News

POST TYPE

NEWS

မိုးညိုမြို့နယ်ရှိ ကျေးရွာ နှစ်ရွာမှ လူနေအိမ် ၇၀ ကျော် ရေထဲမျောပါ
07-Aug-2016
တောင်ငူ၊ သြဂုတ် ၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့ ထန်းပင်ကုန် ကျေးရွာနှင့် ကရင်ချောင် ကျေးရွာအုပ်စုရှိ ကျေးရွာအချို့တွင် သြဂုတ် ၁ ရက်မှ ၅ ရက်အထိ မြစ်မခ ချောင်းရေ တိုက်စားမှုကြောင့် လူနေအိမ် ၇၀ ကျော် ရေထဲ မျောပါခဲ့ရပြီး ကျန်ရှိသည့် နေအိမ်များကို ဆိုင်းကြိုးများဖြင့် ချည်နှောင်ထားရကြောင်း မိုးညိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်းက ပြောကြားသည်။ 

"လက်တစ်လောမှာ အိမ်ခြေ ၁၅ လုံးလောက်ကို ကြိုးတွေနဲ့တွဲထားရပါတယ်။ မြစ်မခ ရေကတော့ ကျဆင်းသွားပါပြီ။ ရေဘေး ကယ်ဆယ်ရေး စခန်း နှစ်ခုမှာတော့ မိသားစုဝင် အချို့ကျန်ရှိနေပါတယ်။ တချို့ကလည်း တာပေါင်ပေါ် တက်နေကြရပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့ မိုးညို-နတ္တလင်း ကားလမ်းအနီး မိုးညိုရေကင်းတာသည် သြဂုတ် ၆ ရက် ည ၁၀ နာရီခွဲခန့်က ကျိုးပျက်ခဲ့ပြီး လက်ရှိတွင် အုပ်ချုပ်ရေးဌာနနှင့် ပေါင်းကာ တာကျိုးပေါက် ဖာခြင်း၊ သဲအိတ် ချထားခြင်းများ ဆောင်ရွက်လျက် ရှိပြီး မြစ်ရေ ကျဆင်းသွားသည့်အတွက် အနည်းငယ် စိတ်သက်သာရကြောင်း မိုးညိုမြို့ဒေသခံများက ပြောကြားသည်။

"တာက နှစ်နေရာ ကျိုးတာပါ။ မိုးညို-နတ္တလင်း ကားလမ်းဘေး သံပရာ ခုံကျေးရွာနားက တာနဲ့ ဆင်ဂေါင်းကျေး ရွာနားက တာတွေပါ။ လက်ရှိမှာတော့ ရေကျသွားပြီဆိုတော့ သိပ်စိုးရိမ်စရာ မရှိတော့ဘူး"ဟု မိုးညိုးဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ပြည်၊ ရွှေတောင်၊ ပန်းတောင်းနှင့် သာယာဝတီမြို့နယ်များအတွင်း ယခုလဆန်းပိုင်းမှ စတင်ပြီး ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့သည့် နည်းတူ မိုးညိုမြို့နယ် ကျေးရွာအုပ်စု ၂၀ နီးပါးခန့်မှ အိမ်ထောင်စု ၁၂၀၀ ကျော်၊ လူဦးရေ ၅၀၀၀ ခန့် မြစ်မခရေ ဝင်ရောက်လျက်ရှိပြီး မြစ်ရေ တိုက်စားမှုကြောင့် မြစ်ထဲ မျှောပါသွားသည့် လူနေအိမ်တချို့ ရှိခဲ့ကြောင်း မိုးညိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပီတာဒွဲလက ပြောသည်။ 

"ရေဝင်တဲ့ အိမ်ထောင်စုတွေကော ရေတိုက်စားလို့ အိမ်မျောသွားတဲ့ မိသားစုတွေကော ကယ်ဆယ်ရေး စခန်းနဲ့ နီးစပ်ရာ တာပေါင်တွေမှာ နေကြပါတယ်။ ရေလည်း ကျနေပါပြီ။ ရေဝင်တဲ့ မိသားစုတိုင်းကို ဆန်၊ ဆီ၊ ဆားနဲ့ သောက်သုံးရေလိုမျိုး အရာတွေ ထောက်ပံ့ ပေးထားပါတယ်။ အိမ်မျောပါသွားတဲ့ သူတွေကိုတော့ ဘယ်လို ထောက်ပံ့ပေးမယ် မပြောတတ်သေးပါဘူး"ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း မြို့နယ်များတွင် ဇူလိုင် ၃၁ ရက်မှ စတင်ပြီး ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် အထက်သို့ မြင့်တက်ခဲ့ပြီး တစ်ပတ်ခန့် ကြာသည်အထိ ရေဘေး ကယ်ဆယ်ရေး စခန်းများနှင့် နီးစပ်ရာ နေရာများတွင် သွားရောက် နေထိုင်နေရသော ရေဘေးသင့် အိမ်ထောင်စု ၇၀၀၀ နီးပါး၊ လူဦးရေ ၅၀၀၀၀ ခန့် ရှိနေကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ စုံစမ်း သိရှိရသည်။


  • VIA