News

POST TYPE

NEWS

ဒေါက်တာမောင်မောင်သိမ်းနှင့် တွေ့ဆုံခြင်း
မြန်မာနိုင်ငံ၏ စတော့ရှယ်ယာဈေးကွက် ရန်ကုန်စတော့အိတ်ချိန်း တစ်နှစ်သက်တမ်းကျော်လာသည့် အချိန်တွင် အရောင်းအဝယ်အေးပြီး ကုမ္ပဏီများ၏ ရှယ်ယာဈေးနှုန်းများ ကျဆင်းနေသည့် အခြေအနေနှင့် နောင်လာမည့် ဈေးကွက်အလားအလာများနှင့် ပတ်သက်၍ ရန်ကုန်စတော့အိတ်ချိန်း စတင်တည်ထောင်စဉ်က အဓိက ပါဝင်ဆောင်ရွက်ခဲ့သော ယခင်အစိုးရလက်ထက် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဒေါက်တာမောင်မောင်သိမ်းနှင့် The Voice က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြအပ်ပါသည်။

Voice : လက်ရှိဈေးကျနေတဲ့ စတော့ဈေးကွက်အပေါ် ဆရာ့အမြင် ဘယ်လိုရှိလဲ။

Dr. MMT : လက်ရှိကတော့ စတော့ဈေး ကျနေတာပေါ့။ ဒီမှာ ဈေးကွက်တစ်နှစ်သားလောက်ပဲ ရှိသေးတယ်။ ဒါကြောင့် ဈေးကျနေတာလည်း ပါတယ်။ နောက်တစ်ခုက နိုင်ငံတော်ရဲ့ စီးပွားရေးကလည်း နှေးနေတဲ့အချိန် ဖြစ်နေတယ်။ စီးပွားရေး တက်မှလည်း စတော့တွေက ဈေးတက်တာ ဆိုတော့ ဈေးကွက်ရဲ့အသက် နုနေသေးတာရယ်၊ နိုင်ငံရဲ့ စီးပွားရေး နှေးနေတာကြောင့် စတော့တွေ ဈေးကျနေတာပေါ့။

Voice : နောက်တစ်ခုက FMI တို့၊ သီလဝါ MTSH တို့ အရင်စတုန်းက လူစိတ်ဝင်စားမှု မြင့်တက်ခဲ့တယ်။ နောက်ထပ် Player နှစ်ခုဖြစ်တဲ့ ဘဏ်လုပ်ငန်းနှစ်ခုကြောင့် ဒီလိုမျိုး စိတ်ဝင်စားမှု လျော့ကျတာလား။ 

Dr. MMT : Player တွေကြောင့်တော့ မဟုတ်ဘူး။ အဓိကက ဘာလဲဆိုရင် ပြည်သူလူထုတွေရဲ့ စိတ်ဝင်စားမှုအပေါ်ပဲ မူတည်တယ်။ စတော့အိတ်ချိန်းကလည်း မြန်မာပြည်မှာ အခုမှ ပေါ်တာလည်း ပါတယ်။  အခုမှ လူတွေက စသိတယ်။ ကျယ်ကျယ်ပြန့်ပြန့် မသိတာလည်း ပါတာပေါ့။ သူတို့ (YSX) ကလည်း လူတွေကျယ်ကျယ်ပြန့်ပြန့် သိအောင် ကြိုးစားနေကြတယ်။ ကိုယ့်တုန်းကတော့ ကိုယ်တိုင်စတော့နဲ့ သက်ဆိုင်တဲ့ ဟောပြောပွဲတွေ လုပ်ခဲ့တယ်။ နယ်တွေမှာ ဒုဝန်ကြီးအဖြစ်နဲ့။ ဘယ်သူမှ ဟောပြောပွဲ မလုပ်ခဲ့ဘူး။ ကိုယ်ပဲ ဒုဝန်ကြီးကိုယ်တိုင် ဟောပြောပွဲ လိုက်လုပ်တော့ လူတွေက စိတ်ဝင်စားမှု ပိုတာပေါ့။ နောက်ပိုင်းကျတော့ အဲဒါတွေလည်း နည်းနည်းလေး အားနည်းသွားတာ တွေ့ရတယ်။ အခုတော့ ပြန်လုပ်ဖို့ လုပ်နေကြတယ်။ အဓိကကတော့ မြန်မာပြည်စီးပွားရေး နှေးတာရယ်၊ သက်တမ်းငယ်သေးတယ် နုသေးတာတွေကြောင့် ကျတာ။ ဒါပေမဲ့ အခုအခွန်ကင်းလွတ်ခွင့်တွေ၊ သက်သာခွင့်တွေ ပေးမယ်ဘာမယ် ဆိုရင် စာရင်းတင်မယ့် ကုမ္ပဏီတွေလည်း တိုးလာမယ့် အနေအထား ရှိတယ်။ အခုကလည်း စာရင်းတင်နေတဲ့ ကုမ္ပဏီတွေ ကိုယ်တိုင်ကလည်း လောဘမကြီးဘဲ ဈေးတွေကို ပုံမှန်ဈေးနဲ့ပဲ ထုတ်ရောင်းဖို့ လိုတာပေါ့။ စရောင်းကတည်းက သူက ပေါက်ဈေးထက် တအားမြှင့်ထားရင်တော့ ဘယ်သူက ဝယ်မှာလဲ။ လူတွေက အညံ့တွေမှ မဟုတ်တာ။ အဲဒါတွေလည်း ပါမှာပေါ့။

Voice : နောက်တစ်ခုက YSX ဘက်ကလည်း ပြောတယ်။ တချို့စီးပွားရေး အဖွဲ့အစည်းတွေကလည်း မြန်မာပြည်ရဲ့ စတော့ဈေးကွက်က ဖြည်းဖြည်းနဲ့ မှန်မှန်လေး ဖွံ့ဖြိုးနေတယ်ပေါ့။ တခြားအရင်လုပ်နေတဲ့ အိမ်နီးချင်းနိုင်ငံတွေထက်လည်း အခြေအနေ ပိုကောင်းတယ်ပေါ့။ အဲဒီအပေါ် ဆရာ့အမြင်ကရော။ 

Dr. MMT : အကောင်းဆုံးကတော့ ရုတ်တရက် ခုန်ပြန်ကျော်လွှားတက်သွားမယ့်အစား ဖြည်းဖြည်းပေါ့ကွာ။ တို့က စတော့မရှိဘဲ နေခဲ့တာပဲ နှစ်ပေါင်း ၆၀ ကျော်နေပါပြီ။ အဲဒီတော့ အခုနှစ်ပေါင်း ၆၀ တောင် နေလို့ရနေမှာတော့ စတော့ရှိနေတဲ့ အချိန်မှာလည်း အေးအေးသက်သာနဲ့ တက်သွားဖို့ပဲ လိုတာ။ အဲဒီခုန်ပြန်ကျော်လွှား တက်တာကြီးက မှားတယ်လေ။ ဖြည်းဖြည်းနဲ့ လှိမ့်လှိမ့်ပြီး တက်လာမယ့် အနေအထား ရှိတာပေါ့။

Voice : ၂၀၁၇ ထဲမှာပဲ ရှယ်ယာသစ် ထုတ်ရောင်းမယ့် Great HORKHAN ဝင်လာရင်ရော  ဈေးကွက် ဘယ်လိုပြောင်းလဲနိုင်မလဲ။

Dr. MMT : သူဝင်လာမယ် ဆိုရင်တော့ မြင်ကွင်းပြောင်းသွားမှာပေါ့။ အခုဟာက ရှယ်ယာရောင်းနေတဲ့ ကုမ္ပဏီတွေက ရှယ်ယာအဟောင်းတွေကိုပဲ မွမ်းမံပြီး ရောင်းနေတာဆိုတော့ ရှယ်ယာအသစ် ထုတ်ရောင်းတာ မဟုတ်ဘူးလေ။ Great HORKHAN ကတော့  ရှယ်ယာအသစ်တွေ ထုတ်ရောင်းမယ်ဆိုတော့ လူတွေရဲ့ အမြင်မှာ ဆန်းသွားမှာပေါ့။ အဲဒီမှာလည်း မြန်မာစတော့ရှယ်ယာဈေးကွက်က တစ်ခေတ်ဆန်းသွားနိုင်တယ်။

Voice : နောက်ဆုံးအနေနဲ့ စတော့ဈေးကွက် ဖွံ့ဖြိုးဖို့အတွက် ဘာလိုအပ်ချက်တွေ ရှိနေဦးမလဲ။

Dr. MMT : လိုအပ်ချက်ကတော့ ရှိနေမှာပေါ့လေ။ တဖြည်းဖြည်း ပြင်နေရမှာပေါ့။ အခုလောလောဆယ်မှာ စတော့နဲ့ ပတ်သက်နဲ့ ပညာပေးတဲ့လုပ်ငန်း များများလုပ်ပေးရမယ်။ အဲဒါမှ လူထုရဲ့ စိတ်ဝင်စားမှုကို ရမယ်။ သူ (YSX) လုပ်နိုင်တာလည်း အဲဒါကိုပဲ များများလုပ်ပေးဖို့ လိုတယ်။

Voice : အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။         

အောင်သီဟထွန်း