News

POST TYPE

NEWS

မိခင်အရင်းကို ကြိုးတုပ် ရိုက်နှက်ပြီး ငွေနှင့်ဆိုင်ကယ် လုယက်သည့် သားနှင့် ချွေးမကို ဖမ်းမိ
07-Aug-2016

ရန်ကုန်၊ သြဂုတ် ၆

မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင်ကျေးရွာအုပ်စု ဗိုလ်ခြံ မှတ်တိုင် အနီးရှိ နေအိမ် တစ်လုံးတွင် အသက် ၆၃ နှစ်အရွယ် မိခင်အရင်းကို ကြိုးတုပ် ချည်နှောင် ရိုက်နှက်ပြီး ငွေနှင့် မော်တော်ဆိုင်ကယ် လုယူခဲ့သည်ဟု တိုင်ကြားခံရသော သားနှင့် ချွေးမကို သြဂုတ်လ ၅ ရက်နေ့က ပဲခူးမြို့တွင် ဖမ်းမိခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ဖမ်းမိခဲ့သော အသက် ၃၀ ဝန်းကျင်ရှိ အငယ်ဆုံးသားဖြစ်သူနှင့် ၎င်း၏ဇနီး၊ ၎င်း၏ ယောက်ဖ တော်စပ်သူတို့မှာ သြဂုတ်လ ၃ ရက် မွန်းလွဲ ၃ နာရီက မိခင်ဖြစ်သူ၏ နေအိမ်သို့ လာရောက်ပြီး ငွေ တောင်းယူခဲ့ကြောင်း၊ ၎င်းတို့ တောင်းသည့်ငွေကို မိခင်က ထုတ်မပေးခဲ့သောကြောင့် ပုဆိုး၊ အင်္ကျီတို့ကို ကြိုးသဖွယ် ပြုလုပ်ပြီး မိခင်ကို ချည်နှောင်၍ ဦးခေါင်းနှင့် မျက်နှာတို့ကို ရိုက်နှက်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက်များအရ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နယ်မြေ ရဲစခန်းမှူး ရဲအုပ်ဌေးဝင်းက ပြောကြားသည်။

မိခင်ဖြစ်သူကို ကြိုးတုပ် ရိုက်နှက်ပြီးနောက် ၎င်းတို့ သုံးဦးက နေအိမ်ရှိ ဗီရိုအတွင်းမှ ငွေကျပ် လေးသိန်းနှင့် ခြံဝင်းထဲရှိ မော်တော်ဆိုင်ကယ် တစ်စီးကို ယူဆောင်ကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြောင်း ၎င်းက ဆက်လက်  ပြောကြားသည်။

“အငယ်ဆုံးသားဖြစ်သူက မိန်းမနဲ့ ယောက်ဖ ခေါ်လာပြီး မအေထံမှာ ငွေ လာတောင်းတယ်၊ မအေဖြစ်သူက ထုတ်မပေးလို့ အိမ်မှာရှိတဲ့ မြေးနှစ်ယောက်ကို ချွေးမက တုတ်ထိုး ဝယ်ကျွေးမယ် ဆိုပြီး အပြင် ခေါ်ထုတ်သွားပြီး ကလေးတွေကို တုတ်ထိုးဆိုင်မှာ ထားပြီး ပြန်လာခဲ့တယ်၊ သားနဲ့ သူ့ယောက်ဖဖြစ်သူက အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့တဲ့ မအေကို ကြိုးနဲ့ ချည်နှောင် ရိုက်နှက်ပြီး လုယက်မှု ကျူးလွန်ခဲ့တာလို့ စစ်ဆေးချက်အရ သိရှိရတယ်”ဟု ၎င်းက ဆိုသည်။

ကြိုးတုပ် ချည်နှောင် ရိုက်နှက်ခံရသောကြောင့် အသက် ၆၃ နှစ်အရွယ် အမျိုးသမီးမှာ ဦးခေါင်းနောက်စေ့ ပေါက်ပြဲ ဒဏ်ရာ၊ မျက်နှာဖူးရောင် ဒဏ်ရာများ ရရှိခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း၊ ငွေနှင့် ဆိုင်ကယ် လုယူပြေးသူ သုံးဦးမှ ဇနီးမောင်နှံ နှစ်ဦးကို ဖမ်းမိခဲ့ပြီး ကျန်အမျိုးသား တစ်ဦးမှာ လွတ်မြောက်နေဆဲ ဖြစ်ကြောင်း ထောက်ကြန့် နယ်မြေ ရဲစခန်းထံမှ သိရှိရသည်။ 


  • VIA