News

POST TYPE

NEWS

ကမ္ဘောဇဘဏ်နှင့် VISA တို့ ပူးပေါင်း၍ ခရက်ဒစ်ကတ်အသစ် ထုတ်မည်
13-Jan-2017 tagged as KBZ

ရန်ကုန်၊ ဇန်နဝါရီ ၁၂

ကမ္ဘောဇဘဏ်နှင့် အမေရိက အီလက်ထရွန်နစ် ငွေပေးချေမှုဆိုင်ရာ နည်းပညာ ကုမ္ပဏီ Visa တို့ ပူးပေါင်းပြီး နိုင်ငံတကာသုံး ခရက်ဒစ်ကတ် (International Credit Card) အသစ် ထပ်မံထုတ်လုပ်မည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းအောင်က ပြောကြားသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ဇန်နဝါရီလ ၁၁ ရက်နေ့တွင် International Credit Card များကို မြန်မာကျပ်ငွေဖြင့် ပြည်တွင်း၊ ပြည်ပ ငွေပေးချေမှုများကို ခွင့်ပြုလိုက်ခြင်းကြောင့် ကမ္ဘောဇဘဏ်က Visa ကုမ္ပဏီနှင့် ပူးပေါင်းကာ မြန်မာကျပ်ငွေဖြင့် ငွေပေးချေနိုင်မည့် ကတ်အသစ် ထုတ်လုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

“အခုကတ်နဲ့ အရင်ကကတ်တွေနဲ့ ဘာကွာလဲဆိုတော့ အရင်က International Card တွေက ဒေါ်လာနဲ့ပဲ ရှင်းရတာ။ အခုက ပြည်တွင်းမှာသုံးရင် ကျပ်နဲ့ပေးရမယ်။ နိုင်ငံခြားမှာ ဆိုရင်လည်း သူ့နိုင်ငံအလိုက် ငွေကြေးနဲ့ပဲ ရှင်းရတော့မယ်” ဟု ၎င်းက ဆိုသည်။

လတ်တလောတွင် အဆိုပါ ကတ်အသစ် ထပ်မံထုတ်လုပ်မည့် အသေးစိတ် အချက်အလက်များကို မထုတ်ပြန်နိုင်သေးသော်လည်း မကြာမီ ထုတ်ပြန်ကြေညာမည် ဖြစ်ကြောင်း ကမ္ဘောဇဘဏ်ထံမှ သိရသည်။

“ငွေစက္ကူကို အခြေခံတဲ့ စီးပွားရေးကနေ ဒစ်ဂျစ်တယ် စီးပွားရေးဆီကို အလျင်အမြန် ပြောင်းလဲနိုင်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူ ဖြစ်နိုင်မှာပါ” ဟု Visa ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Mr. Arturo Planell က ပြောကြားသည်။

လက်ရှိအချိန်တွင် ကမ္ဘောဇဘဏ်က ကြိုတင်ငွေဖြည့်သွင်းသည့် Prepaid Card၊ Debit Card နှင့် အကြွေးဝယ်ကတ် (Credit Card) များကို ထုတ်ထားပြီး တရုတ်နိုင်ငံ အခြေစိုက်UPI၊ ဂျပန်နိုင်ငံမှ JCB ကုမ္ပဏီများနှင့် ပူးပေါင်း၍လည်း အီလက်ထရွန်နစ် ကတ်စနစ်များ ဝန်ဆောင်မှုပေးလျက် ရှိသည်။  

J-01