News

POST TYPE

NEWS

YBS ၃၆ ယာဉ်လိုင်း မတ်လကုန် Wi-fi တပ်ဆင်မည်
10-Mar-2017 tagged as YBS

ရန်ကုန်၊ မတ် ၉

YBS ၃၆ ယာဉ်လိုင်း အနေနှင့် စီးနင်းသည့် ခရီးသွားပြည်သူများကို ဝန်ဆောင်မှု ပေးနိုင်ရန် ရည်ရွယ်ပြီး ယခုလကုန်၌ Wi-fi တပ်ဆင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ပြ အများပြည်သူပို့ဆောင်ရေး ကုမ္ပဏီ YUPT ထံမှ သိရသည်။

“ခရီးသည်တစ်ယောက်ကို ဘယ်လောက် megabyte သုံးခွင့်ရှိမလဲ ညှိနှိုင်းနေတယ်။ ကားတစ်စီးမှာ လူ ၇၀ လောက်ရှိရင် ဘယ်လောက်အင်တာနက်သုံးသူ ရှိနိုင်မလဲကအစ တွက်ချက်နေတယ်။ မတ်လကုန်တော့ စတပ်နိုင်မယ်လို့ ခန့်မှန်းထားတယ်” ဟု YBS ၃၆ ယာဉ်လိုင်း ပြေးဆွဲသည့် ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ဆိုသည်။

တရုတ် IT ကုမ္ပဏီတစ်ခုက Wi-fi တပ်ဆင်ပေးခြင်းဖြစ်ပြီး အဆိုပါယာဉ်လိုင်း စီးနင်းသည့် ခရီးသွားပြည်သူများသည် Wi-fi free သုံးစွဲရမည် ဖြစ်သော်လည်း သုံးစွဲမည့် မီဂါဘိုက်ကို သတ်မှတ်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့ Wi-fi free သုံးစွဲခွင့်မှာ ကောင်းမွန်သည့် ဝန်ဆောင်မှု ဖြစ်သော်လည်း ယာဉ်ပေါ်တွင် ထိုင်ခုံအနည်းငယ်ခန့်သာ ပါရှိသောကြောင့် ယာဉ်ပေါ်ရှိ ခရီးသည်အားလုံး Wi-fi သုံးစွဲခွင့် ရရှိနိုင်မည် မဟုတ်ကြောင်း YBS ၃၆ ယာဉ်လိုင်း နေ့စဉ်စီးနင်းသည့် ခရီးသည်တစ်ဦးက ပြောကြားသည်။ 
“ထိုင်ခုံက နည်းတယ်။ ခရီးသည်တွေ မတ်တတ်စီးရတာ များတယ်။ အဲလိုဆိုတော့ ဘယ်လိုအင်တာနက် သုံးမလဲ။ မလဲအောင် ထိန်းနေရတာနဲ့၊ ကားပေါ် လူကျပ်နေတာနဲ့ အဆင်မပြေပါဘူးဗျာ” ဟု ၎င်းက ဆိုသည်။

YBS ၃၆ ယာဉ်လိုင်းတွင် ယာဉ်စီးရေ ၁၄၀ ရှိပြီး တစ်ရက်လျှင် စီးရေ ၁၁၀ ခန့် ထွက်ရှိကာ ရွှေပေါက္ကံမှ ဆူးလေနှင့် ထောက်ကြန့်မှ ဆူးလေ လမ်းကြောင်း နှစ်ခုကို ပြေးဆွဲကြောင်း ရန်ကုန်မြို့ပြ အများပြည်သူပို့ဆောင်ရေး ကုမ္ပဏီ YUPT ထံမှ သိရသည်။

J-06