News

POST TYPE

NEWS

YBS ကောက်ကြောင်း မထသသို့ ပြောင်းနေလေသလား
03-Mar-2017 tagged as YBS

ရန်ကုန်မြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်သစ် ဖြစ်တဲ့ YBS (Yangon Bus Service) ကို သုံးရက်အတွင်း အောင်မြင်စွာ ပြုပြင်ပြောင်းလဲနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သူရဲ့ Facebook စာမျက်နှာကနေ ပြောကြားခဲ့ပါတယ်။ နှစ်ပေါင်း ၅၀ ကျော် မထသအဖြစ် ပြေးဆွဲလာခဲ့တဲ့ ဆောင်ရွက်ခဲ့မှု တစ်ရပ်ကို ရပ်ဆိုင်းခဲ့ပြီး အပြောင်းအလဲကို ဖော်ဆောင်တဲ့ အနေနဲ့ YBS စနစ်ကို စတင်ခဲ့တဲ့အကြောင်း၊ ဒီပြောင်းလဲမှုအပေါ် ပြည်သူအားလုံးက ပူးပေါင်းပါဝင်မှုကြောင့် သုံးရက်တာကာလ အတွင်း စနစ်တကျ ပြောင်းလဲနိုင်ခဲ့ကြောင်း သူက ဆိုခဲ့တာပါ။ အဆိုပါစနစ်ကို ယခုနှစ်ရဲ့အစ ဇန်နဝါရီ ၁၆ ရက်နေ့တွင် ပြောင်းလဲခဲ့တာ ဖြစ်ပြီး စနစ်တကျ ပြောင်းလဲနိုင်ခဲ့တယ်လို့ ဝန်ကြီးချုပ်က ပြောကြားသွားခဲ့ပေမယ့်လည်း လက်တွေ့မှာတော့ စနစ်သစ်မှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ကပြ အသုံးတော်ခံနေရတဲ့ ယာဉ်အိုယာဉ်ဟောင်းတွေ၊ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေကတော့ မပြောင်းလဲသေးဘူးဆိုတဲ့ အသံတွေ ထွက်ပေါ်လာနေခဲ့ပါတယ်။ ဘတ်စ်ကားစီးနင်းတဲ့ အများပြည်သူများမှာတော့ ယနေ့အချိန်အထိ ဘတ်စ်ကား အရေအတွက် နည်းပါးနေခဲ့ခြင်းနဲ့ အချို့ယာဉ်နောက်လိုက်များ၏ စည်းကမ်းချိုးဖောက်မှုတွေကို ရင်ဆိုင်နေရဆဲဖြစ်ပြီး ထိုကိစ္စတွေအပေါ် တာဝန်ရှိသူတွေ အနေနဲ့ ယနေ့အထိ နိုင်နိုင်နင်းနင်း ထိန်းချုပ်ကိုင်တွယ်နိုင်မှု မရှိသေးဘဲ အဆိုပါ အခက်အခဲတွေကို ရင်ဆိုင်နေကြရဆဲ ဖြစ်တယ်လို့လည်း လူမှုကွန်ရက် စာမျက်နှာတွေမှာ ပလူပျံအောင် ကြားနေရဆဲပါ။ ဒီအပေါ် အများပြည်သူတွေ အားလုံးလိုလိုရဲ့ အမြင်မှာတော့ မထသကနေ YBS စနစ်သစ်ကို ပြောင်းလဲသော်လည်း ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေ၊ ယာဉ်နောက်လိုက်တွေနဲ့ ဒီယာဉ်လိုင်းတွေအပေါ် စီမံခန့်ခွဲနေတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ အနေနဲ့ကတော့ လက်တွေ့ကျကျ ပြုပြင်ပြောင်းလဲနိုင်ခဲ့ခြင်း အလျှင်းမရှိသေးဘူး ဆိုတဲ့ ဝေဖန်ချက်တွေလည်း အခုရက်ပိုင်းတွေမှာ ကျယ်ကျယ်လောင်လောင် ပြန်လည်ပေါ်ထွက်လာနေခဲ့တာပါ။ ဒီလိုပေါ်ထွက်လာနေကြတဲ့ အချိန်အခါနဲ့ တိုက်ဆိုင်စွာပဲ ဝန်ကြီးချုပ်ရဲ့ စကားလုံးတွေက သူတို့အသည်းနှလုံးကို ထိုးဆွသလို ဖြစ်ခဲ့ရတယ်လို့ ဆိုနေကြပါတယ်။

အနာဂတ်အတွက် ဝန်ကြီးချုပ်ရဲ့စီမံချက်

ဦးဖြိုးမင်းသိန်းကတော့ သုံးရက်အတွင်း YBS ကို စနစ်တကျ ပြောင်းလဲနိုင်ခဲ့ပြီးနောက် အသားကျနိုင်အောင် ဆက်လက်လုပ်ဆောင်နေပြီး နောက်ပိုင်းမှာ နိုင်ငံတကာယာဉ်လိုင်းတွေလို စမတ်ကတ်နဲ့ ပိုက်ဆံသိမ်းဆည်းနည်း စနစ်တွေ၊ ယာဉ်တွေအပေါ်မှာ CCTV တပ်ဆင်တာတွေနဲ့ ကားအစီးရေ ထပ်မံဖြည့်တင်းခြင်းတွေကို ပြုလုပ်ဖို့ ပြင်ဆင်ထားတယ်လို့ ဆိုထားပြီး YBS စနစ်အတွက် ကားသစ် ၃,၀၀၀ ကိုလည်း နိုင်ငံတော်ဘတ်ဂျက်ထဲကနေ ကျပ်ဘီလီယံ ၇၀ အသုံးပြုကာ ဝယ်ယူဖြည့်တင်းသွားမယ်လို့ သူက ပြောထားခဲ့ဖူးတာကိုကြည့်ရင် သူ့အနေနဲ့တော့ ဒီစနစ်ကို အောင်မြင်အောင် ရေဆုံးမြေဆုံး လုပ်ဆောင်သွားမယ့် အရိပ်အယောင်တွေတော့ မြင်နေရဆဲပါပဲ။ ဒါပေမဲ့လည်း လက်ရှိအချိန်မှာတော့ YBS စနစ် ပြောင်းလဲမှုဟာ တစ်လကျော် ကြာမြင့်လာပြီ ဖြစ်သော်လည်း ခရီးသွားပြည်သူ အများစု အသုံးပြုတဲ့ ရုံးဆင်းရုံးတက်ချိန်များမှာတော့  မှတ်တိုင်များမှာ ဘတ်စ်ကားတွေကို အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေကြရဆဲပါ။ နေရာတိုင်းလိုလိုမှာ စည်းကမ်းဖောက်ဖျက်မှုတွေ တစ်စတစ်စ ပိုမိုဖြစ်ပွားလို့ ယခင်စနစ်ဟောင်းဖြစ်တဲ့ မထသဘက်ကို ပြန်လည်ကူးပြောင်းလာတယ်လို့လည်း ဆိုနေကြပါတယ်။။

ဦးဖြိုးမင်းသိန်းကတော့ YBS စနစ် ပြောင်းလဲမှု အပါအဝင် ရန်ကုန်မြို့အတွင်း ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းရာမှာလည်း အောင်မြင်မှုတွေ အထိုက်အလျောက် ရရှိလာပြီလို့ ထည့်သွင်းပြောဆိုထားတဲ့အပြင် ယခင်လတုန်းက ပြောခဲ့တဲ့ သတင်းအရဆိုရင် အငှားယာဉ်တွေကိုလည်း တစ်ဝက်လျှော့ချသွားမယ်လို့ သူပြောခဲ့ဖူးပါသေးတယ်။ ဒါ့အပြင် ဒီ YBS စနစ် ပြောင်းလဲမှုရဲ့ နောက်ပိုင်းမှာ ဘတ်စ်ကားခများအား ပုံသေ ဈေးနှုန်း ၂၀၀ ကျပ်မှ ထပ်မံလျှော့ချပေးရန် ယာဉ်လိုင်းပိုင်ရှင်များနှင့် ဆွေးနွေးတိုင်ပင်လျက် ရှိကြောင်း၊ အခုလောလောဆယ် ဆွေးနွေးမှုတွေ လုပ်နေကြောင်း၊ ဘယ်အချိန်လုပ်မယ် ဆိုတာတော့ မသိရသေးကြောင်း၊ လျှော့ချပေးဖို့ အစီအစဉ်များ ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောကြားခဲ့တာကိုလည်း ကြားသိခဲ့ရပါသေးတယ်။ ယနေ့ လတ်တလော အချိန်တွင် YBS ဘတ်စ်ကားပြေးဆွဲမှု၌ မြို့တွင်းပတ်ယာဉ်လိုင်းများကို ငွေကျပ် ၁၀၀ နှုန်းထား ကောက်ခံစေလျက်ရှိပြီး ခရီးစဉ်ဝေးသော ယခင် ၃၀၀ ကျပ်နဲ့ ကျန်အလယ်အလတ် ခရီးစဉ်များကိုတော့ ပုံသေ ၂၀၀ ကျပ်နှုန်းဖြင့်သာ ကောက်ခံစေလျက် ရှိနေတာ ဖြစ်ပါတယ်။

ခရီးသွားပြည်သူတို့ရဲ့အသံ မိုးထက်ညံ

ဒါပေမဲ့လည်း အချို့ယာဉ်လိုင်းများကတော့ ခရီးစဉ်အကွာအဝေးပေါ်  မူတည်ကောက်ခံခြင်း မရှိဘဲ ယာဉ်ပေါ်တက်လိုက်တာနဲ့တင် ပုံသေ ၂၀၀ ကျပ် ကောက်ခံနေကြောင်း၊ ဒီအတွက် ယာဉ်နှစ်ဆင့် သုံးဆင့် စီးနင်းနေရသူများအဖို့ ခရီးစရိတ် ပိုမိုကုန်ကျမှုများ ရှိနေကြောင်း ပြည်သူအများက ပြောနေကြတာပါ။ ခရီးသွားပြည်သူတွေ အနေနဲ့ သူတို့ကြုံတွေ့ကြရတဲ့ အခက်အခဲတွေကို လွတ်လွတ်လပ်လပ် တင်ပြနိုင်ကြဖို့ အတွက်လည်း YBS ခရီးသွားများ၏ အသံဆိုတဲ့ PublicGroup fb စာမျက်မှာ တစ်ခုကို တာဝန်ရှိသူတွေ ဖွင့်ထားပြီး အမြဲကြည့်ရှု လေ့လာသုံးသပ်နေတယ်လို့လည်း ဆိုပါတယ်။

သူတို့လမ်းကြောင်း သူတို့မဆွဲ

ဒီစာမျက်နှာပေါ်ကို ရောက်လာတဲ့ ခရီးသွားပြည်သူတို့ရဲ့ အသံကို လေ့လာလိုက်တဲ့အခါ နံပါတ်အနီ (၅) ယာဉ်တွေက သူ့လမ်းကြောင်းအတိုင်း သူတို့ မသွားကြကြောင်း၊ သူ့လမ်းကြောင်းကို သူမသွားသည့်အတွက် ခရီးသည်များ အနေနှင့် နှစ်ဆင့်စီးနေရသဖြင့် ကားခ ၄၀၀ ကုန်နေကြောင်း၊ အချို့ကားများ အနေနှင့်လည်း မှတ်တိုင်တွင်မရပ်ဘဲ ကြားမီးပွိုင့်များနှင့် ကြားနေရာများတွင် ရပ်ပြီး ခရီးသည်များကို မှတ်တိုင်ရောက်ပြီဟု ပြောကာ ချထားခဲ့ကြကြောင်း၊ ကမ္ဘာအေးနှင့် အုတ်ကျင်းကို ယခင်က ကားတစ်ဆင့်တည်းဖြင့် ရောက်သော်လည်း ယခုနံပါတ် (၆၄) နဲ့ (၆) ကားတွေ လာသော်လည်း တန်းမရောက်ကြောင်း၊ ခရီးနီးသော်လည်း ၃ ဆင့် လောက်စီးမှ ရောက်ကြောင်း၊ သာဓုကန်-ဒညင်းကုန်း-ခရေပင်လမ်းဆုံ ပြေးဆွဲသည့် နံပါတ် (၄၄) ယာဉ်လိုင်းမှာ ပြေးဆွဲသည်ကို မတွေ့ရတော့ကြောင်း တင်ပြလာခဲ့ကြပါတယ်။

ယာဉ်လိုင်းပေါင်းစုံ တိုင်ကြားချက်ကစုံ

ဒါတွေအပြင် မင်္ဂလာဈေးနဲ့ ယုဇနဥယျာဉ်ကို ပြေးဆွဲပေးတဲ့ နံပါတ် (၃) ယာဉ်လိုင်းဆိုရင်လည်း ကားအရေအတွက် အလွန်နည်းတာမို့ တစ်စီးပြီးရင် နောက်တစ်စီး ရောက်ဖို့ အနည်းဆုံး ၄၅ မိနစ်ခန့် စောင့်ကြရကြောင်း၊ ကားကလည်း မကောင်းကြောင်း၊ နံပါတ် (၇) ယာဉ်လိုင်းကတော့ အရမ်းများပြီး မှတ်တိုင်တစ်ခုကို ဝင်တာတောင် နှစ်စီးပြိုင်တူ ဝင်တတ်ကြောင်း၊ အဲ့ဒီလိုင်းကို ယာဉ်အသစ်များ ထပ်ဖြည့်ပေးထားသဖြင့် နံပါတ် (၃) ယာဉ်လိုင်းကိုလည်း ထပ်ဖြည့်ပေးစေလိုကြောင်း၊ နံပါတ် (၇) ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည် မင်္ဂလာဈေးမှတ်တိုင်တွင် အချိန်ကြာမြင့်စွာ ကျောက်ချရပ်နားထားကြောင်း၊ နံပါတ် (၂၉) ယာဉ်လိုင်းမှ ယာဉ်တစ်စီးသည်လည်း ကျောက်တိုင်မှတ်တိုင်တွင် မရပ်ဘဲ ရှေ့ကားကို ကျော်တက်ခဲ့ကြောင်း၊  နံပါတ် (၃၁) ယာဉ်လိုင်းမှ ယာဉ်အချို့ကတော့ ကားပြိုင်မောင်းကြရင်း မှတ်တိုင်တွင် မရပ်ကြောင်း ပြည်သူတို့က တင်ပြကြပြန်ပါတယ်။

ယာဉ်နောက်လိုက်တွေလည်း ရိုင်းနေဆဲ

ယာဉ်နောက်လိုက်များ ရိုင်းပျကြသည့် အဆိုးဆုံး ဖြစ်သည့် ဖြစ်စဉ်မှာ နံပါတ် (၄) ယာဉ်လိုင်းမှ ယာဉ်တစ်စီး၏ ယာဉ်နောက်လိုက်ဖြစ်ကြောင်း၊ ခရီးသည်မိန်းကလေးတစ်ဦးမှ ကားခပေးပြီးသည်ကို ထပ်တောင်းသဖြင့် စကားများပြီး မကြားဝံ့ မနာသာ ဆဲဆိုကာ ကားပေါ်မှ မောင်းချကြောင်း၊ ထိုအခါ ဘေးမှမခံရပ်နိုင်သူများက ဝိုင်းပြီးပြောကြမှသာ ထိုယာဉ်နောက်လိုက်မှာ ငြိမ်ကုပ်သွားကြောင်း၊ နောက်ဖြစ်စဉ်တစ်ရပ်မှာ နံပါတ် (၆) ယာဉ်လိုင်းမှ ယာဉ်နောက်လိုက်တစ်ဦး၏ အပြုအမူကို ခရီးသည်တစ်ဦးက YBS  ထံ တင်ပြမိသဖြင့် တင်ပြသူ၏ FB တွင် ထိုယာဉ်နောက်လိုက်က ဝင်ရောက်ပြီး ညစ်ညမ်းစွာ ဆဲဆိုခဲ့ကြောင်း၊ မီနီဘတ်ယာဉ် အချို့မှာလည်း ကားခပိုတောင်းပြီး စပယ်ယာများမှာ ရိုင်းစိုင်းကြကြောင်း၊ နံပါတ် (၂၇) ယာဉ်လိုင်းမှ ယာဉ်တစ်စီးမှာ ယုဇနပလာဇာမှတ်တိုင်တွင် ရပ်မပေးဘဲ ယာဉ်ပေါ်မှ ယာဉ်လုပ်သား သုံးဦးမှာ ရမ်းကားသည့် အပြုအမူများဖြင့် ဆဲဆိုကြကြောင်း၊ အလားတူ နံပါတ် (၂၇) ယာဉ်လိုင်းမှ ယာဉ်တွင် ခရီးသည်က ပိုက်ဆံပုံးထဲသို့ ယာဉ်စီးနင်းခ ထည့်သည်ကို မချေမငံ ပြောဆိုခဲ့ခြင်းနှင့် ကားရှေ့ပေါက်တွင် ပစ္စည်းများ တံခါးဖွင့်၍ မရသည်အထိ တင်ဆောင်လာခဲ့ကြောင်း စသည် စသည်တို့ကို တင်ပြခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။ 

နည်းနည်းနဲ့ကျဲကျဲ ဝိုင်းနေသလား

နံပါတ် (၂၆) ယာဉ်လိုင်းမှာလည်း ယာဉ်အစီးရေ နည်းနေကြောင်း၊ နံပါတ် (၆၁) ယာဉ်လိုင်းကတော့ ယာဉ်မောင်းက ကားမောင်းအတော်ကြမ်းကြောင်း၊ နံပါတ် (၆) ယာဉ်လိုင်းကတော့ ယာဉ်အစီးရေနည်းပြီး ခရီးသည်များ ကြပ်ညပ်နေကြောင်း၊ နံပါတ် (၂၁) ယာဉ်လိုင်းမှ ယာဉ်တစ်စီးကတော့ စပယ်ယာမပါတဲ့အတွက် ခရီးသည်တွေက နောက်ဘက်ကို မသွားကြဘဲ အဝင်ပေါက်မှာတင် စုပြုံပြီး ပိတ်ဆို့ထားသဖြင့် အခက်အခဲ ဖြစ်နေကြပြီး ခရီးသည်များ ကိုယ်တိုင်ကပင် ဆူမယ့်ဆဲမယ့် ယာဉ်နောက်လိုက်ကို တမ်းတနေသယောင် ဖြစ်နေကြောင်းတို့ကိုလည်း တင်ပြထားခဲ့ကြပါသေးတယ်။

စနစ်ပြောင်းသော်လည်း ယာဉ်ကမပြောင်း 

YBS စနစ် ပြောင်းတာ တစ်လကျော်သော်လည်း နံပါတ် (၄၀) ယာဉ်လိုင်းမှ ကားများရှိ ၇၀ ရာခိုင်နှုန်းကတော့ အခြေအနေ အတော်ဆိုးနေသေးကြောင်း၊ အတက်အဆင်းနေရာရှိ သံပြားများ၊ ဘေးမှန်များ၊ လျှောက်လမ်းများမှာ အတော်မကောင်း ဖြစ်နေကြောင်း၊ ကားလည်း အဆက်ပြတ်ကြောင်း၊ နံပါတ် (၇) ယာဉ်လိုင်းကတော့ ကားအသစ်ကြီးများ ပြောင်းထားသည်ကို တွေ့ရကြောင်း မြေပြင်က အခြေအနေမှန်တွေကို ကြားကြရမှာ ဖြစ်ပါတယ်။ 

မှတ်တိုင်လား ဈေးလား ဝိုးတဝါး မသဲကွဲ အဖြေရှာဆဲ

တာမွေဈေး (ယာယီ) တွင်မူ ဈေးနှင့်မှတ်တိုင် မသဲမကွဲ ဖြစ်နေကြောင်း၊ စီးရ အရမ်းခက်ခဲကြောင်းနှင့် ဈေးသည်၊ ဈေးဝယ်သူနှင့် ခရီးသည်များ ရောနှောနေပြီး ယာဉ်တစ်စီး ဝင်ရောက်လာပါက အတင်းပြေး လွှားတက်နေရကြောင်း၊ ယုဇနပလာဇာရှေ့ရှိ မှတ်တိုင်လည်း အလားတူ ဖြစ်ကြောင်း၊ ကားမှတ်တိုင်တစ်ဝိုက် ဈေးသည်များက နေရာယူထားသဖြင့် ခရီးသည်များက လမ်းဆင်းလျှောက်ကြရကြောင်း၊ နံပါတ် (၁၅) ယာဉ်လိုင်းမှ ယာဉ်တစ်စီးကတော့ဖြင့် ခရီးသည် စီးကားလား၊ သပြေပန်းတင်သည့် ကားလား မသဲကွဲကြောင်း၊ ထို့အပြင် ပန်းစည်းပိုင်ရှင် အလိုကျလမ်းကြောင်း ပြောင်းကာ မောင်းနှင်ကြောင်း ယခုရက်ပိုင်းမှာ ထွက်ပေါ်လာတဲ့ စတေးတပ်တွေမှာ ပြည်သူတွေက တင်ပြထားကြတာကို မြင်မိခဲ့ကြမှာပါ။

ယာဉ်ထိန်းရဲနဲ့ ဆိုင်ကယ်အစီး ၁၀၀ အစရှာ

ဒါ့အပြင် YBS စနစ် ပြောင်းလဲခါစက ယာဉ်ထိန်းရဲများ အနေနှင့် မော်တော်ယာဉ်စီးရေ ၁၀၀ ဖြင့် မြို့တွင်းလမ်းကြောင်းများကိုပတ်ပြီး စည်းကမ်းမဲ့ယာဉ်တွေကို ထိထိရောက်ရောက် နှိမ်နင်းသွားမယ် ဆိုပေမယ့်လည်း စနစ်ပြောင်းလဲခါစတွင်သာ အနည်းငယ် ကြီးကြပ်သဖြင့် လမ်းကြောင်းများအတိုင်း မောင်းနှင်ခဲ့ပြီး ယခုတစ်လကျော်ချိန်မှာတော့ အင်းစိန်လမ်းမအပေါ်က အင်းစိန်ဘက်သွားမယ့် YBS ယာဉ်အားလုံး (နံပါတ်၂၁ ယာဉ်လိုင်း အပါအဝင်) ကုလားကျောင်းမှတ်တိုင်မှာ မရပ်ကြတော့ဘဲ လမ်းဆုံက မြို့တော်ဆေးရုံအပေါက်နားတွင် စုပြုံပြီး ပြန်ရပ်နေကြကြောင်း၊ မကြာခင်မှာတော့ လမ်းဆုံကြက်လျှာစွန်းနားအထိ ယခင်လိုပင် ပြန်ရပ်ပြီး ပြန်တင်တော့မယ့် အရိပ်အယောင်များ မြင်နေရကြောင်း ခရီးသွား ပြည်သူတို့က တင်ပြလာခဲ့ကြပါတယ်။

YBS စနစ်လား၊ ယခင် မထသလား

ကျိုက်ဝိုင်းဘုရားလမ်းပေါ်မှာလည်း ယခင်မထသ စနစ်ကလိုပင်  ပြန်စည်ကားလာခဲ့ကြောင်း၊ အောင်သပြေ ShowRoom ရှေ့မှ တရားမဝင် လှိုင်သာယာ ကားမှတ်တိုင်ကလည်း YBS စနစ် စတင်တဲ့ ရက်ကတည်းကပင် ယခင်လိုပင် စည်ကားမြဲ စည်ကားလျက် ဖြစ်စပြုနေပြီ ဖြစ်ကြောင်း၊ ဘုရင့်နောင်လမ်းမပေါ်က နံပါတ် (၄၀) ယာဉ်လိုင်းကလည်း အလားတူပင် ဖြစ်ကြောင်း  ဆိုခဲ့ကြပြန်ပါတယ်။

တိုင်သော်လည်းမထူး စနစ်ဟောင်းသို့သာ ပြန်ကူး

ပြည်သူအများက ပြောင်းလဲမှုကို ကြိုက်နှစ်သစ်ပြီး ကြိုဆိုခဲ့ကြ၊ ကူညီဝိုင်းဝန်းခဲ့ကြပေမယ့်လည်း ယခုတစ်လကျော် ကာလအတွင်း ရောက်ရှိချိန်မှာတော့ ယခင်မထသ စနစ်လိုပင် ယာဉ်လိုင်းများ အားလုံးလိုလို စည်းကမ်း ပြန်လည်ပျက်စ ပြုလာပြီး စည်းကမ်းချိုးဖောက်မှု အများအပြားကို တွေ့မြင်လာနေရကြောင်း၊ YBS ယာဉ်လိုင်းများ စည်းကမ်းချိုးဖောက်မှုကို အွန်လိုင်းမှတစ်ဆင့် တိုင်ကြားနိုင်သည်ဟုဆိုသော်လည်း အမှန်တကယ် တိုင်ကြားချက်များကိုတော့ဖြင့်မူ ထိထိရောက်ရောက် ကွင်းဆင်းလေ့လာပြီး ပြုပြင်စေခြင်း၊ အရေးယူခြင်း မရှိသေးဘူး၊ ဒီအတွက် တိုင်နေလို့လည်း ဘာမှမထူးဘူး၊ ညနေ ၆ နာရီကျော်တာနဲ့ အောက်ဆိုဒ်ကားများသာ ဖြစ်သွားကြောင်းနဲ့ ည ၁၀ နာရီအထိ ပြေးဆွဲပေးနေတယ်ဆိုတဲ့ ဝန်ကြီးချုပ်ရဲ့ စကားကလည်း လေထဲမှာ ပျောက်ကွယ်နေခဲ့ပြီး ယနေ့အထိ ရွှေပေါက္ကံလို နေရာမျိုးမှာ တစ်ခါတလေမှပင် မတွေ့ရကြောင်းလို့လည်း ပြည်သူအများက ဆိုနေခဲ့ကြပါတယ်။ လှိုင်သာယာဘက်က နံပါတ် (၁၆) ကားဆိုရင် ခေါင်းခန်းကစီးလို့ ဆိုပြီး ကားခ (၅၀၀) တောင် တောင်းကြောင်း၊ အစကတော့ ဟုတ်မလိုလိုနဲ့ အခုတော့ ယခင်မထသအတိုင်းပင် ပြန်ဖြစ်နေကြောင်း၊ စစ်ဆေးမှု၊ ကြပ်မတ်မှုနဲ့ စီမံခန့်ခွဲမှု၊ အပိုင်းလိုက် တာဝန်ယူမှု၊ တာဝန်ခံမှုတွေ အားနည်းနေကြောင်း အသံမျိုးစုံပေါ် ထွက်လာနေခဲ့တာပါ။

ဒီအသံတွေကိုလည်း တာဝန်ရှိသူများ အားလုံး ကြားသိကြပြီး ဖြစ်နေသော်လည်း တွန်းကားတွန်း၏ မရွေ့ဆိုသလို တာဝန်ရှိသူတွေ အနေနဲ့ ဘေးနားမှ အပါးတော်မြဲ ဝန်းရံသူတွေရဲ့ စကားတွေ အကြားမှာသာ မသာယာဘဲ မြေပြင်ကပကတိ အရှိတရားတွေကို အမှန်သိအောင် ကြိုးစားပြီး  အဖြေရှာသင့်နေတဲ့အချိန် ဖြစ်ပါကြောင်းနဲ့ အခြေအနေမှန်တွေနဲ့ ကင်းကွာပြီး သုံးသပ်ချက်၊ ဆုံးဖြတ်ချက်တွေ အံချော်လွဲချော်ခဲ့တာကြောင့် မအောင်မြင် ကျဆုံးခဲ့ရတဲ့ ယခင်က ဖြစ်စဉ်တွေကိုလည်း နမူနာယူလို့ သတိကြီးစွာထားပြီး အောင်မြင်အောင် ဆောင်ရွက်ကြစေချင်ပါကြောင်း စိတ်ကောင်းစေတနာဖြင့် ရေးသားတင်ပြရင်း နိဂုံးကမ္ပတ် အဆုံးသတ်လိုက်ရပါတယ်။ YBS ရှေ့ခရီး အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ 

သန်းဖြိုးနိုင် (ကညင်ကျိုး)