News

POST TYPE

NEWS

နန်းဖာလုံဈေး တောင်ဘက်တံခါးကို ရက်အကန့်အသတ်မရှိ ပိတ်ထားမည်
05-Feb-2017 tagged as တမူး

ကလေး၊ ဖေဖော်ဝါရီ ၅

မြန်မာ-အိန္ဒိယနယ်စပ် နန်းဖာလုံဈေး တောင်ဘက်တံခါးပေါက်ကို ဖေဖော်ဝါရီလ ၄ ရက်မှစ၍ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ပြီ ဖြစ်ကြောင်း နန်းဖာလုံဈေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမြင့်က The Voice သို့ ပြောကြားသည်။

မူးယစ်ဆေးဝါးနှင့် စက်သုံးဆီ တရားမဝင် တင်ပို့ခြင်း၊ ဒေသခံပုံစံဖြင့် တရားမဝင် သွားလာပြီး လက်နက်ကိုင် အကြမ်းဖက်တိုက်ခိုက်မှုများ မပြုလုပ်နိုင်စေရန် ရက်အကန့်အသတ်မရှိ ပိတ်ထားခြင်း ဖြစ်ကြောင်း အဆိုပါ ဈေးကော်မတီထံမှ သိရှိရသည်။

နန်းဖာလုံဈေး တောင်ဘက်တံခါးပေါက်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံ နယ်စပ်အနီး မြန်မာဘက်ခြမ်းတွင် ဖောက်လုပ်ထားသည့် ပိတောက်လမ်းမှ နန်းဖာလုံဈေးသို့ ဝင်ရောက်သည့် တံခါးပေါက် ဖြစ်သည်။

“အဲ့ဒီလမ်းရဲ့ကပ်လျက် အိန္ဒိယနိုင်ငံထဲမှာကျတော့ လူမျိုးရေး ပဋိပက္ခက အမြဲတမ်း ဖြစ်နေတာ။ နန်းဖာလုံဈေးနဲ့ကလည်း လက်တစ်ကမ်းပဲ ရှိနေတာဆိုတော့ နန်းဖာလုံဈေးကို ထိခိုက်မှာစိုးလို့ ပိတ်ထားတာ” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

နန်းဖာလုံဈေးတွင် အိန္ဒိယနိုင်ငံသားများ ဝင်ရောက်ဈေးဝယ်နိုင်ရန် ဖွင့်ထားသည့် ဈေးအနောက်ဘက် နံပါတ် (၂) ဂိတ်ပေါက်၊ တမူးမြို့မှ လာရောက်၍ ဈေးအရောင်းအဝယ် ပြုလုပ်နိုင်သည့် ဈေးအရှေ့ဘက် နံပါတ်(၃) ဂိတ်ပေါက်၊ ဈေးတောင်ဘက်ဝင်ပေါက် ဂိတ်(၁) ဟူ၍ သုံးခုရှိသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ နန်းဖာလုံဈေးအတွင်းမှ ဈေးရောင်းသူ ဦးသိန်းအေးက “တောင်ဖက်တံခါး ပိတ်ထားတော့ ဈေးလာတဲ့သူတွေအတွက် ခက်တယ်ဗျာ။ ကားတွေ ဆိုင်ကယ်တွေ ဝင်ဖို့၊ ထွက်ဖို့ ခက်တယ်ဗျာ” ဟု မှတ်ချက်ပြု ပြောဆိုသည်။

နန်းဖာလုံဈေး တောင်ဘက်တံခါးပေါက် ပိတ်ထားရခြင်းနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၄ ရက်က နန်းဖာလုံဈေးကော်မတီ ရုံးခန်းတွင် တမူးမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူများ၊ ဈေးကော်မတီအဖွဲ့ တာဝန်ရှိသူများနှင့် ဈေးရောင်းဝယ်သူများ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဈေးသူ၊ ဈေးသားများ အနေနှင့် ဈေးတောင်ဘက်တံခါးကို ပြန်လည်ဖွင့်လှစ်လိုစေလိုပါက ခရိုင်အဆင့် တာဝန်ရှိသူများထံ တင်ပြပေးမည်ဟု မြို့နယ်ရဲမှူး ဦးခင်မောင်သန်းက ပြောကြားခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သည့် ဦးကျော်ဆန်းလင်းက ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ခုနှစ်အတွင်းက နန်းဖာလုံဈေးအတွင်း သေနတ်သမားတစ်ဦးက ပစ်ခတ်မှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး မူးယစ်ဆေးဝါးများ မကြာခဏ ဖမ်းဆီးရမိကြောင်း နန်းဖာလုံဈေး ကော်မတီထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်ရှိ နန်းဖာလုံဈေးကို တရားဝင်နယ်စပ်ဈေး အဖြစ် ၁၉၉၅-၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

R- 20

ဓာတ်ပုံ - Kyaw San Lin