News

POST TYPE

NEWS

မလေးရှားနိုင်ငံတွင် ထိန်းသိမ်းခံခဲ့ရသည့် မြန်မာလုပ်သား ၁၃၈ ဦး ပထမအသုတ် ပြန်ရောက်
08-Aug-2016
ရန်ကုန်၊ သြဂုတ် ၈

မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း ၁၁ ခုတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို ကမ္ဘောဇ အလင်းတန်း ဖောင်ဒေးရှင်း BFM အစီအစဉ်ဖြင့် ခေါ်ဆောင်ခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ သြဂုတ်လ ၈ ရက်နေ့ ည ၈ နာရီခွဲခန့် အချိန်က ပထမအသုတ်အဖြစ် ၁၃၈ ဦး ရောက်ရှိလာကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။

ကမ္ဘောဇ အလင်းတန်း ဖောင်ဒေးရှင်းက မလေးရှားနိုင်ငံရှိ ထိန်းသိမ်းရေးစခန်း ၁၁ ခုတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၂၂၉၄ ဦးအနက် ပထမအသုတ်အဖြစ် ၁၃၈ ဦးကို အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI ၏ စင်းလုံးငှား လေယာဉ်ဖြင့် ကွာလာလမ်ပူမှ ရန်ကုန်မြို့ တော်သို့ အခမဲ့ ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ ကျန်နေသူများကိုလည်း MAI  လေကြောင်းလိုင်းဖြင့် ထပ်မံခေါ်ယူပေးဦးမည် ဖြစ်ကြောင်း၊ ပြန်လည်ရောက်ရှိလာသူများ သက်ဆိုင်ရာနေရပ်သို့ အသီးသီးသို့ ပြန်နိုင်ရေးအတွက် ကျပ်တစ်သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်းလည်း အဆိုပါ ဖောင်ဒေးရှင်းက ထုတ်ပြန်ခဲ့သည်။

ကမ္ဘောဇအလင်းတန်း ဖောင်ဒေးရှင်း အနေနှင့် ယခင်နှစ်ကလည်း မလေးရှားနိုင်ငံတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ၃၀၀၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော မြန်မာဒုက္ခသည် ၅၀၀ ကျော်နှင့် အင်ဒိုနီးရှားနိုင်ငံသို့ လူကုန် ကူးခံရသည့် မြန်မာဒုက္ခသည် ၅၁၄ ဦး တို့ကိုလည်း MAI  လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံသို့ အခမဲ့ဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ဖူးသည်။

ပြည်ပနိုင်ငံများတွင် ဒုက္ခမျိုးစုံဖြင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသားများကို လူသားချင်း စာနာထောက်ထားသောအားဖြင့် ကမ္ဘောဇအလင်းတန်း ဖောင်ဒေးရှင်းက ၂၀၁၃ ခုနှစ်မှစ၍ ကူညီထောက်ပံ့ပေးခဲ့ရာ လက်ရှိအချိန်အထိ မြန်မာနိုင်ငံသား ၄၂၀၀ ကျော်ကို မြန်မာ့လေကြောင်း MAI  ၏ စင်းလုံးငှားလေယာဉ်ဖြင့် အခမဲ့ ခေါ်ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သြဂုတ်လ ၈ ရက်နေ့ညက ပြန်လည်ရောက်ရှိလာသည့် မြန်မာလုပ်သား ၁၃၈ ဦးကို ပြည်ထဲရေး ဝန်ကြီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ကမ္ဘောဇအလင်းတန်း ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။          


  • VIA