News

POST TYPE

NEWS

ကိုရီးယား အလုပ်လျှောက်ထားသူများ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်

ရန်ကုန်၊ မတ် ၂၀

မြောက်ဒဂုံမြို့နယ် အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ပြည်ပအလုပ်အကိုင်လမ်းညွန် သင်တန်းကျောင်းတွင် မတ်လ ၂၀ ရက် နံနက် ၈ နာရီခန့်က ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲဖြေဆိုမည့် လျှောက်လွှာ ဝယ်ယူရန် ရောက်ရှိနေသည့် လူအုပ်ကြီးသည် အလုအယက် တိုးဝှေ့ရာမှ နှစ်ဖက်အုပ်စု အချင်းများပြီး ခဲများဖြင့် အပြန်အလှန် ပစ်ပေါက်ကာ ရိုက်နှက်မှုများ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လစာကောင်း ရရှိသည့် ကိုရီးယားနိုင်ငံသို့ သွားရောက် အလုပ်လုပ်ခွင့်ရရှိရန် မြောက်ဒဂုံမြို့နယ်၊ ၄၃ ရပ်ကွက်၊ မင်းရဲကျော်စွာလမ်းနှင့် ဗိုလ်မင်းရောင်လမ်းရှိ အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာန(ပင်လုံခန်းမ) တွှင် ရောင်းချပေးနေသော ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲဖြေဆိုမည့် လျှောက်လွှာကို မြို့နယ်ပေါင်းစုံမှ လူအများက အလုအယက် ဝယ်ယူရာမှ နှစ်ဖက် အုပ်စုအချင်းများ ခိုက်ရန်ဖြစ်ခဲ့သည်။

“စာမေးပွဲဖြေဆိုမယ့် ဖောင်က ဒီနေ့ မနက် ၉  နာရီက စရောင်းတာ၊ မနက် ၇ နာရီခွဲလောက်ကစပြီး ဖောင်ဝယ်ဖို့ လူတွေ အစုလိုက် အပြုံလိုက် ရောက်လာကြတယ်၊ ဝင်းတံခါးက ပိတ်ထားတော့ ဖွင့်ချိန် သူ့ထက်ငါ အရင်ဝင်လို့ရအောင် အလုအယက် တိုးဝှေ့ရင်း အဖွဲ့နှစ်ဖွဲ့ စကားများ ရန်ဖြစ်ခဲ့တယ်၊ ပထမတော့ ရေသန့်ဗူးတွေနဲ့ ပေါက်ရာကနေ ခဲတွေနဲ့ပေါက်၊ တုတ်တွေနဲ့ ရိုက်တဲ့အထိ ဖြစ်သွားတယ်”ဟု မျက်မြင်တွေ့ခဲ့သော လျှောက်လွှာဝယ်ယူခဲ့သူ အမျိုးသားက ပြောသည်။

တစ်ဖက်လျှင် အယောက် ၅၀ ခန့် ပါဝင်သည့် အုပ်စုနှစ်ဖွဲ့ ခိုက်ရန်ဖြစ်စဉ်အနီးရှိ လူအများမှ ၎င်းတို့ကို ထိခိုက်မိမည် စိုးရိမ်သောကြောင့် တိုးဝှေ့တိမ်းရှောင်ခဲ့ရာမှ လူအုပ်ကြီး၏ တွန်းအားဖြင့် သော့ခတ် ပိတ်ထားသည့် ဝင်းတံခါး ပြိုလဲကျခဲ့ပြီး ပွန်းပဲ့ဒဏ်ရာရသူ အချို့ရှိခဲ့ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်က သစ်ပင်ပေါ် တက်နေတော့ ရန်ဖြစ်တာကို အပေါ်စီးကနေ မြင်လိုက်ရတယ်၊ နှစ်ဖက်အဖွဲ့ ခဲတွေနဲ့ အပြန်အလှန် ပေါက်နေတော့ ဘေးက လူအုပ်ကြီးက သူတို့ ထိမိမှာ ကြောက်ပြီး အတင်းလုယက် ထွက်ပြေးရာက လဲကျ ဒဏ်ရာရသူတွေ ရှိတယ်၊ အဲဒီအချိန် ရဲက အနားမှာမရှိဘူး၊ မီးသတ်နှစ်ယောက် ရှိပေမယ့် သူတို့လည်း အနားမကပ်ရဲဘူး၊ အဖွဲ့ နှစ်ဖွဲ့က သင်တန်းဆရာ၊ ဆရာမတွေက သူတို့လူတွေ သူတို့ဘာသာ ဝင်ထိန်းခဲ့လို့ ရန်ပွဲရပ်သွားတာ”ဟု မျက်မြင်တွေ့ခဲ့သော အမျိုးသားက ရှင်းပြသည်။

အဆိုပါ အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်မှုတွင် ပွန်းပဲ့ပေါက်ပြဲဖူးရောင် ဒဏ်ရာရသူအချို့ ရှိခဲ့သော်လည်း လတ်တလော တိုင်ကြားသူ မရှိသောကြောင့် အမှုဖွင့် အရေးယူထားခြင်း မရှိသေးကြောင်းနှင့် အခင်းဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့က လုံခြုံရေး လာရောက် ဆောင်ရွက်ပေးခဲ့ကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောသည်။

“နှစ်တိုင်း ဖြစ်နေကြ၊ ဒီနှစ်က အွန်လိုင်းပေါ် တက်သွားလို့ လူအများ သိသွားတာ၊ ဖောင်လာဝယ်သူက တစ်နေ့ တစ်နေ့ အယောက် သုံးသောင်းကျော် လေးသောင်းလောက် ရှိတယ်၊ အတင်းလုယက် တိုးဝှေ့ ဝယ်ရတော့ တစ်ယောက်နဲ့တစ်ယောက် တိုက်မိခိုက်မိရာက စကားများ ရန်ဖြစ်တာ နှစ်တိုင်းပဲ၊ မနှစ်ကဆို ပြတင်းပေါက်တွေပါ ရိုက်ချိုးဖျက်ပြီး ဝင်ကြတာ”ဟု ပင်လုံခန်းမအနီး လက်ဖက်ရည် ရောင်းနေသော အမျိုးသားကြီး တစ်ဦးက ဆိုသည်။

“ကိုရီးယားမှာ သွားလုပ်ခွင့်ရဖို့ အများကြီး ကြိုးစားထားရတာ၊ အခက်အခဲ ကိုယ်စီနဲ့ ကြိုးစားထားသူတွေကို တိုင်း/ ခရိုင်အလိုက် ဒီလိုဖောင်တွေ အလွယ်တကူ ဝယ်လို့ရအောင် ရောင်းချပေးစေချင်တယ်၊ အခုတော့ နယ်ပေါင်းစုံက လာကြပြီး သတ်မှတ်ရက်အတွင်း အချိန်မီ ဝယ်နိုင်အောင် အလုအယက် တိုးကြိတ်ဝယ်ရတော့ အချို့လူတွေဆို မွန်းပြီး သတိလစ် သွားတဲ့သူတွေ ရှိတယ်”ဟု လျှောက်လွှာ ဝယ်ယူခဲ့သော မြင်းခြံမြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ဆိုသည်။

ကိုးရီးယား EPS စာမေးပွဲဖောင် ရောင်းချမှု ပထမနေ့တွင် ခိုက်ရန်ဖြစ်ပွားမှုကြောင့် နောက်ရက်များတွင် ဝင်ခွင့်ဖောင် ရောင်းချသည့်နေရာ၌ စည်းကမ်းတကျဖြစ်စေရန် ညွှန်ကြားသွားမည်ဟု အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာန ရွှေ့ပြောင်း အလုပ်သမား ဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးသိန်းဝင်းက ပြောကြားသည်။

“စလာတဲ့နေ့ထဲက တံခါးတွေ ချိုးဖဲ့ဖျက်စီးပြီး ဝင်းထဲကို ဝင်ခဲ့တယ်။ အရှေ့တံခါးကို မနက် ၇ နာရီလောက်ထဲက ဖျက်ဝင်တယ်။ အဲဒီလိုတွေ ဖြစ်သွားတယ်။ လုံခြုံရေး၊ ရဲတပ်ဖွဲ့ဝင်တွေ ဖွင့်ပေးပြီး တိုးဝှေ့လို့ ဖောင်ရောင်းတာကို ခဏ ရပ်လိုက်ရတယ်။ လုံခြုံရေး အင်းအား ထပ်တိုးပြီးမှ သက်ဆိုင်ရာ လုံခြုံရေး ယူလိုက်ရတယ် မနက်ဖြန်ကို ဒီနေ့အခြေအနေ ကြည့်ပြီး စည်းကမ်းတကျလေးဖြစ်အောင် တစ်ခြား ဘာဆက်လုပ်ရမလဲဆိုတာကို ဆွေးနွေးသွားမယ်”ဟု ဦးသိန်းဝင်းက ပြောကြားသည်။

ပထမနေ့တွင် နံနက် ၇ နာရီမှစ၍ လျှောက်လွှာဖောင်များကို စတင် ရောင်းချခဲ့ရာ သုံးနာရီအတွင်း လျှောက်လွှာ ၃၀ဝ၀ ကျော် ရောင်းချခဲ့ရကြောင်း ဖောင်ရောင်းချခွင့်ကို နံနက် ၉ နာရီမှ ညနေ ၆ နာရီထိ သတ်မှတ်ထားပြီး မတ်လ ၂၀ ရက်နေ့မှ စတင်၍ ငါးရက်အကြာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းလျှောက်လွှာ တစ်စောင်ကို အမေရိကန် ၂၄ ဒေါ်လာ ဝန်းကျင်ရှိပြီး အလုပ်သမား ညွှန်ကြားရေး ဦးစီးဌာနမှ တရားဝင် အလုပ်သမား စေလွှတ်မှု ၁၉၉၀ ခုနှစ်မှစတင်၍ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအထိ ၂၇ နှစ်အတွင်း အလုပ်သမား ၂၉၇၈၄ ဦးကို တရားဝင် စေလွှတ်ခဲ့ပြီး ဖြစ်ကြောင်း ၂၀၁၇ ခုနှစ်အတွက် ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သား ၅၀ဝ၀ စေလွှတ်သွားမည်ဖြစ်ကြောင်း အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

S-03၊ ခင်မြတ်မြတ်ဝေ