News

POST TYPE

NEWS

ဂျပန်ဘုရင် အကီဟိုင်တို နန်းစွန့်ချင်ပြီဟုဆို
08-Aug-2016
အသက် ၈၂ အရွယ် ရှိပြီဖြစ်သော ဂျပန်ဧကရာဇ် အကီဟိုင်တိုမှာ သူ၏အသက်သည် ကြီးရင့်လာပြီ ဖြစ်သည့်အပြင် နိုင်ငံတော်၏ တာဝန်များလည်း မထမ်းဆောင် နိုင်တော့သည့်အတွက် နန်းစွန့်ချင်ပြီဖြစ်ကြောင်း ယနေ့ (သြဂုတ် ၈ ရက်၊ တနင်္လာနေ့) တွင် ပြည်သူများထံ ဗီဒီယို မှတ်တမ်းများမှတစ်ဆင့် ပြောကြားခဲ့သည်။

အကီဟိုင်တိုသည် ပြီးခဲ့သည့် လကတည်းက ကင်ဆာရောဂါ ခံစားနေရပြီး နှလုံးခွဲစိတ် ကုသခဲ့ရသည်ဟု ဂျပန် ရုပ်သံလှိုင်း တစ်ခုဖြစ်သည့် NHK က ဆိုသည်။

ဧကရာဇ်မှာ ဂျပန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ နိုင်ငံ၏ ဥသျှောင်အဖြစ်လည်းကောင်း၊ ပြည်သူများ၏ စည်းလုံးညီညွတ်မှု သင်္ကေတ အဖြစ်လည်းကောင်း အဓိပ္ပယ် ဖွင့်ဆိုထားသည်။ သို့သော် မည်သည့် နိုင်ငံရေး အာဏာမျှ မရှိပေ။

အကီဟိုင်တိုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သူ၏ အခန်းကဏ္ဍအရ ဧကရာဇ်၏ တာဝန်များကို ကြိုးကြိုးစားစား ထမ်းဆောင်နေရသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ပြည်သူ့ သဘောထား စစ်တမ်း ကောက်ယူမှုများအရ ဂျပန်ပြည်သူ အများစုမှာ ဧကရာဇ်၏ အနားယူလိုသည့် ဆန္ဒအပေါ် စာနာ နားလည်ကြကြောင်း တွေ့ရသည်။ သို့သော် ထိုသို့ အနားယူဖို့မှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ လိုအပ်လိမ့်မည်ဖြစ်သည်။

အကီဟိုင်တိုက “ဧကရာဇ်ဟာ သူရဲ့ တာဝန်ကို မထမ်းဆောင်နိုင်ရင်တောင် ဖွဲ့စည်းပုံအရ သူဟာ သေသည့်တိုင်အောင် ဧကရာဇ်အဖြစ် ရှိနေရမယ် ဆိုတဲ့အချက်ကို မပြောင်းနိုင်ဘူး ဖြစ်နေတယ်”ဟု ဆိုသည်။

အကီဟိုင်တိုမှာ ဧကရာဇ်အဖြစ် တရားဝင် အနားယူလိုက်ပါက အသက် ၅၆ နှစ်အရွယ် အိမ်ရှေ့စံ နာယုတိုမှာ ဧကရာဇ် ဖြစ်လာမည်ဖြစ်သည်။ 

သို့သော် နာယုတိုအား ဧကရာဇ် ရာထူးပေးရန် ဖွဲ့စည်းပုံဆိုင်ရာ အကန့်အသတ်များ ရှိသည်ဟု အကီဟိုင်တိုက ဆိုသည်။

“ဧကရာဇ်ရဲ့ နန်းစွန့်တဲ့ တောင်းဆိုချက်အပေါ် လုပ်နိုင်တဲ့ နည်းလမ်းတွေကတော့ ဧကရာဇ် အိမ်ထောင်စု ဥပဒေကို ပြင်ရင်ပြင်၊ ဒါမှမဟုတ် သူ့အတွက် အထူး ဥပဒေ တစ်ရပ် ပြဋ္ဌာန်းပေးဖို့ပဲ”ဟု ကန်တို ဂူအန်တက္ကသိုလ်မှ ဧကရာဇ်ရေးရာ ကျွမ်းကျင်သူ နာတိုက ကီမီဇူက ဆိုသည်။

အကီတိုင်ဟိုမှာ ပြည်သူလူထုအား ဗီဒီယိုမှတစ်ဆင့် သတင်းစကား ပြောသည်မှာ ယခုဆို ဒုတိယအကြိမ် ဖြစ်သည်။ 

ပထမအကြိမ်မှာ ဂျပန်နိုင်ငံအား ၂၀၁၁ ခုနှစ်တွင် ရုတ်ခတ်ခဲ့သည့် ဆူနာမီနှင့် ယင်းကြောင့် ဖြစ်လာသည့် နူးကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှု အကျပ်အတည်း ဖြစ်ပြီး သတင်းစကား ပြောခဲ့သည်။

Source: Reuter


  • VIA