News

POST TYPE

NEWS

ဗြိတိန် မြန်မာ ဆက်ဆံရေး တိုးမြှင့်ခြင်း
ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဘောရစ်စ်ဂျွန်ဆင် The Voice အတွက် သီးသန့်ရေးသား ပေးပို့သည်။

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်  ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့ အချိန်ကစပြီး အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်လာခဲ့ပါတယ်။ အစိုးရသစ်က အချုပ်အခြာအာဏာကို အများမျှော်လင့်ထားတာထက် ပိုပြီး ချောချောမွေ့မွေ့ လက်လွှဲယူနိုင်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား ရာချီကိုလည်း လွှတ်ပေးခဲ့ပါတယ်။ လွှတ်တော်အတွက် ရွေးကောက်ထားတဲ့ ကိုယ်စားလှယ်သစ်တွေ အနေနဲ့ ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေတွေကို စတင်ဖျက်သိမ်းလာခဲ့ပါတယ်။

မြန်မာနိုင်ငံကို လာရောက်လည်ပတ်စဉ်အတွင်း ဒီအပြောင်းအလဲတွေကို ကျွန်တော့်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ပါတယ်။ ဘဝတစ်လျှောက်လုံး ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့ပြီးတဲ့နောက် ဒီမိုကရေစီ အခြေစိုက်နိုင်ရေးအတွက် စိန်ခေါ်မှုတွေကို ကြိုးစားကိုင်တွယ်နေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော် တွေ့ဆုံခဲ့ပါတယ်။ 

တစ်ချိန်က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို ပါဝင်ဆောင်ရွက်ခွင့်ရဖို့ အိပ်မက်ပဲ မက်ခဲ့ရပြီး ယခုအချိန်မှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ အခွင့်အရေး ရနေပြီ ဖြစ်တဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကဲ့သို့ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဥပဒေပြုရေး တာဝန်တွေနဲ့  မိမိတို့ရဲ့ မဲဆန္ဒနယ်တွေကို ကိုယ်စားပြုနိုင်ဖို့ နေ့မအား ညမနား ကြိုးစားနေတဲ့ လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ 

၂၀၁၅ ခုနှစ် အဲဒီနေ့ကစပြီး ဗြိတိန်နိုင်ငံမှာလည်း အပြောင်းအလဲတွေ အများကြီး ဖြစ်ပေါ်ခဲ့ပါတယ်။ လူထုမဲဆန္ဒခံယူပွဲ ပြုလုပ်ခဲ့ပြီး ဗြိတိန်ပြည်သူတွေက ဥရောပသမဂ္ဂမှ ခွဲထွက်ဖို့ မဲပေးရွေးချယ်ခဲ့ကြပါတယ်။

ဒါပေမဲ့ တော်တော်များများကတော့ အရင်အတိုင်းပဲ ရှိနေမှာပါ။ ခိုင်မာနက်ရှိုင်းတဲ့ ရှိရင်းစွဲ ခင်မင်ရင်းနှီးမှုမှ အစပြုပြီး ဗြိတိန်နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ တံခွန်စိုက်နိုင်ရေးကို ပံ့ပိုးထောက်ပံ့ကူညီပေးမယ် ဆိုတဲ့ ကတိကဝတ်တွေ အပါအဝင် ဖြစ်ပါတယ်။ 

ဗြိတိန်ဟာ ဥရောပသမဂ္ဂမှ ခွဲထွက်လိုက်မှုကြောင့် ပင်လယ်ရပ်ခြား နိုင်ငံခြားရေးရာ ဆောင်ရွက်ချက်တွေမှာ အားနည်းသွားမှာလားလို့ ကျွန်တော့်ကို ရံဖန်ရံခါ မေးမြန်းကြပါတယ်။ ကျွန်တော်ကတော့ ဒါရဲ့ ဆန့်ကျင်ဘက်က မှန်ပါတယ်လို့ ဖြေဆိုပါရစေ။

ကျွန်တော်အပါအဝင် ပြည်သူအများစုက ဥရောပသမဂ္ဂကနေ ခွဲထွက်ဖို့ မဲပေးတာက ကိုယ့်ပြည်တွင်းရေး အတွက်ကိုပဲ စဉ်းစားဖို့ မဟုတ်သလို နိုင်ငံခြားသားတွေကို မလိုလား မနှစ်သက်လို့ မဟုတ်ပါဘူး။ ဒီမိုကရေစီကို ယုံကြည်ပြီး ဗြိတိန်မှာ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ရဲ့ အခွင့်အာဏာကို တိုးမြှင့်လိုလို့ ဖြစ်ပါတယ်။

ဗြိတိန်နဲ့ မြန်မာနိုင်ငံ အနေနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ပညာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ မြန်မာနိုင်ငံကို ပံ့ပိုးကူညီဖို့ ပေါင် ၁၁၈ သန်း ပံ့ပိုးမှု အစီအစဉ်တွေအားဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပိုမိုခိုင်မြဲစေဖို့ ကြိုးစားနေကြတာကို ကျွန်တော် မြင်တွေ့ရပါတယ်။ 

ဒီမိုကရေစီ အပြောင်းအလဲကို အထောက်အကူပြုဖို့ ယူကေက ပံ့ပိုးပေးတဲ့ ပေါင် ၂၅ သန်း အစီအစဉ်ကြောင့် မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အကျိုးကျေးဇူးတွေ ရရှိနေတာကိုလည်း ကျွန်တော် မြင်တွေ့ရပါတယ်။ 

ထိခိုက်ပြိုကွဲလွယ်တယ်လို့ ကျွန်တော်ယူဆတဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ယူကေအနေနဲ့ ပံ့ပိုးကူညီပေးနေတယ် ဆိုတာကိုလည်း ကျွန်တော် ကြားသိပြီး ဖြစ်ပါတယ်။ ဤကာလအတွင်းမှာပဲ ဒေသန္တရအဆင့် ငြိမ်းချမ်းရေး တည်ဆောက်မှု အစီအစဉ်တွေကို ကျွန်တော်တို့ အနေနဲ့ တိုးမြှင့်ဆောင်ရွက်ပေးနေပြီး ပဋိပက္ခတွေကြောင့် သူတို့ရဲ့ မိခင်နယ်မြေတွေက ထွက်ပြေးတိမ်းရှောင်လာရသူတွေ၊ ထိခိုက်နစ်နာသူတွေကို ကျွန်တော်တို့ ပံ့ပိုးကူညီပေးနေပါတယ်။ 

ကျွန်တော်တို့ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အကူအညီက မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေကို ဘယ်လောက်အတိုင်းအတာအထိ အထောက်အပံ့ ဖြစ်စေလဲ ဆိုတာကိုလည်း မျက်မြင်တွေ့ပြီး ဖြစ်ပါတယ်။ ကော်ပိုရိတ် စီမံအုပ်ချုပ်မှု တိုးမြှင့်ခြင်း၊ ငွေကြေးဈေးကွက်များ ဖွင့်လှစ်ပေးခြင်းနဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ စွမ်းဆောင်ရည်မြှင့်တင်ခြင်း စတဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွေကို ပံ့ပိုးပေးနိုင်ဖို့ ဗြိတိန်ရဲ့ ကျွမ်းကျင်မှုတွေကို နေရာတကျ စီစဉ်ကမ်းလှမ်းပေးလျက် ရှိပါတယ်။

ပြည်သူ့ငွေကြေး စီမံခန့်ခွဲမှုကို ခိုင်မာအားကောင်းစေဖို့ အစိုးရကိုလည်း ပံ့ပိုးကူညီပေးလျက် ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်သူ့အသုံးစရိတ်အတွက် ထပ်တိုးအခွန်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် တိုးမြှင့်ကောက်ခံနိုင်ခဲ့ပါတယ်။ ဗြိတိန်က ပံ့ပိုးတဲ့ အစီအစဉ်တွေက မြန်မာအမျိုးသမီး ၂ သန်းခန့်ကို သူတို့တတ်နိုင်မယ့် သင့်တင့်တဲ့ ချေးငွေအစီအစဉ်တွေ ဖော်ဆောင်ပေးခြင်းဖြင့် ကိုယ်ပိုင်စီးပွားရေး ဦးတည်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ အခွင့်အလမ်း ပေးနိုင်ခဲ့ပါတယ်။ 

အခုအချိန်အခါက အခွင့်အလမ်းကောင်းတွေ အများကြီးရှိတဲ့အတွက် စိတ်လှုပ်ရှားစရာ အချိန်အခါပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံ အနေနဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေနဲ့ လူတိုင်းအခွင့်အလမ်းတွေကို ချဉ်းကပ်နိုင်အောင် ဆောင်ရွက်ပေးနိုင်မှုရဲ့ အရေးပါမှုတွေကိုလည်း ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဖြစ်နိုင်တဲ့ နေရာတိုင်းမှာ ဗြိတိန်အနေနဲ့ ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ပါတယ်။ 

ရခိုင်ပြည်နယ်ရဲ့ စိုးရိမ်စရာ အနေအထားနဲ့ ပတ်သက်ပြီး အောက်တိုဘာလက လုံခြုံရေး ဝန်ထမ်းတွေကို တိုက်ခိုက်ခဲ့မှု အတွက်လည်း ဝမ်းနည်းကြောင်း ပြောကြားလိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်တဲ့ စွပ်စွဲမှုတွေကို ဘက်မလိုက်ပဲ ပြည့်ပြည့်ဝဝ စုံစမ်းစစ်ဆေးခြင်းရဲ့ အရေးပါမှုနဲ့ လူသားချင်းစာနာထောက်ထားတဲ့ လုပ်ဆောင်မှုတွေ ဆောင်ရွက်နိုင်ဖို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်ရေးရဲ့ အရေးပါမှုတွေကိုလည်း အလေးပေး ပြောကြားလိုပါတယ်။ 

ဒီမိုကရေစီ ခေါင်းဆောင်မှု ပုံစံကို နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံး ပြောင်းလဲဖော်ဆောင်ရတာ ဖြစ်တဲ့အတွက် ဘယ်အစိုးရအတွက်မဆို စိန်ခေါ်မှုတွေ ကြုံရမှာ မလွဲမသွေပါပဲ။ စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေကလည်း ကြီးမားပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက နူးညံ့သိမ်မွေ့ပြီး တပ်မတော်အနေနဲ့ ဒီမိုကရေစီစနစ်မှာ သူ့ရဲ့ ကျရာအခန်းကဏ္ဍကို ဆောင်ရွက်ကာ အရပ်ဘက် အစိုးရအပေါ် အပြည့်အဝ တာဝန်ခံမှု၊ တာဝန်ယူမှု ပေးရမှာ ဖြစ်ပါတယ်။ 

ရန်ကုန်အထွေထွေဆေးရုံကြီးကို ကျွန်တော် သွားရောက်ခဲ့စဉ်က အရေးပေါ်စောင့်ရှောက်မှုကို တိုးတက်စေဖို့ ဗြိတိသျှဆေးရုံတွေက ရန်ကုန်က ဆေးရုံတွေနဲ့ လက်တွဲအလုပ်လုပ်ဖို့ ယူကေရဲ့ ရန်ပုံငွေက ဘယ်ပုံဘယ်နည်း ထောက်ကူပေးတယ် ဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။ နောက်ပြီး ကြီးကျယ်ခမ်းနားတဲ့ ဆေးရုံအဆောက်အအုံ မွမ်းမံပြင်ဆင်ရေးကို ယူကေရဲ့ ရန်ပုံငွေနဲ့ ဘယ်လိုပံ့ပိုးပေးနေတယ် ဆိုတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ 

စီးပွားရေးကို ထောက်ကူပေးတဲ့ ကာလရှည်ကြာ အတွေ့အကြုံတွေ၊ နည်းပညာ အထောက်အပံ့တွေနဲ့ ငွေကြေး တီထွင်ဖန်တီးဖော်ဆောင်မှုတွေ ယူဆောင်ပေးတဲ့ ယူကေစီးပွားရေး လုပ်ငန်းများနဲ့ လက်တွဲဆောင်ရွက်နေတဲ့ မြန်မာစီးပွားရေး လုပ်ငန်းတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း လှပတဲ့ မြန်မာနိုင်ငံရဲ့ အလားအလာ ကောင်းများစွာကို တွေ့ကြုံခွင့်ရခဲ့ပါတယ်။ အရှေ့တောင်အာရှမှာ တစ်ချိန်က အချမ်းသာဆုံးဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံကို စီးပွားရေး အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ပြန်လည်မြင်ယောင်လိုပါတယ်။ ဗြိတိသျှတွေကလည်း ဖြစ်နိုင်တဲ့ အကူအညီတွေ အားလုံး ပေးကြတာကို ကျွန်တော် မြင်ချင်ပါတယ်။