News

POST TYPE

NEWS

မြေကွက် ရယူထားပြီး အိမ်မဆောက်ပါက မြေကွက် ပြန်သိမ်းမည်
16-Feb-2017 tagged as

မန္တလေး၊ ဖေဖော်ဝါရီ ၁၆

မြို့ကွက်သစ် ဖော်ထုတ်ရေး လုပ်ငန်းအဖွဲ့က ချမှတ်ပေးထားခဲ့သည့် မြေကွက်များကို ရယူထားပြီး အိမ်မဆောက်ပါက  မြေကွက် ပြန်သိမ်းမည်ဟု မြို့တော်စည်ပင်သာယာရေး ကော်မတီက သတိပေးချက် ထုတ်ပြန်လိုက်သည်။

ခြံဝင်းကာရံခြင်း၊ အုတ်တံတိုင်း ခတ်ခြင်းနှင့် အဆောက်အအုံ ဆောက်လုပ်ခြင်းစသော မြို့ပြစီမံကိန်းနှင့် မြေ စီမံခန့်ခွဲမှုဌာန၏ ဥပဒေများကို လိုက်နာခြင်းမရှိပါက အစိုးရမြေအဖြစ် သိမ်းယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီက နောက်ဆုံးအကြိမ် သတိပေးလိုက်ခြင်းဖြစ်သည်။

မြေကွက်ပိုင်ရှင်များအနေနှင့် ဝင်း ခြံကာရံခြင်း၊ အုတ်တံတိုင်း ခတ်ခြင်းနှင့် အဆောက်အအုံများ ဆောက်လုပ်ရန် ၂၀၁၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း သုံးကြိမ်တိုင် အသိပေး ကြေညာထားပြီးဖြစ်သော်လည်း လိုက်နာခြင်း မရှိ၍ နောက်ဆုံးအကြိမ် ထပ်မံ အသိပေးရခြင်းဖြစ်ကြောင်း အဆိုပါ ကော်မတီဝင် ဦးကျော်ဇေယျက ပြောကြားသည်။

“အဓိကကတော့ မြေဈေးတွေကျအောင် ချချင်တာပါ။ ဥပဒေကို မလိုက်နာဘဲ မြေဈေး ကစားနေတာတွေကို ရပ်တန့်ပစ်ဖို့ မြို့တော်ဝန်ကိုယ်တိုင် ဆန္ဒရှိနေတယ်။ အဲဒါကြောင့် သတိပေးစာရပြီး ခြောက်ရက်အတွင်း မြေချထားမိန့်၊ မြေ စလစ် လက်ဝယ်ကိုင်ဆောင်ပြီး မြေဂရန် လာလျှောက်ဖို့ လိုပါတယ်”ဟု ၎င်းက ပြောဆိုသည်။ 

လျှောက်ထားသူများကို မန္တလေး မြို့တော် စည်ပင်သာယာရေး ကော်မတီက စိစစ်ခွင့်ပြုပြီး မြို့ပြအင်္ဂါရပ်နှင့်အညီ ဝင်း ခြံခတ်ခြင်း၊ အုတ်တံတိုင်း ခတ်ခြင်းနှင့် အဆောက်အအုံ ဆောက်လုပ်ခြင်းများကို ကိုးလအတွင်း လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဥပဒေအတိုင်း မဆောင်ရွက်ပါက အဆိုပါ မြေကွက်များကို ပြန်လည်စိစစ်၍ မြေချထားမိန့်၊ မြေစလစ်၊ မြေငှားဂရန်များကို ပယ်ဖျက်ကာ အစိုးရ စီမံခန့်ခွဲမြေ (သို့မဟုတ်) အစိုးရမြေအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနက ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ကြေညာထားသည်။ 

မြေငှားဂရန် ရရှိထားသူများအနေနှင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ကစ၍ ခြောက်လအတွင်း အုတ်တံတိုင်း ခြံခတ်ခြင်း၊ ခြံဝင်းကာရံခြင်း၊ အဆောက်အအုံ ဆောက်လုပ်ခြင်းများ လုပ်ဆောင်ရမည်ဖြစ်ကာ ခွင့်ပြုမိန့်ရပြီး ကိုးလအတွင်း  အကောင်အထည် ဖော်ရမည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။ 
“တကယ်တမ်းကျတော့ မြေကွက်လပ်တွေက ဈေးကစားသူတွေရဲ့ လက်ထဲမှာပဲ ရှိနေတာ။ ဈေးကွက် စောင့်ရင်းနဲ့ပဲ  ကွက်လပ်ဖြစ်နေတဲ့မြေတွေ များနေတာ”ဟု မန္တလေးမြို့ခံ အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ပြောဆိုသည်။
 
ကွက်လပ်မြေများနှင့် ပတ်သက်၍ မြေယာမှုခင်း ရင်ဆိုင်နေသူများ အနေနှင့် အဆိုပါ ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေ စီမံခန့်ခွဲမှုဌာနသို့ အထောက်အထားနှင့်တကွ ဖြေရှင်းနိုင်ကြောင်း မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန အရာထမ်းတစ်ဦးက ပြောကြားသည်။

မန္တလေး မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကွက်လပ်မြေများအဖြစ် ချမ်းအေးသာစံမြို့နယ်တွင် ကန်ကောက်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်တွင် ရဲမွန်တောင်ရပ်ကွက်၊ ချမ်းမြသာစည် မြို့နယ် အရှေ့ပိုင်းနှင့် စက်မှုရပ်ကွက်များတွင် အများဆုံး တည်ရှိပြီး အသေးစိတ်ကိုမူ စာရင်းပြုစုနေဆဲဖြစ်ကြောင်း ယင်းဌာနထံမှ ထပ်မံသိရသည်။

M-02

  • TAGS