News

POST TYPE

NEWS

Earl Grey Tea အပါအဝင် လန်ဒန်လက်ဖက်ခြောက် စတင်ဝင်ရောက်
07-Aug-2016

ရန်ကုန်၊ သြဂုတ် ၆

လက်ဖက်ခြောက် ထုတ်လုပ်မှု သက်တမ်း နှစ် ၃၀၀ ကျော်ရှိသော ဗြိတိန်အခြေစိုက် Twinings of London အမှတ်တံဆိပ် လက်ဖက်ခြောက်သည် မြန်မာနိုင်ငံ ဈေးကွက်သို့ စတင် ဝင်ရောက်ပြီဖြစ်ကြောင်း  ယင်းကုန်ပစ္စည်းကို ဖြန့်ချိမည့် AB Food & Beverages နှင့် Premium Distribution ကုမ္ပဏီ တာဝန်ရှိသူများက ပြောကြားသည်။

ယင်းကုန်ပစ္စည်း ဈေးကွက် ဖြန့်ချိရေးနှင့် ပတ်သက်၍ အဆိုပါ ကုမ္ပဏီတို့က သြဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန်မြို့တော်ရှိ  နိုဗိုတယ်ဟိုတယ် Le Cellier စားသောက်ဆိုင်တွင် စာနယ်ဇင်း ရှင်းလင်းပွဲ တစ်ရပ်  ပြုလုပ်၍ ထုတ်ဖော် အသိပေးခဲ့ခြင်း ဖြစ်သည်။

လက်ဖက်ရည်ကြမ်း သောက်သုံးသူ အများအပြား ရှိနေသော မြန်မာနိုင်ငံ ဈေးကွက်သည် Twinings ၏ နိုင်ငံတကာ ဈေးကွက်များအနက် ၁၁၆ ခုမြောက် ဈေးကွက်ဖြစ်ပြီး အရှေ့တောင် အာရှတွင် ငါးခုမြောက် ဈေးကွက်အဖြစ် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း၊ အဆိုပါ ကုန်ပစ္စည်းကို AB Food & Beverages နှင့် Premium Distribution ကုမ္ပဏီတို့မှတစ်ဆင့် မြို့ကြီးများသို့ ဖြန့်ဖြူး ပေးမည်ဖြစ်ကြောင်း အဆိုပါ  ကုမ္ပဏီများထံမှ သိရသည်။

“လက်ဖက်ကို မြန်မာနိုင်ငံမှာ နှစ်ခြိုက်ကြတဲ့အတွက် Twinings အနေနဲ့ မြန်မာနိုင်ငံကို ရောက်ရှိလာတာ အဓိပ္ပာယ် ရှိပါတယ်။ ကျွန်တော်တို့က ပြည်တွင်းဈေးကွက်ကို ပြိုင်တာ မဟုတ်ဘဲ အရသာ အသစ်၊ အရသာ အမျိုးမျိုးကို ရည်ရွယ်ဖို့ ယူလာတာပါ”ဟု Twinings, Corporate Relation ဌာန၏ ဒါရိုက်တာ Stephen Twining က ပြောသည်။

Twinings of London အမှတ်တံဆိပ်ဖြင့် လက်ဖက်ခြောက်နှင့် အကြမ်းခြောက် အမျိုးပေါင်း ၆၀၀ ကျော် ထုတ်လုပ်သည့်အနက် မြန်မာဈေးကွက်၌ Earl Grey, English Breakfast, Jasmine Green Tea, Pure Camomile နှင့် Pure Peppermint တို့ကို ဝယ်ယူ ရရှိနိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ Twinings က ထုတ်ပြန်ထားသည်။

“ပြည်ပက ပြည်တွင်း ဈေးကွက်ကို ဝင်မယ်ဆိုရင်တောင် ပြည်တွင်းက ရောင်းတဲ့ ဈေးအတိုင်း ချရောင်းနိုင်မှာ မဟုတ်ဘူးလေ။ ဒီမှာက High Quality ကို သောက်တာက နည်းတယ်။ ဘာမှ ပြဿနာ မရှိပါဘူး”ဟု လက်ဖက် အစုအဖွဲ့ အတွင်းရေးမှူး ဒေါ်နီလာဦးက မှတ်ချက်ပြုသည်။

ပြည်တွင်း လက်ဖက်ခြောက် လုပ်ငန်းများသည် ပြည်တွင်း ဈေးကွက်များတွင် နေရာ ယူထားနိုင်ပြီး ဂျာမနီနိုင်ငံသို့လည်း ယခု သြဂုတ်လအတွင်း Green Tea ကို စတင် တင်ပို့သွားမည်ဖြစ်ကြောင်း အဆိုပါ လုပ်ငန်းရှင်များထံမှ သိရသည်။



  • VIA