News

POST TYPE

NEWS

အထူးကုန်စည်ခွန် မှတ်ပုံတင်ရန် ပျက်ကွက်သူများ ဒဏ်ငွေကျပ်သိန်း ၅၀ ပေးဆောင်ရမည်
07-Aug-2016
ရန်ကုန်၊ ဩဂုတ် ၇

ယခုဘဏ္ဍာနှစ်မှ စတင် ကောက်ခံလျက်ရှိသော အထူး ကုန်စည်ခွန်များကို တင်သွင်း၊ ထုတ်လုပ်သည့် လုပ်ငန်းရှင် တစ်ဦးအနေဖြင့် သက်ဆိုင်ရာ နှစ် တစ်နှစ်အတွင်း မှတ်ပုံတင်ရန် ပျက်ကွက်မည်ဆိုပါက ဒဏ်ငွေ ကျပ်သိန်း ၅၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနက ထုတ်ပြန်သည်။

ထို့အပြင် ဒဏ်ကြေး ချမှတ်ခံရသည့် ကုမ္ပဏီသည် သတ်မှတ်ကာလအတွင်း လာရောက် ပေးဆောင်ခြင်း မရှိပါက ဒဏ်ကြေး၏ ၁၀ ရာခိုင်နှုန်းကို ထပ်မံ ပေးဆောင်ရမည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အချိန်မီ ပေးစေချင်လို့ ဒီလို သတ်မှတ်ထားတာပါ။ လုပ်ငန်းရှင်တွေ အနေနဲ့ အချိန်မီ ပေးစေလိုပါတယ်”ဟု ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောဆိုသည်။

ပြည်တွင်း အခွန်များ ဦးစီးဌာနသို့ အခွန် ပေးဆောင်ထားခြင်း မရှိသည့် အထူး ကုန်စည်ခွန်များကို ရရှိပိုင်ဆိုင်ထားသည်ကို တွေ့ရှိပါက ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်း ဒဏ်ကြေး ပေးဆောင်ရမည့်အပြင် ယင်းကုန်စည်ကို ပြည်သူ့ဘဏ္ဍာအဖြစ်ပါ သိမ်းဆည်းမည်ဖြစ်ကြောင်း အဆိုပါ ဌာနထံမှ သိရသည်။ 

ထို့အပြင် အထူးကုန်စည်များ ဈေးကွက်ပေါက်ဈေး သတ်မှတ်နိုင်ရန်အတွက် ဥပဒေအရ သတင်း အချက်အလက်များ တောင်းခံခြင်းကို အချိန်မီ တင်သွင်းရန် ပျက်ကွက်မည် ဆိုပါကလည်း ဒဏ်ငွေ ကျပ်သိန်း ၅၀ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။ 

“သူတို့က ဒဏ်ကြေးတွေပဲ တပ်နေတာဗျ။ ကျွန်တော်တို့ ခုနှိမ်ခွင့်ရမယ့် ဟာတွေကျတော့ ခုနှိမ်ခွင့် ပြန်မရတော့ဘူးဖြစ်နေတယ်”ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးမျိုးဇင်ဝင်းက ပြောဆိုသည်။ 

အထူး ကုန်စည်ခွန် ဥပဒေကို ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်နေ့မှ စတင် ကောက်ခံလျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း အထူး ကုန်စည်ခွန်ကို ဧပြီ ၁ ရက်နေ့မှ ဇူလိုင် ဒုတိယပတ် အတွင်းထိ သုံးလကျော် ကာလအတွင်း နှစ်ဘီလီယံခန့် ကောက်ခံ ရရှိပြီဖြစ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနထံမှ သိရသည်။


  • VIA