News

POST TYPE

NEWS

အဝိုင်းနှင့် မီးပွိုင့်လမ်းဆုံများတွင် ယာဉ်အန္တရာယ်ကာကွယ်ရေးတန်း တပ်ဆင်ခြင်းနှင့် လူကူးမျဉ်းကျားများ ရေးဆွဲမည်
07-Aug-2016
ရန်ကုန်၊ သြဂုတ် ၇

မော်တော်ယာဉ်နှင့် လူသွားလာမှု များပြားသည့် ဟံသာဝတီအဝိုင်း၊ ဦးထောင်ဘိုအဝိုင်း၊ ဦးဝိစာရအဝိုင်းနှင့် တာမွေ ငါးခွဆုံ မီးပွိုင့်၊ သမိုင်းလမ်းဆုံ မီးပွိုင့်တို့၌ ယာဉ်အန္တရာယ် ကာကွယ်ရေးတန်း တပ်ဆင်ခြင်းနှင့် လူကူးမျဉ်းကျားများ ရေးဆွဲသွားခြင်းကို ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (လမ်းနှင့် တံတား)ထံမှ သိရှိရသည်။

''လူသွားလာမှု၊ ယာဉ်သွားလာမှု များပြားနေတဲ့ အဝိုင်း သုံးဝိုင်းနှင့် မီးပွိုင့် လမ်းဆုံ သုံးခုမှာ ယာဉ်ကြော ကျပ်တည်းမှုတွေက များနေတယ်။ အဲဒီနေရာတွေမှာ ဘတ်စ်ကား မှတ်တိုင်၊ လူကူးမျဉ်းကျားတွေ၊ ပလက်ဖောင်းတွေ မရှိတဲ့အတွက် အဆင်ပြေရန် ဆောင်ရွက်ဖို့ စီစဉ်တာပါ။ ဒီလထဲမှာ အမြန်ဆုံး ဆောင်ရွက်ဖို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားပါတယ်''ဟု ၎င်းက ဆိုသည်။

ယခုလက်ရှိတွင် ယာဉ်အန္တရာယ် အကာအကွယ်တန်းကို ပြည်လမ်းမရှိ တံတားဖြူ အင်းလျားကန်ဘောင် မှတ်တိုင် တစ်လျှောက်တွင် ပြုလုပ်ထားပြီး ယခု ယာဉ်အန္တရာယ် ကာကွယ်ရေးတန်း တပ်ဆင်ခြင်းနှင့် လူကူးမျဉ်းကျားများ ရေးဆွဲခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဘတ်ဂျက်ထဲမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

"အခုလက်ရှိ ရန်ကုန်မြို့မှာ လူသွားလာမှု၊ ယာဉ်သွားလာမှု များတဲ့နေရာတွေမှာ လူကူးမျဉ်းကျားတွေ၊ ပလက်ဖောင်းတွေကို ပြုလုပ် ပေးသင့်ပါတယ်။ ဒါမှသာ လမ်းဖြတ်ကူးတဲ့ ပြည်သူတွေ၊ ယာဉ်တွေက စနစ်တကျ သွားလာလို့ ရမှာပါ''ဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ ဦးဝင်းအောင်က ပြောကြားသည်။


  • VIA