News

POST TYPE

NEWS

ဒေါက်တာလင်းထက်နှင့် တွေ့ဆုံခြင်း
15-Feb-2017 tagged as

နေရောင်ခြည်သည် လူအတွက် ကောင်းကျိုးများစွာကို ပေးနိုင်သော်လည်း အရေပြားပေါ်သို့ တိုက်ရိုက် ကျရောက်သောအခါတွင် ကောင်းကျိုးထက် ဆိုးကျိုးများကို ပိုမိုဖြစ်ပေါ်စေပြီး အရေပြား ပြဿနာများကို ကြုံတွေ့နိုင်သည့်အတွက် နေရောင်ခြည်ကြောင့် အရေပြား၌ ဖြစ်နိုင်သည်များကို သိရှိနိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အထူးအရေပြားကုဌာန၊ အထူးအရေပြားကုဆရာဝန် ဒေါက်တာလင်းထက်နှင့် မေးမြန်းထားသည်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

Voice : နေရောင်ခြည်ကြောင့်ဖြစ်နိုင်တဲ့ အရေပြားနဲ့ ပတ်သက်တာတွေကို ပြောပြပေးပါဦး။
Dr.LH : နေရောင်ခြည်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေရှိတယ်။ ခရမ်းလွန်ရောင်ခြည်တွေက အေ၊ ဘီ၊ စီ ဆိုပြီး သုံးမျိုးရှိတယ်။ အဲဒီအထဲမှာ ခရမ်းလွန်ရောင်ခြည် (အေ)ကြောင့် အရေပြားက အိုမင်းရင့်ရော်တာတွေ၊ အရောင်ပြောင်းတာတွေ ဖြစ်နိုင်သလို ခရမ်းလွန်ရောင်ခြည် ဘီနဲ့ စီ ကြောင့်လည်း အရေပြားကင်ဆာ ဖြစ်နိုင်တာတွေလည်း ရှိနိုင်တယ်။ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းတွေ အရမ်းမြင့်ပြီးတော့ ရုတ်တရက် ဖြစ်နိုင်တဲ့အကြောင်းအရာတွေက နေရောင်လောင်တာပေါ့။ နေပူထဲကို အကာအကွယ်မပါဘဲ ထွက်သွားတယ်။ တစ်နာရီ၊ နှစ်နာရီလောက် အဲဒီလိုနေမိတဲ့အခါ နေရောင်နဲ့ တိုက်ရိုက် ထိတွေ့တဲ့နေရာတွေက ရဲရောင်လာတာမျိုး၊ ပူစပ်ပူလောင် ဖြစ်လာတာမျိုး၊ အနီပြင်တွေ၊ အနီဖုတွေ ထလာတာမျိုးတွေ ရှိတတ်တယ်။

Voice : နေရောင်ခြည်ကြောင့် အရေပြားရောဂါတွေက ဘယ်လိုလူတွေမှာ ပိုပြီး ဖြစ်တတ်ပါသလဲ။
Dr.LH : ဆရာတို့ မြန်မာလူမျိုးတွေရဲ့ အသားအညိုက မယ်လနင်ဓာတ်ဆိုတာ ရှိတယ်။ အဲဒါရှိတဲ့အတွက် ခံရတာ သက်သာတယ်။ ဒီအတွက် ဆရာတို့လူမျိုးက နေရောင်လောင်ပြီး အသားညိုတာ၊ မည်းတာလောက်ပဲ ဖြစ်တယ်။ နီရဲတာကတော့ အဆိုးဆုံးလောက်ပဲ။ အရေပြားရဲ့ မယ်လနင်ဓာတ်ရှိတဲ့အတွက် နေရောင်ခြည်နဲ့ထိလေ ညိုလေဆိုတော့ လောင်ဖို့က Chance နည်းသွားတာပေါ့။ တိုင်းရင်းသားတွေမှာတော့ ဖြစ်တတ်ပါတယ်။ ဥပမာ - ရှမ်းပြည်ဘက်လို အအေးပိုင်းပဲရှိတဲ့ ဒေသက လူတွေပေါ့။ သူတို့ရဲ့ အသားအရေက မယ်လနင်ဓာတ်နည်းတော့ မြေပြန့်ကို ဆင်းလာတဲ့အခါတွေမှာဆို ဖြစ်တတ်ကြပါတယ်။ နောက်ပြီး ဒီမှာရှိနေတဲ့ နိုင်ငံခြားသားတွေ အနေနဲ့လည်း ခရမ်းလွန်ရောင်ခြည် မြင့်မားတဲ့အချိန်ဖြစ်တဲ့ ဧပြီ၊ မေ၊ ဇွန် ကာလတွေမှာ ပြဿနာတွေရှိတယ်။ အဲဒီအချိန်မှာ ခန္ဓာကိုယ်က နီရဲတက်လာတယ်။ မီးလောင်ဖုတွေအထိတောင် ဖြစ်တယ်။ သူတို့အရေပြားကလည်း ဖြူတဲ့အခါမှာ မယ်လနင်ဓာတ်ကနည်းပြီး နေရောင်ဒဏ်ကို ပိုပြီးတော့ ခံရတာပေါ့။ ဒါတွေက အရေပြားမှာဖြစ်တဲ့ ပြဿနာတွေပေါ့။ နောက်ပြီး အရက် အလွန်အကျွံ သောက်တဲ့သူတွေဆိုလည်း နေရောင်ထိရင် ခံနိုင်ရည်မရှိဘဲ တုံ့ပြန်တာတွေ ရှိတယ်။ နေရောင်ထိတဲ့ နေရာတွေမှာ မဟော်ဂနီအရောင်လို ရဲလာတာမျိုးတွေပေါ့။

Voice : ဘယ်လို ရောဂါအခံရှိသူတွေမှာ ရောဂါ ပိုဆိုးလာနိုင်ပါသလဲ။
Dr.LH : နဂိုထဲက ရောဂါရှိပြီးသား အရေပြားလေး ဖက်နာသမား(SLE)တွေက နေရောင်ကိုမတည့်တော့ အပြင်ထွက်လို့ နေရောင်ထိရင် ပိုဆိုးစေတာပေါ့။ သူကကျတော့ နေရောင်က တိုက်ရိုက်ဖြစ်တာ မဟုတ်ဘူး။ နေရောင်ခြည်နဲ့ဆိုင်ပေမယ့် သူကရောဂါကြောင့် နေရောင်ထိပြီး ရောဂါကြွတက်လာတာပေါ့။ ဝက်ခြံ ထွက်တဲ့သူတွေဆို ပိုပြီး ဝက်ခြံထွက် လွယ်တယ်။ တင်းတိပ်သမားတွေလည်း ဒီအတိုင်းပဲ။

Voice : နောက်ဆက်တွဲ ဆိုးကျိုးအနေနဲ့ ဘာတွေ ဖြစ်နိုင်သေးပါသလဲ။
Dr.LH : ဆီးချိုသမားတွေဆိုရင် နေရောင်ခြည်ကြောင့် မှိုစွဲတာတွေ ပိုဖြစ်လာတယ်။ ချွေးတွေထွက်တော့ အရေပြားမှာ မှိုတွေတက်ပြီး ပွေးတွေ၊ ညှင်းတွေနဲ့ ခြေချောင်း လက်ချောင်းကြားတွေမှာ ဝဲစားသလိုတွေ ဖြစ်နိုင်တယ်။ နောက်ပြီး အကိုက်အခဲ ပျောက်ဆေးတွေနဲ့ ပိုးသတ်ဆေး တချို့ကလည်း နေရောင်ခြည်နဲ့ မတည့်တာတွေ ရှိတယ်။

Voice : နေရောင်ခြည် ထိပါများလာတဲ့အခါမှာ အရေပြားမှာ ဘယ်လိုပျက်စီးမှုတွေ ဖြစ်လာနိုင်ပါသလဲ။
Dr.LH : နေရောင်ထဲကို မကြာခဏ ထွက်တာ ဘာမှတော့ မဖြစ်သေးပေမယ့် နောက်ပိုင်း ကြာလာရင် အရေပြားတွေ ပျက်စီးလာမယ်။ အရေပြားဆိုတာက ပျက်စီးလွယ်တယ်။ ခြောက်သွေ့ပြီး မည်းလာမယ်။ တင်းတင်းရင်းရင်း မရှိတော့ဘူး။ အသားအရေကို တင်းရင်းစေတဲ့ Fiber (အမျှင်)တွေက ပျက်စီးသွားတော့ အရေပြားက တွဲလာမယ်။ အရေပြားရဲ့ အပေါ်ယံ ဆဲလ်တွေကလည်း ပြန်ပြုပြင်ရတဲ့အတွက် ကြမ်းလာတယ်။ ဒီတော့ အိုမင်းရင့်ရော်တဲ့ အသားအရေတွေ ဖြစ်လာပြီး လူကအသက်နဲ့ မလိုက်တော့ဘူးပေါ့။ တဖြည်းဖြည်း ကြာလာရင် ကိုယ့်မှာရှိတဲ့ မှဲ့တွေကနေ မှဲ့ကင်ဆာ ဖြစ်လာနိုင်တယ်။ အရေပြား ကင်ဆာတွေလည်း ဖြစ်လာနိုင်တယ်။ အရေပြား ကင်ဆာမှာလည်း နှစ်မျိုးရှိတယ်။ အပေါ်ယံ ဆဲလ်ကင်ဆာနဲ့ အခြေခံအလွှာ ဆဲလ်ကင်ဆာဆိုပြီး ရှိမယ်။ နှစ်ခုလုံးလည်း ဖြစ်နိုင်တယ်။ မြန်မာပြည်ရဲ့ နေရောင်ခြည်လောင်တဲ့ ဒေသတွေမှာ အတွေ့ရများတာကတော့ အခြေခံအလွှာ ဆဲလ်ကင်ဆာနဲ့ မှဲ့ကင်ဆာတွေကို ပိုပြီးတွေ့ရတယ်။ ကိန်းဂဏန်း အတိအကျကြီး လုပ်ထားတာတော့ မရှိဘူး။ ကျန်တာတွေကတော့ မျက်လုံးနဲ့ ပတ်သက်ရင် တိမ်စွဲတာတွေပေါ့။ နေရောင်ခြည်ကြောင့်ကတော့ သူ့အစိတ်အပိုင်းနဲ့သူ ဖြစ်တာပါပဲ။

Voice : ဆရာ့အနေနဲ့ ဘာများ ဖြည့်စွက်ပြောကြားချင်ပါသေးလဲ။
Dr.LH : ခရမ်းလွန်ရောင်ခြည် အညွန်းကိန်းတွေက တစ်နှစ်ပတ်လုံးကို မြင့်တက်နေတာ။ ဆောင်းရာသီကအစ တစ်နှစ်ပတ်လုံး မြင့်တက်နေတယ်။ အန္တရာယ်ရှိတဲ့ ရောင်ခြည်တွေ မြင့်နေတဲ့အတွက် အရေပြားက နေရောင်ခြည်ကို ထိတွေ့တဲ့အခါမှာ ပြဿနာတွေ အများကြီး ဖြစ်ပေါ်နိုင်တာပေါ့။ ပြည်သူတွေက သိမြင် ရှောင်ရှားနိုင်ဖို့ အရေးကြီးတယ်။ မြန်မာလူမျိုးတွေက နေရောင်ကို မကြောက်သလိုပဲ။ အရေးတယူလည်း မရှိဘူး။ အခုနောက်ပိုင်းမှာ လူငယ်တွေက နေထိုင်မှု ပုံစံတွေ ပြောင်းလာတယ်။ အတိုအပြတ်တွေ ဝတ်ပြီး နေတာ များလာတာ တွေ့ရတယ်။ ဒါတွေက အန္တရာယ် ရှိလာနိုင်တယ်။ အတိုတွေ ဝတ်တာလောက်နဲ့ အန္တရာယ် ရှိလားဆိုတော့ ရှိတယ်။ အဲဒီလိုဝတ်တဲ့အခါ အကာအကွယ်မဲ့ပြီး နေရောင်ထိတော့ အရေပြားကင်ဆာ ဖြစ်ပွားမှုနှုန်းတွေ မြင့်လာတယ်ဆိုတဲ့ နိုင်ငံခြားက စာတမ်းတွေရှိတယ်။ ခြေသလုံးတွေမှာ အရေပြားကင်ဆာ ဖြစ်တာမျိုးတွေကို လေ့လာတွေ့ရှိမှုတွေ ရှိပါတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်ဖို့ပေါ့။

တတ်နိုင်သလောက်ကတော့ နေရောင်ရှောင်ရမှာပဲ။ မဖြစ်မနေ နေရောင်ထဲ ထွက်ရမယ်ဆိုရင်လည်း အကာအကွယ် ယူရမယ်။ နေရောင်ကို တတ်နိုင်သလောက် ရှောင်ဆိုတဲ့အထဲမှာ မထိလေ ကောင်းလေပေါ့။ ပုံမှန် မနက် ၁၀ နာရီကနေ မွန်းလွဲ ၃ နာရီလောက်အထိ အပူချိန် အပြင်းဆုံးဖြစ်တော့ အပြင်မထွက်ပါနဲ့လို့ ဆိုတာကို အရင်က နွေရာသီမှ ပြောရတာပေါ့။ အခုကတော့ တစ်နှစ်ပတ်လုံး ဒီလိုပဲ ပြောရမလိုဖြစ်နေပြီ။ နေရောင်ကာဖို့အတွက် အပြင်ထွက်တော့မယ်ဆိုရင် ထီးဆောင်းတာတွေ၊ လုံခြုံစွာ ဝတ်တာတွေ (ချည်ပါးပါး)၊ နေရောင်ခြည်ခံ Lotion တွေနဲ့ သနပ်ခါးလိမ်းပြီး ထွက်သင့်ပါတယ်။

Voice : အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

သီတာဆွေ

  • TAGS