News

POST TYPE

NEWS

အောင်ဘာလေ ထီလက်မှတ် မူရင်းဈေးနှုန်းထက် ပိုမိုရောင်းချမှုများကို အရေးယူမည်
04-Mar-2017 tagged as ထီလက်မှတ်


ရန်ကုန်၊ မတ် ၎

မြန်မာနိုင်ငံအနှံ့တွင် မတ်လ ၁ ရက်မှ စတင်ဖြန့်ချိသည့် ကျပ်ငါးရာတန် ထီလက်မှတ်အပေါ် လူထုအနေနှင့် စိတ်ဝင်စားမှု မြင့်တက်နေသော်လည်း သတ်မှတ်ဈေးနှုန်းထက် ပိုရောင်းချခြင်းများကို အရေးယူမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်ဦးစီးဌာနထံမှ စုံစမ်း သိရှိရသည်။

ကျပ်ငါးရာတန် ထီလက်မှတ်ကို ဈေးကွက်တွင် စိတ်ဝင်စားမှု ရှိ၊ မရှိ သိရှိရန် စောင်ရေ ၃၂သန်းခန့်သာ စတင်ဖြန့်ချိခဲ့ပြီး ဈေးနှုန်း ပိုမိုရောင်းချမှုကို စုံစမ်း စစ်ဆေးမည်ဖြစ်ကြောင်း၊ ဈေးနှုန်းပိုမို ရယူသည်ဟု တွေ့ရှိပါက သက်ဆိုင်ရာ ထီ ကိုယ်စားလှယ်များနှင့် မူလ သဘောတူညီချက်အတိုင်း ထီအရောင်း ကိုယ်စားလှယ်များကို အမည်ပျက်စာရင်း သတ်မှတ်ကာ လစဉ်ထီစာအုပ် ဝယ်ယူခွင့် ရုပ်သိမ်းခြင်း၊ ဌာနသို့ ပေးသွင်းထားသည့် အာမခံငွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းယူမည်ဖြစ်ကြောင်း  ပြည်တွင်း အခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ဈေးနှုန်းကို ထီလက်မှတ်မှာ ဖော်ပြထားပြီးသားပါ။ အခု ဈေးပိုရောင်းတဲ့ သတင်းစကားတွေ ကြားလာရလို့ စုံစမ်း စစ်ဆေးသွားမယ်။ အခုလည်း ဒါနဲ့ ပက်သက်ပြီး အရေးပေါ် အစည်းအဝေး လုပ်နေပါတယ်”ဟု ၎င်းက  ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အောင်ဘာလေ ထီအရောင်းဆိုင်များ အနေနှင့် အဆိုပါ ကျပ် ၅၀ဝ တန်ထီ စတင်ရောင်းချသည့် ၂၀၁၇ ခုနှစ်၊ မတ်လ ၁ ရက်နေ့တွင်ပင် မူရင်းဈေးနှုန်းထက် ပိုမို ရောင်းချမှု များရှိနေကြောင်း အောင်ဘာလေ ထီထိုးသူများထံမှ စုံစမ်း သိရှိရသည်။

“စတင်ရောင်းချတဲ့ မတ်လ ၁ ရက်နေ့မှာ ထီအရောင်းဆိုင်နီးပါး မူရင်း ဈေးအတိုင်း ရောင်းချတာ တွေ့ရပါတယ်။ ဒါပေမဲ့ ၃ ရက်နေ့က စပြီး ထီထိုးဖို့သွားတော့ မြို့တွင်း မြို့နယ်က ထီဆိုင်တချို့က ၅၅၀၊ ၆၀ဝ နဲ့ ရောင်းချတာတွေ ရှိလာတဲ့အတွက် အဲဒီဆိုင်တွေကို ဖုန်းဆက် တိုင်ကြားသွားမယ်”ဟု လသာမြို့နယ်တွင် နေထိုင်သူ ကုမ္ပဏီဝန်ထမ်း ဦးသန်းရွှေက ဆိုသည်။

တိုင်းဒေသကြီး/ ပြည်နယ် ၁၄ ခုနှင့်  နေပြည်တော် ကောင်စီနယ်မြေ အပါအဝင် ဒေသ အသီးသီးသို့ မြို့နယ် အခွန်ဦးစီး ဌာနမှူးရုံးများမှတစ်ဆင့်လည်းကောင်း၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့ပေါ်ရှိ မြို့နယ် များအတွက် အောင်ဘာလေသိန်းဆုဌာန ခွဲနှင့် မန္တလေးရုံးခွဲများမှတစ်ဆင့်လည်းကောင်း ကိုယ်စားလှယ် စုစုပေါင်း ၂၃၁၉ ဦးထံ ထီစာအုပ် ၂,၈၈၆,၉၉၉ အုပ်၊ ထီ လက်မှတ် စောင်ရေပေါင်း ၃၁,၇၅၆,၉၈၉ စောင်ဖြန့်ဝေပေးပို့ထားကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲထံမှ သိရသည်။

ယခင်က တစ်စောင်လျှင် ကျပ် ၂၀ဝ နှုန်းဖြင့် ဖြန့်ချိရောင်းခဲ့သော အောင်ဘာလေ ထီလက်မှတ်များ၏ အမြင့်ဆုံးဆုငွေမှာ ကျပ်သိန်း ၁၅၀ဝ ချီးမြှင့်ခဲ့ပြီး ယခု ကျပ် ၅၀ဝ တန် အောင်ဘာလေထီ လက်မှတ်မှာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျပ်သိန်း ၁၀ဝ၀ဝ ကို အမြင့်ဆုံး ဆုငွေအဖြစ် ချီးမြှင့်မည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲထံမှ သိရသည်။

ထီလက်မှတ် တစ်စောင်ချင်းကိုဖြစ်စေ၊ အတွဲလိုက်ဖြစ်စေ၊ အုပ်လိုက်ဖြစ်စေ ရောင်းချရာတွင် ထီလက်မှတ်ပါ တန်ဖိုးထက်ပို၍ ရောင်းချသူများ တွေ့ရှိပါက  သက်ဆိုင်ရာ မြို့နယ် အခွန်ဦးစီး ဌာနမှူးရုံးများအပြင် အောင်ဘာလေ သိန်းဆုဌာနခွဲ (ရန်ကုန်) ဝ၁-၂၄၉၂၇၃၊ ပြည်တွင်းအခွန်များ ဦးစီးဌာန(နေပြည်တော်)သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ ကြေညာထားသည်။

အောင်ဘာလေ သိန်းဆုဌာနခွဲက ထီလက်မှတ် တန်ဖိုးထက် ပို၍ရောင်းချသူများထံမှ ဝယ်ယူခြင်း မပြုပါရန်နှင့် ထီ လက်မှတ် တန်ဖိုးအတိုင်း ရောင်းချသည့်ဆိုင်များတွင်သာ ဝယ်ယူကံစမ်းကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

J-10၊ J-17