News

POST TYPE

NEWS

ဌာနအကြီးအကဲ၏ ထောက်ခံချက်သည် ဖိနှိပ်သည့် လုပ်ငန်းစဉ် မဖြစ်ရန် လိုအပ်ဟုဆို
07-Aug-2016
ရန်ကုန်၊ သြဂုတ် ၇

လုပ်ငန်းခွင်ရှိ ဆရာများ၏ သင်ကြားရေး လိုင်စင် သတ်မှတ် အရည်အချင်းအတွက် သက်ဆိုင်ရာ ကျောင်းနှင့် ဌာနအကြီးအကဲ၏ ထောက်ခံချက် တင်ပြနိုင်သူ ဖြစ်ရမည်ဆိုသော အဆိုပြုချက်သည် ဆရာများကို ဖိနှိပ်သည့် လုပ်ငန်းစဉ် မဖြစ်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဆရာများက The Voice သို့ ပြောကြားသည်။

ဆရာအတတ်ပညာကဏ္ဍ နှီးနှောဖလှယ်ပွဲတွင် တောင်ငူပညာရေး ကောလိပ် ကျောင်းအုပ်ကြီး ဒေါ်ငြိမ်းငြိမ်း ဖတ်ကြား အဆိုပြုသော ဆရာအတတ်ပညာဆိုင်ရာ လက်မှတ် ချီးမြှင့်ခြင်းနှင့် ဆရာလိုင်စင်စနစ် စာတမ်းတွင် သင်ကြားရေး လိုင်စင်ယူရန် လိုအပ်ချက်များတွင် လုပ်ငန်းခွင် ဝင်ရောက်ပြီးသူ ဆရာ၊ ဆရာမများသည် အနည်းဆုံး လုပ်သက် တစ်နှစ်ရှိသူ ဖြစ်ရန်၊ သက်ဆိုင်ရာ အလုပ်လုပ်သော ကျောင်းနှင့် ဌာန အကြီးအကဲ၏ ထောက်ခံချက် တင်ပြနိုင်သူဖြစ်ရန် အချက်များ အဆိုပြု ဖော်ပြထားခြင်း ဖြစ်သည်။

''အဲဒီထောက်ခံချက်က ဘာအတွက် ထောက်ခံချက်ဆိုတာ ဒီစာတမ်းထဲမှာ တိကျတာ မပါထားဘူး။ ဒီထောက်ခံချက်က ဒီဆရာသည် လက်ရှိ ဒီကျောင်းမှာ တာဝန် ထမ်းဆောင်နေတာ ဖြစ်တယ်ဆိုတဲ့ ထောက်ခံချက်မျိုး ဖြစ်စေချင်တယ်''ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောကြားသည်။

ထို့ပြင် ဆရာအတတ်ပညာ လက်မှတ်ရရန် လိုအပ်သော အရည်အချင်း အဆိုပြုချက်တွင်လည်း ကိုယ်လက် အင်္ဂါပြည့်စုံပြီး ကျန်းမာကြံ့ခိုင်သူ ဖြစ်ရမည်ဆိုသော သတ်မှတ်ချက်သည် မသန်သော်လည်း စွမ်းသူများကို ကန့်သတ် သကဲ့သို့ ဖြစ်သောကြောင့် တက္ကသိုလ်များတွင် ထည့်သွင်း သင်ကြားမည့် လူ့အခွင့်အရေးဆိုင်ရာများနှင့် ရှေ့နောက်မညီမှု ဖြစ်လာနိုင်ကြောင်း မုံရွာတက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန ကထိကလည်းဖြစ်သူ ၎င်းက ထောက်ပြ ပြောဆိုသည်။

အဆိုပါ ကိစ္စများနှင့်ပတ်သက်၍ အခြေခံပညာ ဦးစီးဌာန ဦးစီးအရာရှိ ဦးငွေတိုးကမူ ယင်းသို့ ဆရာအတတ်ပညာ လက်မှတ် ချီးမြှင့်ခြင်း၊ သင်ကြားရေးလိုင်စင် ထုတ်ပေးခြင်း စနစ်စသော ပညာရေး မူဝါဒများကို အမျိုးသား ပညာရေး ဥပဒေအရ အမျိုးသား ပညာရေးမူဝါဒ ကော်မရှင် ဖွဲ့စည်းပြီးမှသာ ယင်းကော်မရှင်က သတ်မှတ် ဆောင်ရွက်သင့်ကြောင်း ထောက်ပြ ပြောဆိုသည်။

သင်ကြားရေးလိုင်စင် ထုတ်ပေးခြင်းဖြင့် ဆရာများ ဘာသာရပ် နယ်ပယ် ကျွမ်းကျင်မှု ရှိလာခြင်း၊ အားထားရမည့် နိုင်ငံ့ဝန်ထမ်း ဖြစ်လာခြင်း၊ အရည်အသွေး သတ်မှတ်ချက်များအပေါ် မူတည်ပြီး စာပေ သင်ကြားခွင့် ရနိုင်သော အလုပ်အကိုင် အခွင့်အလမ်းများ ပိုမို ရရှိလာခြင်း၊ ဆရာများအနေနှင့် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီး အရည်အသွေးကို ရေရှည် ထိန်းသိမ်းနိုင်မည် ဖြစ်ကြောင်း စာတမ်းတင်သွင်းသူ ဒေါ်ငြိမ်းငြိမ်းက ပြောကြားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ထောက်ပြသော်လည်း တာဝန်ရှိသူများက ပြင်ဆင်ရာတွင် ထပ်မံ ထည့်သွင်း၊ မထည့်သွင်းကိုမူ ပြန်လည် ဖြေကြားခြင်း မရှိဘဲ စာတမ်းတွင် မှတ်တမ်းအဖြစ်သာ ပါရှိသွားကြောင်း ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ် သက္ကလ အထက်တန်းပြ ဦးအောင်ကျော်သူက ရှင်းပြသည်။ 


  • VIA