News

POST TYPE

NEWS

မိတ္ထီလာတွင် ဦးဝီရသူ၏ ဝစီပိတ် ဓမ္မသဘင် ကျင်းပ
17-Mar-2017 tagged as ဦးဝီရသူ

မိတ္ထီလာ၊ မတ် ၁၇

နိုင်ငံတော် သဃာ မဟာနာယကအဖွဲ့က တရားဟောခွင့် ပိတ်ပင်ခံထားရသည့် ဆရာတော် ဦးဝီရသူသည် မတ်လ ၁၇ ရက်နေ့ ည ၈ နာရီခွဲ အချိန်က မိတ္ထီလာမြို့တွင် ပြုလုပ်သည့်တရားပွဲသို့ လာရောက်ပြီး ဝစီပိတ်ကာ အလုပ်တရားခွေဖွင့်ပြီး ဓမ္မသဘင်ပွဲ ကျင်းပခဲ့သည်။

မိတ္ထီလာမြို့ မင်္ဂလာဇေယျုံ ရပ်ကွက်မှ ရှင်ပြုပွဲတစ်ခု၏ တရားပွဲတွင် ဆရာတော် ဦးဝီရသူ တရားဟောရန် အလှူရှင်များက စီစဉ်ထားသော်လည်း (မဟန) က တရားဟောခွင့် တစ်နှစ် ပိတ်ပင်ထားမှုကြောင့် ဆရာတော် ဦးဝီရသူ တရားဟောမည့်ကို ဒေသအာဏာပိုင်များက ခွင့်မပြုပေ။

မိတ္ထီလာမြို့တွင် ရှင်ပြုနားသပွဲတစ်ခု၏ အကြိုဓမ္မသဘင် မတ်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် မင်္ဂလာဇေယျုံ ကျောင်းတိုက်အတွင်းသို့ ဆရာတော် ဦးဝီရသူ ကြွရောက်လာသော်လည်း တရားဟောဖြစ်မည် မဟုတ်ကြောင်း ဆရာတော်ကို သွားရောက် ကြိုဆိုသော မိတ္ထီလာမြို့ခံ ဦးဝင်းဇော်က မတ်လ ၁၇ ရက် ညနေ ၆ နာရီ ၃၀ အချိန်က ပြောဆိုသည်။
“ဆရာတော်က တရားမဟောဘဲနဲ့ တရားခွေ ဖွင့်ဖြစ်ချင် ဖြစ်မယ်။ အဲဒါကတော့ ဆရာတော် ရောက်လာမှ သိမယ်။ ကြိုနေတာ လူ နှစ်ထောင်လောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ တရားပွဲနှင့် ပတ်သက်၍ နိုင်ငံတော် သံဃာ့မဟာနာယအဖွဲ့၏ ထုတ်ပြန်ချက်သည်သာ လွှမ်းမိုးကြောင်း မိတ္ထီလာခရိုင် သာသနာရေး ဦးစီးမှူး ဦးကိုကိုအောင်က မှတ်ချက်ပြုသည်။

ဆရာတော် ဦးဝီရသူ တရားပွဲ ကျင်းပနေသည့် ရပ်ကွက်ပတ်ဝန်းကျင်နှင့် မိတ္ထီလာမြို့တွင်း အချက်အချာနေရာများတွင် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူထားကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

ဦးဝီရသူသည် မတ်လ ၁၁ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီးနှင့် မတ်လ ၁၅ ရက်နေ့က ကချင်ပြည်နယ်တွင် ပါးစပ်ကို တိပ်ကပ်၍ ဝစီပိတ် ဓမ္မသဘင် ပြုလုပ်ခဲ့သေးသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် သရက်ကောင်းကျေးရွာတွင် ကျင်းပမည့် တရားပွဲကို မြို့နယ်အာဏာပိုင်အဖွဲ့က ခွင့်မပြုသဖြင့် တရားပွဲဖျက်သိမ်းခဲ့သည်။

ဆရာတော် ဝီရသူ တရားဟောခွင့် တစ်နှစ်ပိတ်ပင်ကြောင်း နိုင်ငံတော် သံဃာမဟာနာယက(မဟန) က မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။