News

POST TYPE

NEWS

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ(ALP)က စည်း/ပြန်ဌာန ဒုဥက္ကဋ္ဌ ပြန်လည် လွတ်မြောက်ရန် ဆွေးနွေးမည်
07-Aug-2016
ရန်ကုန်၊ သြဂုတ် ၇

ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)၏ စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန ဒုဥက္ကဋ္ဌ ဦးခိုင်မျိုးထွန်း ပြန်လည် လွတ်မြောက်ရန် ပြည်နယ် အစိုးရအဖွဲ့နှင့် ဒုတိယအကြိမ် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ALP ပါတီ ဗဟို အလုပ်အမှုဆောင် ဦးမြင့်ခိုင်က ပြောသည်။

ရခိုင်ပြည်နယ်တွင် ဧပြီလအတွင်း ရခိုင် တပ်မတော်(AA)နှင့် တပ်မတော်ကြား ဖြစ်ပွားခဲ့ပြီးသော တိုက်ပွဲများနှင့် ပတ်သက်ပြီး ALP ပါတီ၏ ကြေညာချက်တွင် တပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်သော အချက်အလက် အချို့ကြောင့် ရခိုင်ပြည်နယ်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ် စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး တင်နိုင်ထွန်းက တရားလို ပြုလုပ်ကာ ALP ပါတီမှ ဦးခိုင်မျိုးထွန်းကို ပုဒ်မ ၅ဝ၅ (ခ)၊ ၅ဝ၅ (ဂ)တို့ဖြင့် စစ်တွေမြို့ တရားရုံးသို့ ဦးတိုက် လျှောက်ထား တရားစွဲဆိုခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ၎င်းထံမှ သိရသည်။ 

''ဦးခိုင်မျိုးထွန်း ပြန်လည် လွတ်မြောက်ဖို့အတွက် ပြည်နယ် အစိုးရအဖွဲ့နဲ့ ဒီရက်ပိုင်းအတွင်းမှာ တွေ့ဖို့ နှစ်ဖက် သဘောတူထားတာ ရှိတယ်''ဟု ဦးမြင့်ခိုင်က ဆိုသည်။

ဦးခိုင်မျိုးထွန်း ပြန်လည် လွတ်မြောက်ရန် ALP ပါတီဗဟိုမှ အထူး ကိုယ်စားလှယ် အဖွဲ့နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်များဖြစ်သော ရခိုင်ပြည်နယ် နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်ဥပဒေချုပ်တို့သည် သြဂုတ်လ ၈ ရက်နေ့တွင် ပြည်နယ် အစိုးရအဖွဲ့ရုံး၌ တွေ့ဆုံကြမည်ဖြစ်သည်။

''အစိုးရအဖွဲ့နဲ့ ၈ ရက်နေ့ တွေ့ပြီး ထပ်ဆွေးနွေးမယ်''ဟု ဦးမြင့်ခိုင်က ဆက်လက် ရှင်းပြ ပြောဆိုသည်။

လက်ရှိ အချိန်တွင် ဦးခိုင်မျိုးထွန်းကို စစ်တွေ အကျဉ်းထောင်တွင် ထိန်းသိမ်းထားပြီး ဇူလိုင် ၂၇ ရက်၊ သြဂုတ်လ ၅ ရက်နေ့တွင် ဒုတိယအကြိမ် စစ်တွေမြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့သည်။

ALP ပါတီမှာ ၁၉၆၇ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး နှစ်ပေါင်း ၄၈ နှစ်အကြာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA)ကို  လက်မှတ် ရေးထိုးထားပြီးသော လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်သည်။


  • VIA