News

POST TYPE

NEWS

ခွင့်ပြုချက်မရှိဘဲ ဦးဝီရသူ၏ တရားပွဲ မအူပင်တွင် ပြုလုပ်
10-Mar-2017 tagged as ဦးဝီရသူ

ပုသိမ်၊ မတ် ၉

ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် လေးအိမ်စု ကျေးရွာအုပ်စု တာတပေါ အရှေ့ကျေးရွာတွင် မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဦးဝီရသူ) သည် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ တရားဟောကြားခွင့် တားမြစ်ချက်ကို လိုက်နာခြင်းမရှိဘဲ မတ်လ ၈ ရက်နေ့ညက တရားဟောခဲ့ကြောင်း မအူပင်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

တရားပွဲပြုလုပ်ခွင့် မကျသေးကြောင်းနှင့် ဦးဝီရသူကို တရားဟောခွင့် မပြုကြောင်း၊ တရားပွဲကျင်းပရေးအတွက် စာတင်ထားသော မအူပင်မြို့နယ် (မဘသ) အဖွဲ့ ဥက္ကဋ္ဌ မအူပင်မြို့ အမှတ် (၉) ရပ်ကွက်ရှိ ဦးပုဏ္ဏ (အောင်မြေသာစည်ကျောင်းတိုက်) နှင့် အတွင်းရေးမှူးဖြစ်သော  မအူပင်မြို့ အမှတ် (၇) ရပ်ကွက်ရှိ ပြည်ထောင်စုကျောင်းတိုက်မှ ဦးဝိစိတ္တတို့ကို တရားပွဲ မကျင်းပမီ လျှောက်ထားသော်လည်း လိုက်နာခြင်း မရှိကြောင်း မအူပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်မြင့်သိန်းက The Voice သို့ ပြောကြားသည်။
“တရားပွဲကိုပိတ်တာ မဟုတ်ဘူး။ ခရိုင်ကို တင်ပြထားတဲ့ ပြုလုပ်ခွင့်ပါမစ် မကျသေးတာပါ။ ဦးဝီရသူကိုတော့ တရားဟောခွင့် ပိတ်ထားတာ ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ကျေးရွာ ဗုဒ္ဓပူဇနိယ ထေရဝါဒ တရားပွဲအား မတ်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့ ကျင်းပပြုလုပ်ခွင့် ရရှိရန် မဘသအဖွဲ့မှ မအူပင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြထားသည် ဆိုသော်လည်း ဧရာဝတီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ယနေ့တိုင် တင်ပြလာခြင်း မရှိသေး၍ တရားပွဲကျင်းပခွင့် ပါမစ်မချပေးသေးကြောင်း၊ ဦးဝီရသူကိုမူ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဖြစ်စေမည့် အမုန်းပွားစေသော စကားများကို ဟောပြောသောကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်း တရားဟောပြောခွင့် မရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ညွှန်ကြားရေး ဦးမျိုးမင်းထွန်းက ပြောကြားသည်။

“ဆရာတော်ကို တိုင်းအစိုးရအဖွဲ့က တရားဟောခွင့် ပိတ်ခွင့်မရှိဘူး။ ဓမ္မစရိယ အောင်ထားတဲ့ ဆရာတော်တစ်ပါး အနေနဲ့ တရားဟောခွင့် ရှိတယ်။ ဧရာဝတီတိုင်းမှာ ဆရာတော် တရားဟောခွင့်ရဖို့ အတွက် အမျိုးသားရေး အင်အားစုတွေ ကြိုးစားသွားမယ်” ဟု အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင် မြန်မာ့ဝံသာနုအားမန်အဖွဲ့ ဦးဆောင်သူ  ဦးကျော်မျိုးရွှေက ပြောကြားသည်။

ဦးဝီရသူ၏ တရားပွဲကို ယမန်နှစ် နိုဝင်ဘာလက ဖျာပုံမြို့တွင်တစ်ကြိမ်၊ ဖေဖော်ဝါရီလက ပုသိမ်မြို့၌ တစ်ကြိမ် ပိတ်ပင်ခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးထံမှ သိရသည်။  

R−12