News

POST TYPE

NEWS

ဦးကိုနီ လုပ်ကြံမှုတွင်ပါဝင်သည့် အောင်ဝင်းဇော်နှင့် ကြည်လင်းအတွက် အမှုလိုက်ပေးမည့် ရှေ့နေ မရသေး
17-Mar-2017
ရန်ကုန်၊ မတ် ၁၇

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုအတွက် စွပ်စွဲခံရသူ လေးဦးကို  မတ်လ ၁၇ ရက်တွင် စတင်ရုံးထုတ်လာပြီး စွပ်စွဲခံရသူအချို့မှာ ရှေ့နေ့ပါဝါ မတင်ပြနိုင်သဖြင့် ရုံးချိန်းကို နောက်တစ်ပတ်သို့ ချိန်းဆိုလိုက်ကြောင်း အဆိုပါ တရားရုံးထံမှ သိရသည်။

ရှေ့နေပါဝါ ဆိုသည်မှာ ရာဇဝတ်မှုများတွင် စွပ်စွဲခံရသူကိုယ်စား အမှုလိုက်ရန် ရှေ့နေတစ်ဦးဦးကို တရားရုံးက ခွင့်ပြုပေးခြင်း ဖြစ်သည်။ 

အင်းစိန်မြို့နယ်ရှိ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံး၌ ဦးကိုနီ လုပ်ကြံခံရမှုတွင် စွပ်စွဲခံရသူ လေးဦးဖြစ်သည့် အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ကြည်လင်းနှင့် ဇေယျာဖြိုးတို့ကို မတ်လ ၁၇ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ခြင်း ဖြစ်သည်။

စွပ်စွဲခံရသူလေးဦးအနက် နှစ်ဦးသာ ရှေ့နေပါဝါ တင်ပြနိုင်ပြီး နှစ်ဦးမှာ ရှေ့နေပါဝါ တင်ပြနိုင်ခြင်း မရှိသေးချေ။

“နှစ်ယောက်ပဲ ပါဝါတင်ရသေးတယ်။ ကိုအောင်ဝင်းဇော်နဲ့ ကိုကြည်လင်းက မတင်ရသေးဘူး။ ရှေ့နေပါဝါ မတင်ထားတဲ့အတွက် ဒီနေ့စစ်လို့မရဘူး။ အမှန်က ဒီနေ့စစ်မှာ” ဟု ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးမှ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမင်းဦးက ပြောကြားသည်။

စွပ်စွဲခံရသူ ကြည်လင်းမှာ ရှေ့နေမငှားနိုင်သောကြောင့် အစိုးရရှေ့နေဖြင့်  တရားရင်ဆိုင်ရမည် ဖြစ်ကြောင်း အဆိုပါ တရားခွင်ကို လေ့လာသူအဖြစ် တက်ရောက်ခဲ့သည့် အင်းစိန်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များရုံးမှ ဦးကျော်မိုးက ပြောကြားသည်။ 

“အများပြည်သူ မျှော်လင့်တဲ့အတိုင်း အမှန်တရား ပေါ်ပေါက်ဖို့။ ဦးကိုနီဆိုတာ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်လာတဲ့သူ။ သူ့ကို လုပ်ကြံတာဟာ နိုင်ငံတော်လုပ်ကြံမှုပါပဲ။ နေပြည်တော်ရောက်မှ ကွင်းဆက်ပြတ်သွားတဲ့အတွက် ပြည်ထဲရေးအနေနဲ့ အမှုမှန်ကို အမြန်ဆုံးဖော်ထုတ်ဖို့ လိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ 

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုအတွက် မြောက်ပိုင်းခရိုင် တရားရုံးတွင် အမှုကြားနာစဉ် တရားသူကြီးသုံးဦး ပါဝင်သည်။ 

စွပ်စွဲခံရသူများကို လူသတ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂၊ ပြစ်မှုမြောက်ရန် အကြံတစ်ခုကို ပူးပေါင်းကြံစည်ခြင်း ရာဇသတ်ကြီးပုဒ်မ ၃၄၊ ပြစ်မှုကျူးလွန်ကြောင်း သိလျက်နှင့် လက်ခံထားမှု  ရာဇသတ်ကြီးပုဒ်မ ၂၁၂၊  လက်နက်ဥပဒေ ပုဒ်မ ၁၉ (ယ)၊ ၁၉ (စ) တို့ဖြင့် စွဲဆိုထားကြောင်း တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဦးနေလထံမှ သိရသည်။

တရားလွှတ်တော် ရှေ့နေဦးကိုနီကို လုပ်ကြံရန် ငွေကျပ်သိန်း ၁၀ဝ၀ နှင့် စေခိုင်းသူသည် တပ်မတော်တွင် ဒုဗိုလ်မှူးကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ  အောင်ဝင်းခိုင် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးက ဖေဖော်ဝါရီလလယ်ပိုင်းတွင် သတင်းထုတ်ပြန်ထားပြီး ၎င်းသည် လက်ရှိတွင် လွတ်မြောက်လျက် ရှိသည်။ 

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကြိုးစားနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် ရန်ကုန်လေဆိပ်၌ သေနတ်ဖြင့် အနီးကပ် လုပ်ကြံခံခဲ့ရခြင်း ဖြစ်သည်။