News

POST TYPE

NEWS

စစ်တပ် စိတ်ကြိုက်ရေးသည့် ထိုင်းအခြေခံဥပဒေ အတည်ဖြစ်ပြီ
08-Aug-2016
ဘန်ကောက်၊ သြဂုတ် ၈

ထိုင်းနိုင်ငံရေးတွင် အာဏာသိမ်းစစ်တပ်မှ ခန့်အပ်သည့် ကော်မတီက ရေးသားသည့် အခြေခံဥပဒေမူကြမ်းမှာ လူထုဆန္ဒ ခံယူပွဲတွင် ထောက်ခံသူ များသဖြင့် အတည်ပြုနိုင်ခဲ့ကြောင်း BBC သတင်းက ဖော်ပြသည်။

တရားဝင် မဟုတ်သေးသည့် တွက်ချက်မှုများအရ ထောက်ခံသည့်ဘက်မှ  ၆၁ ဒသမ ၄၅ ရာခိုင်နှုန်း ရှိခဲ့သည်ဟု သိရသည်။

လအတန်ကြာ နိုင်ငံရေး မငြိမ်သက်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့သော ထိုင်းစစ်တပ်က အခြေခံဥပဒေ အဟောင်းကို ဖျက်သိမ်းခဲ့သည်။

အခြေခံဥပဒေသစ်သည် တိုင်းပြည်တည်ငြိမ်ရေးအတွက် ထောက်ပံ့ပေးမည်ဟု ထောက်ခံသူများက ဆိုသော်လည်း စစ်ဘက်ချုပ်ကိုင်မှု အားကောင်းစေလိမ့်မည်ဟု ဝေဖန်သူတို့က သုံးသပ်သည်။

မဲဆန္ဒရှင်များသည် မူကြမ်းကို ထောက်ခံကြောင်း၊ ကန့်ကွက်ကြောင်း မဲပေးမှုအပြင် ဝန်ကြီးချုပ် ရွေးချယ်ရာတွင် စစ်တပ်က ခန့်အပ်သူများ ပါဝင်မည့် အထက်လွှတ်တော်ပါ ပါဝင်ပတ်သက်ခွင့်ပေးရန် လိုလားမှုရှိ၊ မရှိပါ သီးခြားမဲပေးခဲ့ရသည်။

ရွေးကောက်ပွဲကော်မရှင်က မဲလာပေးသူ ၈၀ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း တကယ်တမ်းတွင် မဲလာပေးသူ ၅၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

အခြေခံဥပဒေမူကြမ်းကို ကန့်ကွက်ရန် မဲဆွယ်မှုများ ပိတ်ပင်ထားခဲ့သလို လူဒါဇင်နှင့်ချီ ဖမ်းဆီးခံခဲ့ရသည်။

ထိုင်းနိုင်ငံ၏ အကြီးဆုံး နိုင်ငံရေးပါတီများကမူ အခြေခံဥပဒေသစ်ကို ကန့်ကွက်ခဲ့ကြသည်။

တရားဥပဒေစိုးမိုးရေး အကြောင်းပြချက်ဖြင့် ရဲတပ်ဖွဲ့ဝင် ၂ သိန်းခန့် စောင့်ကြပ်စေခဲ့ရာ ဆန္ဒပြမှု၊ ကန့်ကွက်မှု တစ်စုံတစ်ရာ မကြုံခဲ့ရပေ။

လွတ်လပ်သော ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့များက ဆန္ဒခံယူပွဲကို စောင့်ကြည့်ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်က ခွင့်မပြုခဲ့ပေ။

ယခုအခြေခံဥပဒေ အတည်ဖြစ်ပါက လာမည့်နှစ်ကုန်တွင် အထွေထွေရွေးကောက်ပွဲများ ကျင်းပပေးမည်ဟု ထိုင်းစစ်အစိုးရက ကတိပေးထားသည်။ 

ရွေးကောက်ပွဲ စနစ်သစ်အရ အောက်လွှတ်တော်တွင် တစ်ပါတီတည်း အမတ်နေရာ အများစု မရစေရန် ဖန်တီးထားရာ အားနည်းသော ညွန့်ပေါင်းအစိုးရ ပုံစံမျိုးသာ ပေါ်ထွက်လာနိုင်သည်။ 

ခန့်အပ်သူများဖြင့်သာ ဖွဲ့စည်းထားသော အထက်လွှတ်တော်နှင့် အခြားသော ရွေးကောက်ခံ မဟုတ်သည့် အဖွဲ့အစည်းများသည် ထိုင်းနိုင်ငံရေးတွင် သြဇာလွှမ်းမိုးနိုင်လာမည် ဖြစ်သည်။

၂၀၁၄ အာဏာသိမ်းမှု မတိုင်မီက အထက်လွှတ်တော်၏ အမတ်နေရာ ထက်ဝက်ကျော်ကို တိုက်ရိုက်ရွေးကောက်ခဲ့ပြီး တချို့တစ်ဝက်သာ တိုက်ရိုက်ခန့်အပ်ခဲ့သည်။ 

ယခုအခါ အထက်လွှတ်တော် တစ်ရပ်လုံးတွင် ခန့်အပ်ထားသူများချည်းသာ ပါဝင်နေသောကြောင့် အောက်လွှတ်တော်တွင် မည်သည့်ပါတီကမျှ အမတ်နေရာ အများစု မရရှိလျှင် စစ်တပ် စိတ်ကြိုက်ခန့်သည့် အထက်လွှတ်တော်ကသာ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ ရွေးချယ်ရေး၊ ဥပဒေပြုရေးကို လွှမ်းမိုးသွားမည် ဖြစ်သည်။               


  • VIA