News

POST TYPE

NEWS

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အနီး YBS ယာဉ် တိမ်းမှောက်
03-Mar-2017 tagged as YBS

ရန်ကုန်၊ မတ်လ ၂

မင်္ဂလာတောင်ညွန့်မြို့နယ် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ တိရစ္ဆာန်ဥယျာဉ်အနီး ကျောက်တိုင်မှတ်တိုင်တွင် မတ်လ ၂ ရက် နံနက် ၉နာရီခန့်က YBS  ၆၁ ခရီးသည် တင်ယာဉ်လိုင်းမှ ယာဉ်တစ်စီး စက်ချို့ယွင်းပြီး ညာဘက်လမ်းဘေးသစ်ပင်ကို ဝင်တိုက်ကာ တိမ်းမှောက်ခဲ့ကြောင်း အဆိုပါ ယာဉ်လိုင်းထံမှ သိရသည်။

“ယာဉ်မောင်းရဲ့ ပြောချက်အရ စတီယာရင်ချို့ယွင်းပြီး လှည့်မရတော့တဲ့အတွက် မှောက်တာလို့ သိရတယ်။ ဖြစ်စဉ်ကို သေချာစုံစမ်းနေတယ်”ဟု YBS ၆၁ ယာဉ်လိုင်း တာဝန်ခံ ဦးကျော်လှိုင်က ဆိုသည်။

အဆိုပါ ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းတစ်ဦး၊ ယာဉ်အကူနှစ်ဦးနှင့် ခရီးသည် အပါအဝင် အမျိုးသား ခုနစ်ဦး၊ အမျိုးသမီးငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ပွန်းပဲ့ရုံလောက်ပဲ။ စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိပါဘူး။ လူနာတွေကို ရန်ကုန်ဆေးရုံကြီး အရေးပေါ် ဌာနမှာ ကုသပေးနေတယ်”ဟု ၎င်းက ဆိုသည်။

YBS ၆၁ ယာဉ်လိုင်းတွင် ယာဉ်စီး ရေ ၈၉ စီးရှိပြီး အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှ ဆူးလေအထိ ပြေးဆွဲလျက် ရှိကြောင်း အဆိုပါ ယာဉ်လိုင်းထံမှ သိရသည်။

ယာဉ်မတော်တဆမှုဖြစ်သည့် YBS ၆၁ ယာဉ်လိုင်းမှ ယာဉ်လုပ်သား သုံးဦးကို (ပ) ၁၀/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ရိုးရိုးနာကျင်စေမှု ၃၃၇၊ အပြင်းအထန် နာကျင်စေမှု ၃၃၈၊ အများပိုင်လမ်းတွင် စည်းကမ်းမဲ့ အမြန်မောင်းနှင်မှု ၂၇၉ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အရှေ့ပိုင်းခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

J-06