News

POST TYPE

NEWS

ဖုန်စုပ်ယာဉ် တင်သွင်းမှု လူမှုကွန်ရက်တွင် ဖော်ပြသည့် အကောင့်ပိုင်ရှင်ကို အမှုဖွင့်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ 

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံ တင်သွင်းခဲ့သည့် ဖုန်စုပ်စက်ယာဉ်များနှင့် ပတ်သက်၍ အွန်လိုင်းစာမျက်နှာ Facebook ပေါ်တွင် ရေးသားတင်ပြခဲ့သည့် Phone Kyaw (Thant Zin Htay) အကောင့်ပိုင်ရှင်အား ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူပေးရန် လှိုင်သာယာ မြို့မရဲစခန်းတွင် သက်ဆိုင်ရာ ကုမ္ပဏီက အမှုဖွင့်တိုင်ကြားထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

အောင်ကမ္ဘာ ကုမ္ပဏီလီမိတက်မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ ရောင်းချသည့် City Master 1250 C (Hako) အမျိုးအစား အမှိုက်သိမ်းယာဉ် ယာဉ်လေးစီး၏ ဈေးနှုန်းများမှာ များစွာကွာဟနေကြောင်း၊ Model Year များမှာလည်း မှန်ကန်မှု မရှိကြောင်း စသည်ဖြင့် ကုမ္ပဏီ၏ ဂုဏ်သိက္ခာ ထိခိုက်စေရန် ရည်ရွယ်ရေးသားသည်ဟု ဆိုကာ အမှုဖွင့်တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ကုမ္ပဏီရဲ့ လက်ထောက်အထွေထွေမန်နေဂျာ ဦးထိန်လင်းကနေ အမှုဖွင့်ထားတာပါ၊ လှိုင်သာယာ မြို့မရဲစခန်း (ပ) ၃၆၆/၁၇၊ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)နဲ့ လက်ခံထားပါတယ်၊ ရန်ကုန်မြို့တော် စည်ပင်ဌာနကို တင်သွင်းထားတဲ့ အမှိုက်သိမ်းယာဉ်တွေဟာ ဈေးနှုန်းတွေလည်း ကွာနေသလို မော်ဒယ်လ်တွေလည်း မှားနေတယ်လို့ ရေးသားဖော်ပြခဲ့တဲ့ အတွက်လို့ သိရပါတယ်” ဟု အမှုဖွင့်တိုင်ကြားချက်အရ လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအောင်ကမ္ဘာ ကုမ္ပဏီသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလအတွင်းက ဂျာမနီနိုင်ငံ HAKO Group က တင်သွင်းသည့် ဖုန်စုပ်ယာဉ် အမျိုးအစား City Master 1250 C (Hako) လေးစီးကို တစ်စီးလျှင် ကျပ်သိန်းတစ်ထောင်နှုန်းဖြင့် တင်သွင်းခဲ့ကြောင်း၊ ယင်းဖုန်စုပ်စက်ယာဉ်များ၏ တန်ဖိုးမှာ မူရင်းတန်ဖိုးနှင့် ကွာဟနေကြောင်း အွန်လိုင်းစာမျက်နှာတွင် ပျံ့နှံ့ခဲ့သဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနမှ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယခုတင်သွင်းသည့် အမှိုက်သိမ်းယာဉ်တစ်စီး၏ လုပ်ကိုင်နိုင်စွမ်းမှာ လူနှစ်ရာ လုပ်ကိုင်နိုင်စွမ်းနှင့် ညီမျှကြောင်း၊ လမ်းပေါ်တွင်ရှိသည့် အမှိုက်အမျိုးမျိုး၊ ပုလင်းခွံ၊ ဘူးခွံအမျိုးမျိုးနှင့် ခဲလုံးများ၊ လမ်းပေါ်တွင် တင်ကျန်သည့် ရေများကို စုပ်ယူနိုင်ကြောင်း၊ တင်သွင်းရောင်းချခဲ့သည့် နိုင်ငံခြား ကုမ္ပဏီများကို အောင်ကမ္ဘာ ကုမ္ပဏီက ဖေဖော်ဝါရီလ ဒုတိယအပတ်က သြစတြီးယားနိုင်ငံတွင် တရားစွဲဆိုထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အထွေထွေအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

J-16