News

POST TYPE

NEWS

၂၁ ရာစု ပင်လုံညီလာခံတွင် ကြံ့ခိုင်ရေးပါတီ၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒ တင်သွင်းမည်ဟု ဦးသိန်းစိန် ပြောကြား
08-Aug-2016
နေပြည်တော်၊ သြဂုတ် ၈

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကြီးမှူးကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများကို တင်သွင်းသွားမည် ဖြစ်ကြောင်း ယင်းပါတီ၏ ဥက္ကဋ္ဌဖြစ်သူ သမ္မတဟောင်း ဦးသိန်းစိန်က ပြောသည်။

နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် ယနေ့ (သြဂုတ် ၈) ပြုလုပ်သော အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ကျွန်တော်တို့ပါတီရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ၊ သဘောထား ရပ်တည်ချက်တွေကို နိုင်ငံတော်အစိုးရကနေ မကြာမီမှာ လုပ်တော့မယ့် ငြိမ်းချမ်းရေး ညီလာခံမှာ ဖော်ထုတ်ကြေညာသွားမှာပါ” ဟု ၎င်းက ပြောသည်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် အပါအဝင် ပါတီမှ ဗဟိုကော်မတီဝင်များ၊ ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီမှ ဖွဲ့စည်းထားသော ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး အလုပ်ရုံ ဆွေးနွေးပွဲကို လေးရက်ကြာ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပါတီဝင်များ သိရှိနားလည်ရန်၊ အထောက်အကူပြုနိုင်ရန်နှင့် ပါတီ၏ တတိယအကြိမ် ပါတီညီလာခံတွင် ငြိမ်းချမ်းရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များအဖြစ် ချမှတ်ရေးတို့အတွက် ယင်းအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း ဦးသိန်းစိန်က ဆိုသည်။

ပါတီအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို အခြေအနေနှင့် အချိန်အခါလိုက်၍ ပြင်ဆင်နိုင်ရန်နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော ပြည်ထောင်စုစနစ်ကို ထူထောင်ရာတွင် သတိထား လုပ်ဆောင်ရမည် ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌက  ဆိုသည်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိသည့် ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒများကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့တွင် ပြုလုပ်မည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တတိယအကြိမ်မြောက် ပြည်လုံးကျွတ် ညီလာခံတွင် အတည်ပြု ဆုံးဖြတ်မည် ဖြစ်ပြီး ပင်လုံညီလာခံတွင် တင်သွင်းမည် ဖြစ်ကြောင်း ပါတီဝင်များထံမှ သိရသည်။  


  • VIA