News

POST TYPE

NEWS

YBS ယာဉ် ဓာတ်တိုင် ဝင်တိုက်၊ ဓာတ်ကြိုးတက်ရှင်းသည့် လျှပ်စစ်ဝန်ထမ်း ပြုတ်ကျ
16-Mar-2017 tagged as YBS

ရန်ကုန်၊ မတ် ၁၅

ကုန်သည်လမ်းနှင့် ပန်းဆိုးတန်း လမ်းထောင့်တွင် မတ်လ ၁၅ ရက် နံနက်ပိုင်းက အမှတ် (၇) YBS ယာဉ်တစ်စီး သည် အရှိန်မထိန်းနိုင်ဘဲ တက္ကစီယာဉ်တစ်စီးနှင့် လမ်းဘေးဓာတ်တိုင်ကို ဝင်တိုက်မိခဲ့ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ထံမှသိရသည်။

ကားတိုက်ခံရသည့် ဓာတ်တိုင်ပေါ်တက်၍ ဓာတ်ကြိုးများ တက်ရှင်းသည့် လျှပ်စစ်ဝန်ထမ်း ဓာတ်တိုင်ပေါ်မှ ပြုတ်ကျခဲ့သည်။

“YBS ယာဉ်က မီးနီဖြတ်မောင်းတာ၊ မီးပွိုင့်ဖြတ်တဲ့ ပရိုဘောက် အငှားယာဉ်တစ်စီးကို အရင်တိုက်တယ်၊ ပြီးတော့ လမ်းဘေးဓာတ်တိုင်နဲ့ စီးပွားကူးသန်း ဝန်ကြီးဌာန အဆောက်အအုံပါ ဝင်တိုက်ခဲ့တာ၊ သူက အဲဒီကားတိုက်သွားတဲ့ ဓာတ်တိုင်ပေါ် ကြိုးတက်ရှင်းလို့ ပြုတ်ကျတာပါ၊ သူနဲ့အတူ အခြားအဖော်တစ်ဦးလည်း ပါတယ်” ဟု ကျောက်တံတား မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဓာတ်တိုင်ပေါ်မှ ပြုတ်ကျသည့် လျှပ်စစ်ဝန်ထမ်းမှာ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ သိပ္ပံ (၉) လမ်းတွင် နေထိုင်သူ ကျောက်တံတားမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ အသက် ၃၀ အရွယ် ကိုထွန်းမြင့်ကျော် ဖြစ်ပြီး ယင်းနေ့ နံနက်ပိုင်းက အမှတ် (၇) YBS ယာဉ်မှ တိုက်မိသည့် ဓာတ်တိုင်ပေါ်တက်ကာ လျှပ်စစ်ဓာတ်ကြိုးများ ရှင်းလင်းရာမှ ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း ကျောက်တံတား မြို့မရဲစခန်းထံမှ သိရသည်။

ယင်းယာဉ်တိုက်မှုကြောင့် ပရိုဘောက် အဖြူရောင် အငှားယာဉ်တစ်စီး၊ YBS ယာဉ်၏ ဦခေါင်းပိုင်း၊ လမ်းညာ ဘက်ဘေးဓာတ်တိုင်၊ စီးပွားကူးသန်း ဝန်ကြီးဌာနပိုင် အဆောက်အအုံတို့ ပျက်စီးခဲ့ပြီး YBS ယာဉ်ပေါ်ပါ ခရီးသည် အမျိုးသားနှစ်ဦးနှင့် အငှားယာဉ်မောင်းတို့မှာ ပေါက်ပြဲပွန်းပဲ့ ထိခိုက်ဒဏ်ရာများ  ရရှိခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့  တင်ပို့ကုသထားရသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်သူ YBS ယာဉ်မောင်း အမျိုးသားကို ကျောက်တံတား မြို့မရဲစခန်းက ယာဉ် (ပ) ၇/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉/၂၀၂ ဖြင့် အမှုဖွင့် စုံစမ်းရှာဖွေလျက်ရှိကြောင်း ယင်းမြို့မ ရဲစခန်းထံမှ သိရသည်။

ဓာတ်တိုင်ပေါ်မှ ပြုတ်ကျသူ အမျိုးသားမှာ ညာပါးစုတ်ပြဲဒဏ်ရာ၊ ဘယ်ညာ လက်ခလယ် ညိုမဲဒဏ်ရာ၊ ညာနံကြား စုတ်ပွန်းပဲ့ဒဏ်ရာများ ရရှိပြီး သတိလစ် မေ့မြောခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာ (စိုးရိမ်ရ) အဖြစ် တင်ပို့ကုသထားရကြောင်း ယင်းမြို့မ ရဲစခန်းထံမှ သိရသည်။

J-16