POST TYPE

NEWS

ဘရိတ်ဇစ်အတွက် ပါလီမန်တွင် မဲခွဲရမည်ဟု ဗြိတိန်တရားရုံးချုပ် စီရင်ချက်ချ
24-Jan-2017 tagged as ဗြိတိန်

လန်ဒန်၊ ဇန်နဝါရီ ၂၄

ဗြိတိန်အစိုးရ၏ ဥရောပသမဂ္ဂမှ ခွဲထွက်ရေး (ဘရိတ်ဇစ်- Brexit) လုပ်ငန်းစဉ် မစတင်မီ ပါလီမန်လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရမည်ဟု ဗြိတိန်တရားရုံးချုပ်က စီရင်ချက် ချခဲ့ကြောင်း CNN နှင့် BBC သတင်းများက ဖော်ပြသည်။

ယခုစီရင်ချက်ကြောင့် သမဂ္ဂ၏ လစ္စဘွန်း သဘောတူစာချုပ် ခွဲထွက်ခွင့် ပုဒ်မ ၅၀ ကို လာမည့် မတ်လကုန်တွင် အသုံးပြုပြီး ခွဲရေးလုပ်ငန်းစဉ်များ စတင်ရန် စီစဉ်ထားကြောင့် ဝန်ကြီးချုပ် ထရီဆာမေအတွက် အခြေအနေ ရှုပ်ထွေးသွားစေခဲ့သည်။ မူလအတိုင်း ဆိုလျှင်ပင် ခွဲရေးညှိနှိုင်းမှုများမှာ မတ်လကုန်မှစပြီး နောက်ထပ် ၂ နှစ်အထိ ကြာမြင့်နိုင်သည်။

ယခုအခါတွင်မူ ခွဲရေး အစီအမံများကို အောက်လွှတ်တော်သို့ ဦးစွာ တင်ပြရမည်ဖြစ်သောကြောင့် ဝန်ကြီးချုပ်မေ၏ မူလအချိန်ဇယား နှောင့်နှေးသွားဖွယ် ရှိသည်။ နိုဝင်ဘာလအတွင်း အထက်ရုံးက လွှတ်တော်သို့ ဦးစွာတင်ရန် စီရင်ချက်ချခဲ့ပြီးနောက် အစိုးရက တရားရုံးချုပ်သို့ အယူခံ ဝင်ခဲ့ရာတွင် ထပ်မံ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရပါက လူထု ဆန္ဒခံယူပွဲ ရလဒ်အတိုင်း ခွဲရေးကို လက်ခံမည်ဟု အမတ်အများစုက ပြောကြားထားသော်လည်း ခွဲထွက်မည့်ပုံစံ၊ ဥရောပ သမဂ္ဂနှင့် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုများနှင့် ပတ်သက်ပြီး ဝန်ကြီးချုပ် မေအစိုးရ၏ အစီအစဉ်များကို ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ဖွယ် ရှိနေသည်။

F-01