News

POST TYPE

NEWS

စွမ်းဆောင်ရည်မြင့် ဒုံးပျံအင်ဂျင်သစ် မြောက်ကိုရီးယား စမ်းသပ်၊ ကမ္ဘာ့ဂြိုဟ်တုလုပ်ငန်းအတွက် မဟာအောင်မြင်မှုဟု ကင်ဂျုံအန်း ချီးမွမ်း
ဆိုးလ်၊ မတ် ၁

မြောက်ကိုရီးယားနိုင်ငံသည် စွမ်းဆောင်ရည်မြင့်သည့် ဒုံးပျံအင်ဂျင်သစ် တစ်ခုကို စမ်းသပ်နိုင်ပြီ ဖြစ်သည်ဟု နိုင်ငံပိုင် မီဒီယာက ထုတ်ပြန်ကြေညာကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

အဆိုပါ ရော့ကက်အင်ဂျင်သစ် စမ်းသပ်မှုသည် မြောက်ကိုရီးယား ကွန်မြူနစ် နိုင်ငံတော်၏ ဒုံးပျံလုပ်ငန်းအတွက် မွေးဖွားမှုအသစ်တစ်ရပ် ဖြစ်သည်ဟု ခေါင်းဆောင်ကင်ဂျုံအန်းက ထုတ်ဖော်ပြောဆိုကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြသည်။ 

ထို့ပြင် စွမ်းဆောင်ရည် မြင့်မားသည့် ယင်းအင်ဂျင်သစ်သည် ကမ္ဘာ့အဆင့်မီ ဂြိုဟ်တုများ လွှတ်တင်နိုင်ရေးအတွက် များစွာ အထောက်အကူပြုလိမ့်မည် ဖြစ်သည်ဟု ကင်ဂျုံအန်းက ဆိုသည်။ 

ဒုံးပျံအင်ဂျင်သစ် စမ်းသပ်မှုသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆင် မြောက်ကိုရီးယား၏ အနီးကပ် မဟာမိတ်ဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်နေစဉ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

ယင်းအင်ဂျင်သစ် စမ်းသပ်မှုကို ကိုယ်တိုင်ကြည့်ရှုလေ့လာပြီးနောက် ကင်ဂျုံအန်းက ကမ္ဘာကြီးသည် ကျွန်ုပ်တို့ မြောက်ကိုရီးယားနိုင်ငံ၏ ထူးခြားပြောင်မြောက်သော အောင်မြင်မှုတစ်ရပ်ကို မကြာမီ တွေ့မြင်ရတော့မည် ဖြစ်သည်ဟုလည်း ချီးမွမ်းပြောဆိုလိုက်ကြောင်း KCNA သတင်းဌာနက ဆိုသည်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ တရုတ်ပြည် ခရီးစဉ်သည် မြောက်ကိုရီးယား၏ နျူကလီးယား တပ်ဆင်မှုများကြောင့် အရှေ့အာရှဒေသအတွင်း စိုးရိမ်မှုများ ကြီးထွားနေစဉ် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

သောကြာနေ့က တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေခိုက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆင်က အကယ်၍ တောင်ကိုရီးယား သို့မဟုတ် အမေရိကန်တပ်ဖွဲ့များကို မြောက်ကိုရီးယား နိုင်ငံက ခြိမ်းခြောက်လာမည် ဆိုပါက အမေရိကန် စစ်ရေးတုံ့ပြန်မှု ကိစ္စကို ထည့်သွင်းစဉ်းစားသွားမည် ဖြစ်ကြောင်း ပြောကြားသွားသည်။ 

ရက်စ်တီလာဆင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးတို့ ဘေဂျင်းတွင် တွေ့ဆုံဆွေးနွေးပြီးနောက် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်နိုင်ငံတို့သည် မြောက်ကိုရီးယား နျူကလီးယားလက်နက် အစီအစဉ် ဖယ်ရှားနိုင်ရေးအတွက် မတူညီသော ချဉ်းကပ်မှုများနှင့် လုပ်ဆောင်သွားကြရန် သဘောတူညီခဲ့ကြသည်။ 

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယား စမ်းသပ်မှုနှင့် ဒုံးကျည်ပစ်လွှတ်မှုများကို ဆက်တိုက်အကောင်အထည်ဖော်ခဲ့ပြီး ကျွမ်းကျင်သူများနှင့် အစိုးရ အရာရှိကြီးများ အဆိုအရ မြောက်ကိုရီးယားသည် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်ကာ အမေရိကအထိ ရောက်ရှိအောင်  ပစ်လွှတ်နိုင်သည့် ဒုံးကျည်များ ထုတ်လုပ်ရန် အစွမ်းကုန် ကြိုးပမ်းနေသည်ဟု ယုံကြည်ကြသည်။ 

F-01