News

POST TYPE

NEWS

ဆရာတော် ဦးဥတ္တမ ကြေးသွန်းရုပ်တု ပေါက်တောမြို့နယ်တွင် စိုက်ထူ
08-Aug-2016
ပေါက်တော၊ သြဂုတ် ၈

ရခိုင်အမျိုးသား အာဇာနည် ဆရာတော် ဦးဥတ္တမ၏ ကြေးသွန်းရုပ်တုကို သြဂုတ် ၇ ရက် မွန်းလွဲပိုင်းက ပေါက်တောမြို့ရှိ ဦးဥတ္တမ ပန်းခြံ၌ စိုက်ထူခဲ့ကြောင်း ယင်းမြို့ခံများထံမှ သိရသည်။ 

ဦးဥတ္တမ ကြေးသွန်းရုပ်တု ဖြစ်မြောက်ရေးအတွက် ၂၀၁၃ ခုနှစ်မှစ၍  ကော်မတီ ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြောင်း၊ ပေါက်တောမြို့ ဒေသခံများ၏ လှူဒါန်းငွေ ကျပ်သိန်း ၁၄၀ ကျော်ဖြင့် သွန်းလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ကြေးသွန်းရုပ်ထု ဖြစ်မြောက်ရေး ကော်မတီဝင် တစ်ဦးက ပြောသည်။ 

ဆရာတော် ဦးဥတ္တမသည် မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် နိုင်ငံရေး မျက်စိ ဖွင့်ပေးခဲ့သည့် အာဇာနည် ရဟန်း တစ်ပါးဖြစ်ပြီး မြန်မာနိုင်ငံတွင်သာမက အရှေ့တောင် အာရှဒေသတွင်ပါ လေးစားရသော ပုဂ္ဂိုလ် တစ်ဦး ဖြစ်ကြောင်း၊ အစိုးရသစ်လက်ထက်တွင် ကန်တော်မင် ပန်းခြံကို မူလက သတ်မှတ်ထားသည့်အတိုင်း  ဦးဥတ္တမ ပန်းခြံအဖြစ် ပြောင်းလဲ သတ်မှတ်ပေးခဲ့ကြောင်း စစ်တွေမြို့ခံ စာရေးဆရာ ဗဂျီးကျော်က ပြောဆိုသည်။ 

ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် စက်တင်ဘာ ၉ ရက်နေ့ရောက်တိုင်း အောက်မေ့ဖွယ် အခမ်းအနားများ ကျင်းပလေ့ ရှိသည်။


  • VIA