယ်ဦးစီးမှူး၏ ဆူပူမှုကို ခံခဲ့ရကြောင်း၊ ယင်းနောက် ရွာ၏ တံတားဖွင့်ပွဲ အခမ်းအနားသို့ ဒေါ်ရီရီထွန်း လာရောက်ရာတွင် နောက်တစ်ကြိမ် အကြီးအကဲ၏ ဆူပူပြောဆိုခြင်း ခံရမည်ကို စိုးရိမ်မိသဖြင့် ဂမ္ဘီရစာစောင်များတွင် ရေးသားထားသည့်အတိုင်း အစီအမံ ပြုလုပ်ခဲ့ကြောင်း၊  ယင်းလုပ်ဆောင်မှုကို တိုင်းလွှတ်တော် ကိုယ်စားလှယ် ဒေါ်ရီရီထွန်းနှင့် ရပ်မိရပ်ဖ ဒေသခံများ ခွင့်လွှတ်ပေးရန် ဝန်ချတောင်းပန်ကြောင်း စာရေးဝန်ထမ်း ဒေါ်နီနီလွင်က ပြောကြားသည်။ 

“ကျွန်မအနေနဲ့ ဥပဒေကြောင်းအရ အရေးမယူပါဘူး၊ ဒီအစီအစဉ်ကို လက်ခံရတာကလည်း ဒါမျိုးနောင်အခါ မဖြစ်စေဖို့ပါ၊ အစိုးရရယ်၊ လွှတ်တော်ရယ်၊ ဝန်ထမ်းရယ် ပူးပေါင်းပြီး ကိုယ့်တိုင်းပြည် ကိုယ့်ဒေသ ပြန်လည်ထူထောင်ရေးကို လုပ်နေကြတာ ဖြစ်ပါတယ်၊ ကျွန်မတို့တွေမှာ အလွဲတွေ ရှိနေရင် တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြန်အလှန် တည့်မတ်ပေးစေချင်ပါတယ်၊ တက်ရောက်လာတဲ့သူတွေ အနေနဲ့လည်း စာရေးဝန်ထမ်းကို နားလည်ခွင့်လွှတ်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ” ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်းက ပြောကြားသည်။

ဖေဖော်ဝါရီလက အိမ်မဲမြို့နယ် ကညွတ်ကွင်း ကျေးရွာအုပ်စု၏ ကိုယ်ထူကိုယ်ထ အောင်ဆန်းတံတား ဖွင့်ပွဲကို တက်ရောက်လာသော တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီထွန်း၏ အမည်ကို  စာရေးဝန်ထမ်း ဒေါ်နီနီလွင်က ၎င်း၏ ညာဘက်ခြေဖဝါးတွင် ရီရီထွန်း၊ ဘယ်ဘက်ခြေဖဝါးတွင် ‘သတ်’ ဟု ဆော့ပင်ဖြင့်ရေးကာ အစီအမံ ပြုလုပ်ခဲ့သည်ကို တံတားဖွင့်ပွဲ ပရိတ်တရား ကြားနာနေစဉ်  တရားနာနေသော ဒေသခံများက တွေ့ရှိသဖြင့် တိုင်းအစိုးရအဖွဲ့နှင့် တာဝန်ရှိသူများထံ တိုင်ကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

R - 12