News

POST TYPE

NEWS

တမူးနယ်စပ်တွင် ညမထွက်ရ အမိန့်ထုတ်
28-Jan-2017 tagged as တမူး အိန္ဒိယ

ကလေး၊ ဇန်နဝါရီ  ၂၈ 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ရှိ ပြည်သူများ လုံခြုံမှု ရှိစေရေးအတွက် ညနေ ၆ နာရီမှ နံနက် ၆ နာရီအကြား နယ်စပ်တစ်လျှောက်တွင် တွေ့ရှိသူများကို စစ်ဆေးဖမ်းဆီးထိန်းသိမ်းနိုင်သည့် ပုဒ်မ ၁၈၈ ထုတ်ပြန်ထားကြောင်း တမူးခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောကြားသည်။ 

တမူးခရိုင်နှင့် နယ်စပ် အိန္ဒိယဘက်ခြမ်းတွင် အိန္ဒိယ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ ရောက်ရှိနေသည်ဟူသည့် သတင်းရရှိခြင်း၊ တရားမဝင် နယ်စပ်လမ်းကြောင်းများမှ တစ်ဆင့် မြန်မာနိုင်ငံမှ စက်သုံးဆီ၊ သစ်နှင့် အခြားပစ္စည်းများကို ညအချိန်များတွင် ခိုးထုတ်နေခြင်းတို့ကြောင့် နယ်စပ်နေထိုင်သူများ လုံခြုံမှု ရှိစေရေးအတွက် ထုတ်ပြန်ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ 
“အိန္ဒိယဘက်ခြမ်းမှနေတဲ့ လက်နက်ကိုင်ထားတဲ့အဖွဲ့ ၁၄ ဖွဲ့ထဲက တစ်ဖွဲ့က ကျွန်တော်တို့ နယ်စပ်ကနေသွားရင်  နှစ်မိနစ် သုံးမိနစ်လောက်ပဲ သွားရင် ရောက်တဲ့နေရာမှာ လက်နက်ကိုင်ပြီး ဝင်လိုက်ထွက်လိုက် လှုပ်ရှားနေတာ ရှိတယ်ဆိုပြီး သတင်းရထားတယ်၊ ဒါကြောင့် ညဘက်တွေ သွားလာတဲ့အခါ ကိုယ့်ပြည်သူတွေ အန္တရာယ်ဖြစ်မှာစိုးလို့ ဒီအမိန့်ကို ထုတ်ထားမှန်း သိအောင် အသိပေးတာပါ” ဟု ခရိုင်အုပ်ချုပ်ရေမှူး ဦးသိန်းဇော်ဦးက ပြောကြားသည်။

တမူးမြို့သည် နယ်စပ်မြို့ ဖြစ်သော်လည်း အိန္ဒိယနိုင်ငံထဲသို့ ကူးသန်းသွားလာနေခြင်းမှာ တရားဝင် မဟုတ်ကြောင်း၊ ဂိတ်များမှာ သွားလာခြင်းမှာ နှစ်နိုင်ငံ သဘောတူညီမှုဖြင့် မဟုတ်ဘဲ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ နယ်စပ်ရှိ ခရိုင်အဆင့် အုပ်ချုပ်ရေးမှူးများ၏ သဘောတူညီမှုဖြင့်သာ သွားလာနေခြင်း ဖြစ်ကြောင်း၊ ယင်းသို့ သွားလာရာတွင် နေ့ခင်းအချိန်များတွင် လုံခြုံရေးအရ စိစစ်နိုင်သည့် အချိန်တွင်သာ သွားလာရန်  ခွင့်ပြုထားကြောင်း တမူးခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ 

“နေ့ဘက်အတွက် မဟုတ်ဘဲ ညဘက်အတွက် ထုတ်ပြန်ထားတာ ဖြစ်တဲ့အတွက် ကောင်းပါတယ်၊ တရားမဝင် ဂိတ်ပေါက်တွေကို အမှီပြုပြီး ဝင်ထွက်သွားလာမှုတွေ မရှိအောင် ထုတ်ပြန်တာဆိုတော့ လုပ်သင့်ပါတယ်၊ သေသေချာချာ စနစ်တကျလည်း လုပ်စေချင်တယ်” ဟု တမူးလူငယ်ကွန်ရက် အဖွဲ့ဝင် ဦးအောင်သူချမ်းက ပြောကြား သည်။

တမူးမြို့နယ်ရှိ  နယ်စပ်နန်းဖာလုံ ဈေး၊ မြို့ရှောင်လမ်း၊ ဗိုလ်နိုင်ဝင်းလမ်း ဟုခေါ်သည့် နယ်စပ်ဂိတ်အမှတ် (၁) မှ ဖြတ်ပြီး နယ်စပ်နန်းဖာလုံဈေးသို့ သွားသည့်လမ်း၊ တမူးမြို့ချောင်းနက်ကြီး ရပ်ကွက် စသည့် နယ်စပ်စည်း တစ်လျှောက်တွင် စစ်ဆေးမည် ဖြစ်ကြောင်း တမူးခရိုင် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောကြားသည်။

ယင်းကဲ့သို့ စစ်ဆေးမှုကြောင့် ဈေးအရောင်းအဝယ်ကို ထိခိုက်ခြင်း မရှိကြောင်း နန်းဖာလုံဈေးမှ ဈေးသူ၊ ဈေးသားများက ပြောကြားသည်။

R20