News

POST TYPE

NEWS

ကမ္ဘောဇဘဏ်နှင့် UPI ကတ်ကုမ္ပဏီတို့ ပူးပေါင်း၍ Co-branded ကတ်များ ထုတ်မည်
08-Aug-2016
ရန်ကုန်၊ သြဂုတ် ၈

ကမ္ဘောဇဘဏ်နှင့် တရုတ်နိုင်ငံ အခြေစိုက် UnionPay International (UPI) ကတ်ကုမ္ပဏီတို့ ပူးပေါင်း၍ စက်တင်ဘာလဆန်းပိုင်းတွင် ပြည်တွင်း ပြည်ပသုံး Co-branded ကတ်များ ထုတ်မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါ Co-branded ကတ်များမှာ ပြည်တွင်းရှိ ATM စက် အားလုံးတွင် ငွေထုတ်၍ရမည် ဖြစ်သည့်အပြင် UPI ကတ်ကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် နိုင်ငံပေါင်း ၁၆၀ တွင်လည်း ငွေပေးချေခြင်း၊ အွန်လိုင်းစနစ်ဖြင့်လည်း ဈေးဝယ်နိုင်ပြီး အကြွေးဝယ်ကတ်များနှင့်လည်း ငွေပေးချေနိုင်ကြောင်း၊ နိုင်ငံခြားတွင် ပညာသင်သွားမည် ဆိုပါက ဒေါ်လာလဲစရာ မလိုဘဲ ယင်းကတ်ဖြင့်ပင် ငွေပေးသွင်းနိုင်ကြောင်း ၎င်းက ရှင်းပြသည်။

Union Pay International က ယခုနှစ်အတွင်း ပြည်တွင်းဘဏ်ခြောက်ခုနှင့် ပူးပေါင်းကာ ငွေပေးချေကတ် (Debit Card)၊ အကြွေးဝယ်ကတ် (Credit Card) များ ထုတ်မည်ဖြစ်ကြောင်း UPI ကုမ္ပဏီ မန်နေဂျာ ဦးအောင်နန္ဒကျော်က ပြောကြားသည်။

“ကတ်ကုမ္ပဏီ အနေနဲ့ ဝန်ဆောင်မှု ကောင်းမွန်အောင် ဆောင်ရွက်တယ်။ ကတ်သုံးစွဲမယ့်သူရဲ့ သတ်မှတ်ချက်ကတော့ ဘဏ်က ဆောင်ရွက်တာပါ။ လတ်တလောမှာ ကမ္ဘောဘဏ်နဲ့ ကတ်ထုတ်ဖို့ စီစဉ်နေပါတယ်” ဟု ၎င်းက ဆိုသည်။

UPI က ယခုနှစ် နှစ်စပိုင်းတွင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ သမဝါယမဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်၊ ဧရာဝတီဘဏ်တို့နှင့် ပူးပေါင်းကာ ငွေပေးချေကတ်၊ အကြွေးဝယ်ကတ်များ ထုတ်လုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ စက်တင်ဘာလအတွင်း ကမ္ဘောဇဘဏ်နှင့် ကတ်များ ထုတ်သွားမည်ဖြစ်ပြီး မြန်မာ့ရှေ့ဆောင်ဘဏ်နှင့်လည်း ပူပေါင်း၍ ယခုနှစ်အတွင်း ကတ်များ  ထုတ်သွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီထံမှ သိရသည်။           


  • VIA